ဂဏန်းဗေဒင်လစဉ်ဟောကိန်း (နိုဝင်ဘာ၊ ၂၀၂၁)

အင်္ဂလိပ်လို မွေးဖွားတဲ့ရက်အလိုက် ဒီလအတွက် ဂဏန်းဗေဒင်ဟောကိန်းကို တင်ပြပေးလိုက်ပါတယ်။ အားလုံး အသုံးတည့် အကျိုးရှိစေဖို့ မျှော်လင့်ပါတယ်။

(၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ တွင် မွေးဖွားသူများ) – ကံကောင်းမယ့်လ ဖြစ်တယ်။ ရစရာတွေ ဝင်လာမယ်။ ယာဉ်၊ ကား ဝင်ကိန်း ရှိတယ်။ လုပ်ငန်းရှင်တွေအဖို့ အကျိုးအမြတ်ကောင်းမယ့်လ ဖြစ်သလို ဝန်ထမ်းတွေလည်း နေရာရပြီး အခွင့်ထူးခံရလိမ့်မယ်။ အလုပ်ရှာနေရင် ရမယ်။ မေတ္တာရေးတော့ နည်းနည်း ညံ့မယ်။ ကျန်းမာရေး ဂရုစိုက်ပါ။

(၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ တွင် မွေးဖွားသူများ)  – အတွေးသစ်၊ အကြံသစ်တွေ ပေါ်လာမယ်။ ပထမဝက်လအတွင်းမှာ စီးပွားကံကောင်းပေမဲ့ လဝက်ကျော်ရင် ညံ့သွားနိုင်တယ်။ လုပ်ငန်းခွင်မှာ အကူအညီ၊ မြှောက်စားမှုတွေ ရမယ်။ သင်တန်း၊ ပညာကိစ္စတွေ ကောင်းမွန်လာမယ်။ နှလုံးသားရေးမှာ ပျော်ရွှင်ရမယ်။ ဘေးအကူအညီတွေ ရရှိမယ်။

(၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ တွင် မွေးဖွားသူများ) –  လူမှုပေါင်းသင်းဆက်ဆံရေးကနေ အကျိုးအမြတ် ရမယ်။ အာဏာရှိ သြဇာကြီးသူတွေက ကူညီလာမယ်။ မမျှော်လင့်တဲ့ ပြဿနာလေးတွေ ကြုံတတ်ပေမဲ့ ကျော်ဖြတ်သွားနိုင်မယ်။ ကုန်သည်စီးပွားသမားတွေ ကံကောင်းမယ်။ လနှောင်းပိုင်းမှာ မေတ္တာရေးကံ ညံ့မယ်။ အစာအိမ် သတိပြုရမယ်။

(၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ တွင် မွေးဖွားသူများ) –  ဘဝအတွက် အရေးပါတဲ့ဆုံးဖြတ်ချက်တွေ ချရမယ်။ ဘဝလမ်းသစ် စတင်ရတတ်တယ်။ ငွေကြေးနဲ့အလုပ်က ပြဿနာတွေကို ဖြေရှင်းနိုင်မယ်။ မေတ္တာရေး မှာ ကံကောင်းလာမယ်။ နေရာဌာန ရွှေ့ပြောင်းရကိန်း ရှိတယ်။ ကာလရှည်ကြာအလုပ်တွေ လက်စသတ်မယ်။ မျက်စိကို ဂရုစိုက်ရမယ်။

(၅ ၊ ၁၄ ၊ ၂၃ တွင် မွေးဖွားသူများ) – ရည်မှန်းချက်တွေ ပြည့်ဝလာမယ်။ အလုပ်မှာ ဘက်ပေါင်းစုံကနေ ဖိအား ဝင်လာတတ်ပေမယ့် ကိုင်တွယ်ဖြေရှင်းနိုင်မယ်။ အစိုးရဝန်ထမ်းတွေ နေရာပြောင်း၊ ရာထူးတိုး ဖြစ်တတ်တယ်။ အဆက်အသွယ်ကောင်းတွေ ရရှိမယ်။ လနှောင်းပိုင်းမှာ အလုပ်ကောင်းမယ်။ ကျန်းမာရေး အညံ့ ရှိတတ်တယ်။

(၆ ၊ ၁၅ ၊ ၂၄ တွင် မွေးဖွားသူများ)  – အကြံအစည်သစ်တွေ ရလာပြီး လုပ်ရည်ကိုင်ရည်တွေ တိုးတက်လာမယ်။ လလယ်ကနေ လကုန်ပိုင်းအထိ အလုပ်အကိုင်တွေ ကောင်းမယ်။ သူတပါးရဲ့ စကားတွေကြောင့် စိတ်ညစ်စရာ ဖြစ်တတ်ပေမဲ့ အချိန်တန်ရင် ပြီးသွားလိမ့်မယ်။ မေတ္တာရေး အေးချမ်းမယ်။ ကူးစက်ရောဂါတော့ သတိပြုရမယ်။

(၇ ၊ ၁၆ ၊ ၂၅ တွင် မွေးဖွားသူများ) – ဘေးလူတွေ အံ့အားသင့်လောက်တဲ့ကိစ္စတွေ လုပ်ပြနိုင်မယ်။ အထီးကျန် နေလိုစိတ် များနေတတ်တယ်။ ဒီလထဲမှာ ထူးခြားတဲ့လူစိမ်းနဲ့ ဆုံဆည်းရမယ်။ နောင်တချိန်မှာ အရေးပါလှတဲ့ လူမျိုး ဖြစ်လာလိမ့်မယ်။ ဒီလ နောက်ဆုံး ၁၀ ရက်မှာ အချစ်ရေး၊ အိမ်ထောင်ရေး ပြဿနာတွေ ပေါ်လာမယ်။

(၈ ၊ ၁၇ ၊ ၂၆ တွင် မွေးဖွားသူများ) – အရင်လက မကျေမနပ် ဒေါသထွက်စရာတွေ ဒီလထဲမှာ ပြေငြိမ်းမှုရမယ်။ မပြီးမပြတ် ဖြစ်နေတဲ့အလုပ်ကိစ္စတွေ လက်စရှင်းနိုင်မယ်။ ဘာသာရေးအလုပ်တွေ ပိုလုပ်ဖြစ်မယ်။ ငွေကြေးကံ ထူးခြားပြီး ရလမ်းသစ် ပွင့်လာမယ်။ ဒါပေမဲ့ အပေးအယူ သတိပြုပါ။ မိသားစုအရေး ပူပန်စရာတွေ ရှိလာမယ်။

(၉ ၊ ၁၈ ၊ ၂၇ တွင် မွေးဖွားသူများ) –  လုပ်ငန်းစီးပွား ကံကောင်းမယ်။ လကုန်ပိုင်းမှာ ပိုပြီးတော့ အကျိုးအမြတ် ရတတ်တယ်။ နှလုံးသားရေးမှာ တတိလူကြောင့် ပြဿနာ ရှိနိုင်တယ်။ အလုပ်ရှာနေသူတွေ လလယ်ပိုင်းထဲမှာ အဆင်ပြေသွားတတ်တယ်။ မမျှော်လင့်တာလေးတွေ ဖြစ်မယ်။ ဝမ်းဗိုက်ပိုင်းကျန်းမာရေး သတိထားရလိမ့်မယ်။ မွေးရက်ဂဏန်းအားလုံး ဘေးကင်းကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)