ဆိုးကောင်း တွဲယှဉ် ဂဏန်းဗေဒင်

အနောက်တိုင်းဂဏန်းဗေဒင်ပညာမှာ မွေးရက်အလိုက် တွက်ချက်ဟောပြောတဲ့ စရိုက်သဘာဝတွေကို အကောင်းချည်း ဖော်ပြလေ့ ရှိတာ တွေ့ကြမှာပါ။ တကယ်တမ်းမှာ အလင်းနဲ့အမှောင်  ယှဉ်တွဲနေသလို အကောင်းနဲ့အဆိုးကလည်း ဒွန်တွဲ ဖြစ်တည်နေတာမို့ မွေးဖွားရာ ရက်အလိုက် စရိုက်သဘာဝတွေမှာ ကောင်းတဲ့ဘက်နဲ့ ဆိုးတဲ့ဘက် ဆိုပြီး နှစ်ပိုင်း ဖြစ်တည်နေမှာလည်း အသေချာပါပဲ။ ဒီနေရာမှာတော့ ကိုယ်မွေးတဲ့ အင်္ဂလိပ်ရက်အလိုက် အကောင်း၊ အဆိုးစရိုက်တွေကို ဗေဒင်သုတအဖြစ် မှတ်သားနိုင်ဖို့ တင်ပြလိုက်ရပါတယ်။

(၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ရက်တွင် မွေးဖွားသူများ) – စိတ်ဓာတ် ခိုင်မာတည်ကြည်ပြီး ဦးဆောင်နိုင်စွမ်း ရှိတဲ့ ရည်မှန်းချက် ကြီးမြင့်တဲ့၊ တီထွင်ဖန်တီးနိုင်တဲ့ ၊ လွတ်လပ်မှုကို မြတ်နိုးတဲ့  အရည်အချင်းကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် တစ်ဖက်မှာတော့ သူတပါးအပေါ် လွှမ်းမိုးချင်တာ၊ သြဇာပေး အာဏာပြချင်တာ၊ တစ်ကိုယ်ကောင်း ဆန်တာ၊ အနိုင်ကျင့်ချင်တာတွေကတော့ သတိပြုရမယ့် အချက်တွေ ဖြစ်ပါတယ်။

(၂၊ ၁၁ ၊ ၂၀ ၊ ၂၉ ရက်တွင် မွေးဖွားသူများ) – စိတ်နေစိတ်ထား အေးချမ်းပြီး လူတွေနဲ့ ဆက်ဆံရာမှာ အဆင်ပြေ ချောမွေ့သူ ၊ စိတ်ကူးစိတ်သန်း သိပ်ကောင်းသူ ၊ အများရဲ့ အမြင်မှာ ချစ်ခင်နှစ်လိုဖွယ်ရာ ကောင်းသူတွေ ဖြစ်ပေမယ့် ဆိုးတဲ့ဘက်မှာတော့ စိတ် ဂဏှာမငြိမ်သူ ၊ အပြောင်းအလဲ သိပ်မြန်သူ၊ စိတ်ကူးကို လက်တွေ့ မလုပ်ပြနိုင်သူ ၊ မလိုအပ်ဘဲ အရှက်အကြောက်ကြီးသူတွေ ဖြစ်နေပြန်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၃၊ ၁၂ ၊ ၂၁ ၊ ၃၀ ရက်တွင် မွေးဖွားသူများ) – ကိုယ့်စည်းကိုယ့်ကမ်းနဲ့ နေတတ်ပြီး ရည်မှန်းချက်လည်း မြင့်တဲ့ ၊ အကောင်းမြင်စိတ် ရှိပြီး ပျော်ပျော်လည်း နေတတ်တဲ့၊ အစဉ်အလာကို လိုက်နာကျင့်သုံးကြတဲ့ လူကောင်းတွေ ဖြစ်ပေမယ့် ရှိတာထက် ပို ကြွားတတ်တာ၊ အသုံးအဖြုန်း လွယ်တာ၊ နေရာတကာမှာ စာအုပ်ကြီးအတိုင်း လုပ်တတ်လို့ အများနဲ့ အဆင်မပြေ ဖြစ်တတ်တာကိုတော့ သတိထားရပါလိမ့်မယ်။

(၄၊ ၁၃ ၊ ၂၂ ၊ ၃၁ ရက်တွင် မွေးဖွားသူများ) – မွေးရာပါအစွမ်းအစ ရှိကြပြီး ဘဝကို လက်တွေ့ကျကျပဲ ရှုမြင်ကြတဲ့ ၊ စည်းကမ်းတကျနဲ့ ကြိုးစားအားထုတ်တတ်တဲ့ ၊ ဇွဲလုံ့လနဲ့ ပြည့်စုံတဲ့ ၊ ဉာဏ်ကောင်းကြတဲ့ သူတွေ ဖြစ်သလို တစ်ဖက်မှာလည်း ငါ့မြင်းငါစိုင်း လုပ်ချင်ရာ လုပ်တတ်တဲ့၊ ကန့်လန့်တိုက် ဘုကျတဲ့ ၊ ခေါင်းမာတယူသန်တဲ့ ၊ လွတ်လပ်မှုကို အထိမခံတဲ့၊ အငြိုးထားချင်တဲ့ စရိုက်တွေ ရှိနေတတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၅၊ ၁၄ ၊ ၂၃ ရက်တွင် မွေးဖွားသူများ) – ဉာဏ်ရည်ဉာဏ်သွေး ကောင်းပြီး ပါးနပ်လိမ္မာသူ၊ ဘယ်မှာပဲ ဖြစ်ဖြစ် နေရာဝင်ဆံ့ ပေါင်းသင်းနိုင်သူ၊ လူမှုဆက်ဆံရေး ကြေညက်သူ၊ ပရိယာယ် ကြွယ်ဝသလောက် စကားပြောလည်း ကောင်းသူ ဖြစ်ပေမယ့် အဆိုးဘက်မှာတော့ ဘယ်အရာကိုမှ စွဲစွဲမြဲမြဲ မလုပ်ကြဘဲ ပေါ်ပင်မှာ ပျော်ရွှင်သူ၊ ပါလေရာ ပွကြီး လုပ်တတ်သူ၊ အပျော်အပါးမက်သူတွေ ဖြစ်နေတတ်ပါတယ်။

