၂၀၂၂ ခုနှစ်အတွက် မွေးရက်ဂဏန်းဗေဒင်ဟောကိန်း

၂၀၂၂ ခုနှစ်မှာ ကိုယ့်ရဲ့အင်္ဂလိပ်လို မွေးရက်အလိုက် ဘာတွေ ဖြစ်ပျက်ကြုံတွေ့လာနိုင်သလဲ ဆိုတာကို ဂဏန်းဗေဒင်ရှုထောင့်ကနေ ကြိုတင်ဟောကိန်းထုတ် ဖော်ပြပေးလိုက်ပါတယ်။

(၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ တွင် မွေးဖွားသူများ)

အစားမှားလို့ ဗိုက်နာတာမျိုး ဖြစ်မယ်။ နှလုံးရောဂါအခံရှိရင် သတိပြုရမယ်။ မျက်စိနဲ့ ဦးခေါင်းပိုင်းဝေဒနာလည်း ဂရုစိုက်ရမယ်။ လုပ်ငန်းစီးပွား ကံကောင်းမယ့်နှစ် ဖြစ်တယ်။ အလုပ်အသစ်၊ ပတ်ဝန်းကျင်အသစ် ပေါ်လာမယ်။ အရင်က ငွေကြေးပြဿနာတွေ ဒီနှစ်မှာ ပြေလည်မယ်။ လူပျိုလူလွတ်တွေ စန်းပွင့်မယ်။ဖူးစာဖက်နဲ့ ဆုံလိမ့်မယ်။ စုံတွဲနဲ့ အိမ်ထောင်ရှင်တွေကတော့ သည်းခံညှိနှိုင်းဖို့ လိုမယ်။ အိမ်ထောင်ပြုလိုသူတွေ လိုအင်ဆန္ဒနဲ့ ပြည့်ဝမယ်။

(၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ တွင် မွေးဖွားသူများ)

ကျန်းမာရေးအကောင်းအဆိုး ရောထွေးမယ်။ အသည်း၊ အဆုတ်နဲ့ မျက်စိဝေဒနာမျိုး ရှိရင် သေချာ ကုသရမယ်။ စိတ်ဖိစီးလို့ ပင်ပန်းလို့ လူပါ ထိတတ်တယ်။ အလုပ်မှာ အဆင်ပြေနိုင်ပေမယ့် ခံစားချက်တွေ များနေလို့ ပြဿနာ ဖြစ်တတ်တယ်။ လုပ်ငန်းအခွင့်အလမ်းသစ် ပေါ်မယ်။ ရာထူးတိုးမယ်။ ငွေကြေးကံကောင်းပေမယ့် အသုံးအဖြုန်း များလို့ ပြန်ကုန်လွယ်မယ်။ မေတ္တာရေးလည်း အေးချမ်းမယ်။ လိုအင်ပြည့်ပြီး လက်ထပ်မင်္ဂလာ ပြုရတတ်တယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ တွင် မွေးဖွားသူများ)

အသည်းနဲ့ အစာအိမ်ပိုင်း ဂရုစိုက်ရမယ်။ ကျန်းမာရေး နည်းနည်း ညံ့နိုင်တယ်။ အစားအသောက် ဆင်ခြင်ရမယ်။ အလုပ်မှာ နေရာကောင်း၊နာမည်ကောင်းတွေ ရတတ်တယ်။ အပြောင်းအလဲတွေလည်း ပေါ်ပေါက်လာနိုင်တယ်။ အကျိုးတူစပ်တူကိစ္စတွေမှာတော့ မကျေလည်စရာ ဖြစ်မယ်။ မနှစ်ကထက် ငွေကြေးကံ ပိုကောင်းမယ်။ ကြွေးမြီ အချေးအငှားတွေ ပြေလည်မှု ရမယ်။ နှလုံးသားရေး စန်းထ ကံကောင်းမယ်။ လက်တွဲဖော်ရဲ့အကူအညီ ရမယ်။

(၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ တွင် မွေးဖွားသူများ)

အလုပ်များလွန်းလို့ ကျန်းမာရေးကို ပစ်ပယ်မိသလို ဖြစ်ပြီး ဖျားနာတတ်တယ်။ အစားမှန်အအိပ်မှန် အနားယူပြီး အရက်၊ ဆေးလိပ်တွေ လျှော့သင့်တယ်။ ဒီနှစ်မှာ အလုပ်နဲ့ပတ်သက်လို့ သတိထားနိုင်ပါမှ အဆင်ပြေရုံရှိမယ်။ နမော်နမဲ့ လုပ်ရာက ဆုံးရှုံးတတ်တယ်။ အမှားအမှန် မခွဲခြားနိုင်လို့ နစ်နာမယ်။ အင်တိုက်အားတိုက် လုပ်နိုင်မှပဲ တော်ရုံကျလိမ့်မယ်။ ငွေကုန်ကြေးကျ များပြီး ကြွေးတင်တတ်တယ်။ မေတ္တာရေးလည်း  အဆင်မပြေ ဖြစ်မယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၅ ၊ ၁၄ ၊ ၂၃ တွင် မွေးဖွားသူများ)

