ဂျူပီတာနဲ့ စေတန်တို့ရဲ့ ကြုံတောင့်ကြုံခဲ ဂြိုဟ်စစ်ထိုးပွဲ

အတိသုခ ကောင်ကျိုးချမ်းသာကို အပြည့်အဝ ပေးစွမ်းတတ်တဲ့ ကြာသပတေးဂြိုဟ် (ဂျူပီတာ) နဲ့ ဆင်းရဲဒုက္ခ သောကဗျာပါဒတွေကို ပေးတဲ့ စနေဂြိုဟ် (စနေ) ဟာ လာမယ့် ဒီဇင်ဘာ ၂၁ ရက်မှာ နှစ်ပေါင်း ၄၀၀ အတွင်း အနီးကပ်ဆုံးအနေအထားနဲ့ မကာရရာသီခွင်ထဲမှာ ပူးယှဉ်လာတော့မှာ ဖြစ်ပါတယ်။

ဂျူပီတာဟာ နေကို တစ်ပတ်ပတ်ဖို့ ၁၂ နှစ် ကြာပြီး စေတန်ကတော့ နှစ် ၃၀ နီးပါးလောက် ကြာလေ့ရှိပါတယ်။ ကမ္ဘာကနေ အမြင်အရ ဒီဂြိုဟ်နှစ်လုံးဟာ နှစ် ၂၀ ကို တစ်ကြိမ် ပူးကပ်လေ့ ရှိပေမယ့် လာမယ့် ၂၁ ရက်နေ့ ပူးယှဉ်မှုလို အနီးကပ်ဆုံး ဖြစ်တာမျိုးကတော့ ကြုံတောင့်ကြုံခဲ အဖြစ်အပျက်ပါပဲ။ နက္ခတ်ဗေဒင်ပညာမှာ အခုလို ဂြိုဟ်ပူးတဲ့ဖြစ်စဉ်မျိုးကို ဂြိုဟ်စစ်ထိုးတယ်လို့ ခေါ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဒီရက်ပိုင်းမှာ အဲဒီဂြိုဟ်နှစ်လုံးကို အနောက် (တောင်) ဘက်ယွန်း ကောင်းကင်ယံမှာ နေဝင်ပြီးကနေ ည ၉ နာရီ ဝန်းကျင်လောက်အထိ သာမန်မျက်စိနဲ့တင် မြင်တွေ့နိုင်ပါတယ်။ အောက်ဖော်ပြပါပုံမှာ လေ့လာကြည့်ကြည့်ပါ။

လာမယ့် ဒီဇင်ဘာ ၂၁ ရက်ညပိုင်းမှာတော့ ဂျူပီတာ-စေတန် ဂြိုဟ်ကြီးနှစ်လုံးဟာ အောက်ဖော်ပြပါပုံအတိုင်း အနီးကပ်ဆုံး ပူးယှဉ်လာမှာ ဖြစ်ပြီး ဂြိုဟ်စစ်ထိုးပွဲတစ်ခု ဖြစ်လာပါလိမ့်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အရှေ့တိုင်းနက္ခတ်ဗေဒင်မှာ အင်မတန်မှ အရေးပါတဲ့ သောမဂြိုဟ် (ကြာသပတေး) နဲ့ ပါပဂြိုဟ် (စနေ) တို့ရဲ့ သမိုင်းဝင်ပူးယှဉ်မှု (ဂြိုဟ်စစ်ထိုးပွဲ) မှာ ရာသီခွင်ရဲ့ သခင်ဂြိုဟ်လည်း ဖြစ်၊ ဂြိုဟ်ပေဂြိုဟ်တေလို့လည်း ခေါ်တဲ့ စနေက အနိုင်ရမယ်လို့ တွက်ချက် ယူဆတာတွေ ရှိပါတယ်။ ကြာသပတေးအတွက် မကာရရာသီမှာ နိစ်အဖြစ် အားနည်းတဲ့ ရာသီခွင်ဖြစ်လို့ ကြာသပတေး စစ်ရှုံးမယ်လို့ ယူဆကြတာ ဖြစ်ပါတယ်။

ရှေးဟောင်းနက္ခတ်ပညာကျမ်းတွေမှာ ကြာသပတေး-စနေ ဂြိုဟ်နှစ်လုံး တစ်ရာသီတည်းမှာ ပူးယှဉ်လာတဲ့အခါ “သတ္တဝါတို့သည် သေကြေပျက်စီးလေကုန်အံ့၊ ဆန်စပါး ရှားပါးအံ့” လို့ ဖော်ပြထားပါတယ်။ အဲဒီအဟောတိုင်း တထစ်ချ ဖြစ်လာမယ်လို့ ပြောမရပေမယ့် သတိထား နေထိုင်ကြဖို့နဲ့ ရတနာမြတ်သုံးပါးကို ဆည်းကပ်ကြဖို့ကို အလေးအနက် တိုက်တွန်းလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဂြိုဟ်နှစ်လုံး ပူးယှဉ်မှုဟာ လောကီစီးပွားထက် လောကုတ္တရာကို အားပေးတဲ့အတွက် ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အနောက်တိုင်းနက္ခတ်ဗေဒင်မှာတော့ ဂျူပီတာ-စေတန်ဟာ ကုမ်ရာသီမှာ ပူးယှဉ်ကြမှာ ဖြစ်ပြီး သူတို့အယူအဆ တချို့မှာ ဒီနှစ် မတ်လ ကိုဗစ်ကပ်ရောဂါ စတင်ချိန်က အခြေအနေမျိုးကို ရည်ညွှန်းထားပြီး မပေါ့မဆနဲ့ ဆက်ပြီး ဂရုစိုက်ကြဖို့ ဆော်သြထားပါတယ်။ Lockdown တွေ၊ ကန့်သတ်ပိတ်ဆို့မှုပေါင်းစုံတွေကနေ တဖြည်းဖြည်း ပြန် ရုန်းထလာနိုင်ဖို့ကိုလည်း မျှော်လင့်ရတဲ့အတွက် သည်းခံစိတ်ရှည်ကြဖို့ကို အကြံပြုကြပါတယ်။

ဒါ့အပြင် အခုလို ဂြိုဟ်ကြီးနှစ်လုံး ထပ်တူနီးပါးပူးယှဉ်မှုကြောင့် မထင်မှတ်တဲ့ သမိုင်းဝင်အဖြစ်အပျက်တွေလည်း ပေါ်လာမယ်လို့ ဟောကိန်းထုတ်ထားကြပါတယ်။  ဘာပဲဖြစ်ဖြစ် အတိအကျ ကြိုမသိနိုင်တဲ့ အနာဂတ်တွေကို ရင်ဆိုင်ဖို့အတွက် ကိုယ့်ဘက်က ပြင်ဆင်မှုတွေ လုပ်ထားဖို့ လိုအပ်သလို ကိုးကွယ်ရာဘာသာတရားကိုလည်း ကိုင်းရှိုင်းလိုက်နာ ကျင့်သုံးကြဖို့ နှိုးဆော်လိုက်ရပါတယ်။ ဧက – ဗေဒင်သုတ

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)