(၆၊ ၁၅ ၊ ၂၄ ရက်တွင် မွေးဖွားသူများ) – အေးချမ်းမှုကို လိုလားတဲ့ ၊ မိသားစု အပါအဝင် ချစ်ခင်ရသူ အားလုံးအပေါ် ကူညီစောင့်ရှောက်တတ်တဲ့ ၊ သဘော ကောင်းပြီး သည်းခံစိတ်ရှည်တဲ့၊ သနားတတ် ချစ်တတ်တဲ့ လူမျိုး ဖြစ်ပေမယ့် တစ်ဖက်မှာတော့ ခေါင်းမာအလျှော့မပေးတတ်သူ၊ သံသယ ကြီးသူ၊ သံယောဇဉ် အစွဲအလန်း များသူ ၊ ခံစားချက်နဲ့ ပတ်သက်ရင် အထိမခံကြသူတွေ ဖြစ်တတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၇ ၊ ၁၆ ၊ ၂၅ ရက်တွင် မွေးဖွားသူများ) – စိတ်ကူးဉာဏ် ကွန့်မြူးနိုင်တဲ့၊ အတွေးအခေါ် ထက်မြက်တဲ့ ၊ ဗဟုသုတ စုံလင်တဲ့ ၊ စိတ်ကူးကောင်းသလောက် လက်တွေ့လည်း လုပ်နိုင်တဲ့ ၊ အေးဆေးတည်ငြိမ်တဲ့ လူတွေ ဖြစ်ပေမယ့် တစ်ဖက်မှာလည်း စိတ်ထဲ နာသွားပြီဆို မမေ့နိုင်တဲ့၊ ပေါက်ကွဲပြီဆို လိုက်လို့မမီတဲ့ ၊ ထူးထူးဆန်းဆန်းတွေ လျှောက်လုပ်တဲ့၊ စိတ်ဓာတ် တက်လွယ်ကျလွယ်တဲ့သူတွေ ဖြစ်တတ်ပါတယ်။

(၈၊ ၁၇ ၊ ၂၆ ရက်တွင် မွေးဖွားသူများ) – လက်တွေ့ကျကျ ဘဝကို ရင်ဆိုင်သူ၊ ဘယ်လောက်ပဲ ခက်ခဲ ကြမ်းတမ်းပါစေ နောက်မဆုတ်သူ၊ ဇွဲလုံ့လဝီရိယ အားကောင်းသူ၊ စိတ်ရှည်သည်းခံနိုင်သူ၊ သွေးအေး တည်ငြိမ်သူ ဖြစ်သလို တစ်ဖက်မှာလည်း အငြိုးအာဃာတ ကြီးသူ၊ လက်စားချေရမှ ကျေနပ်သူ၊ အဆိုး အကောင်း အစွန်းရောက်သူ၊ နားလည်ဖို့ ခက်သူ ၊ ညစ်တွန်းတွန်းတတ်သူတွေ ဖြစ်နေတတ်ပါတယ်။

(၉ ၊ ၁၈၊ ၂၇ ရက်တွင် မွေးဖွားသူများ) – သတ္တိ ကောင်းပြီး စွန့်ရဲလုပ်ရဲတဲ့ ၊ လက်တွေ့ကျပြီး လက်မြန် ခြေမြန် ရှိတဲ့ ၊ အပြိုင်အဆိုင် ရှိရင် အနိုင်မခံ အရှုံးမပေးတတ်တဲ့ ၊ စည်းစနစ်နဲ့ တွက်ချက် လုပ်ကိုင်တဲ့ ၊ အခက်အခဲ ရှိရင် ရင်ဆိုင် ဖြေရှင်းပစ်တဲ့ လူမျိုးတွေ ဖြစ်သလို တစ်ဖက်မှာလည်း ဒေါသ ခက်ထန်တဲ့ ၊ ပေါက်ကွဲလွယ်တဲ့ ၊ စိတ်နောက်ကိုယ်ပါ လျှောက်လုပ်ပစ်တတ်တဲ့ ဉာဉ်ဆိုးတွေ ရှိနေတတ်ပါတယ်။ ဂဏန်းဗေဒင်သုတ တိုးပွားရရှိကြပါစေ – ဧက (ဗေဒင်သုတ)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)