ကျန်းမာရေး ဂရုစိုက်ရမယ့်နှစ်ဖြစ်ပြီး ဆီးချို၊ အရေပြား စတာတွေမှာ အားနည်းတတ်တယ်။ စိတ်ဖိစီးမှုကြောင့်ပါ လူကို ထိခိုက်နိုင်တယ်။ လေ့ကျင့်ခန်းတွေ လုပ်သင့်တယ်။ အလုပ်ကံဇာတာ ကောင်းပေမယ့် ကိုယ့်ကို လိမ်ညာ လှည့်ဖျားသူတွေနဲ့ ကြုံရတတ်တယ်။ ဘယ်အရာမဆို မပေါ့ဆဖို့ လိုမယ်။ ငွေအသုံးအစွဲ လက်ဖွာမိလို့ စုဆောင်း သိုမှီးနိုင်စွမ်း နည်းနေမယ်။ နှလုံးသားရေးမှာ နားလည်မှု လွဲတတ်တယ်။ အချိန်ပေးနိုင်ဖို့ နားလည်ဖို့ လိုလာမယ်။

(၆ ၊ ၁၅ ၊ ၂၄ တွင် မွေးဖွားသူများ)

အရင်နှစ်တွေထက် ပိုပြီး ကျန်းမာရွှင်လန်းလာမယ်။ ဒါပေမယ့် သွားသတိစားသတိတော့ ရှိရမယ်။ မတော်တဆ ဖြစ်တတ်တယ်။ လုပ်ငန်းစီးပွားကံတွေ အားကောင်းမယ်။ အလုပ်ရှာနေသူတွေ အလွယ်တကူ ရမယ်။ ဝင်ငွေနဲ့ အမြတ်အစွန်းတွေ တိုးပွားလာမယ်။ ကြိုးစားအားထုတ်လေ အောင်မြင်လေ ဖြစ်မယ်။ မနှစ်က ရပ်နားထားခဲ့တဲ့ အလုပ်တွေ ပြန်စနိုင်မယ်။ ယာဉ်ဝယ်ချင်သူတွေ ဆန္ဒပြည့်မယ်။ မေတ္တာရေးကံကတော့ အကောင်းဆုံးဖြစ်မယ်။

(၇ ၊ ၁၆ ၊ ၂၅ တွင် မွေးဖွားသူများ)

ကျန်းမာရေး ချူချာတတ်တဲ့နှစ် ဖြစ်တယ်။ စိတ်ရောလူပါ ပင်ပန်းမှု များမယ်။ အာရုံကြောနဲ့ အစာအိမ်ပိုင်းတွေမှာ ပိုဂရုစိုက်ရမယ်။ အလုပ်ကံဇာတာ ကောင်းမယ်။ ရပ်ဝေးမြေခြားကနေ အခွင့်အလမ်းသစ်တွေ ပေါ်လာလိမ့်မယ်။ အလုပ်သစ် ရှာနေသူ၊ အလုပ်ပြောင်းချင်သူတွေ အဆင်ပြေမယ်။ ငွေကြေးကံကောင်းနိုင်ပေမယ့် တစ်ခုခုလုပ်ပြီ ဆိုရင် တိုင်ပင်နှီးနှောပြီး လုပ်ပါ။ နှလုံးသားရေး ကံခေတတ်တယ်။ မိသားစုထဲမှာ စိတ်ညစ်စရာတွေ များမယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၈ ၊ ၁၇ ၊ ၂၆ တွင် မွေးဖွားသူများ)

ဦးနှောက်အာရုံကြော၊ မျက်စိပိုင်း ဝေဒနာတွေ ဖြစ်လာနိုင်သလို အလုပ်များလွန်းလို့လည်း ကျန်းမာရေးပိုင်းကို လျစ်လျူရှုမိမယ်။ အအိပ်အစား မမှန် ဖြစ်တတ်တယ်။ တစ်နှစ်ပတ်လုံးမှာ ရုန်းကန်ကြိုးပမ်းမှုတွေ ပြည့်နေမယ်။ ဘာကိုမှ အချောင်မရနိုင်လို့ ကြိုးစားနိုင်မှ တန်ကာကျမယ်။ နိုင်ငံရပ်ခြားနဲ့ဆက်စပ်တဲ့အလုပ်တွေ ကောင်းမယ်။ ငွေကြေးကိစ္စ ညံ့နိုင်တယ်။ ကြွေးတင်တတ်တယ်။ အလုပ်စီးပွားအာရုံစိုက်လွန်းလို့ မေတ္တာရေး ပျက်ကွက်မယ်။

(၉ ၊ ၁၈ ၊ ၂၇ တွင် မွေးဖွားသူများ)

အစာအိမ်နဲ့သွေးသားပိုင်းမှာ အားနည်းချက် ရှိတတ်တာကလွဲလို့ အများအားဖြင့် ကျန်းမာရေး ကောင်းလိမ့်မယ်။ အလုပ်သစ်အကြံသစ်တွေ အကောင်အထည်ဖော်နိုင်မယ်။ စပ်တူအကျိုးစီးပွားကိစ္စမှာ အငြင်းပွားစရာ ပေါ်မယ်။ လုပ်ငန်းကိစ္စ ခရီးတွေလည်း များလာမယ်။ ကြိုးစားလေ ထူးခြားလေ ဖြစ်မယ်။ ဝင်ငွေကောင်းပေမယ့် ထွက်ငွေ များလာမယ်။ ငွေအပေးအယူအချေးအငှား သတိထားရမယ်။ မေတ္တာရေးမှာ အေးချမ်းမှုတွေ ပိုရလာလိမ့်မယ်။

မွေးရက်ဂဏန်းအားလုံး နှစ်သစ်မှာ ကံကောင်းကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)