တစ်ပတ်စာ ဟောစာတမ်း (ဇူလိုင် ၁၉ – ဇူလိုင် ၂၅ ၊ ၂၀၂၁)

တနင်္ဂနွေနေ့ဖွားများ – နေထိုင်မကောင်းဖြစ် ၊ ဖျားနာခဲ့ရင် ဒီအပတ်မှာ နာလန်ပြန်ထူမယ်။ လုံးဝ အကောင်းကြီး မဖြစ်သေးသည့်တိုင် အတော်လေး သက်သာမယ်။ ဆေးဝါးကောင်း၊ ဆရာသမားကောင်း ကြုံရမယ်။အလုပ်နဲ့ စီးပွားရေးမှာတော့ အဆင်မပြေတာတွေ များလာနိုင်တယ်။ ငွေအဝင် နည်းသလို ငွေအတွက် စကားများမယ်။ စက်ပစ္စည်း၊ လက်နက်နဲ့ ပတသက်တာတွေ သတိထားကိုင်တွယ်ရမယ်။ မတော်တဆမှုတွေ ဖြစ်တတ်တယ်။

တနင်္လာနေ့ဖွားများ – ကျန်းမာရေးနဲ့ပတ်သက်ရင် မပေါ့ဆတာ ကောင်းမယ်။ တစ်ခုခုဆို တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ကုသရမယ်။ ကောင်းမလိုနဲ့ ပစ်ထားလိုက်ရင် ပိုဆိုးတတ်တယ်။ အလုပ်အကိုင်ကိစ္စတွေ မရေမရာနဲ့ ဖြစ်နေလိမ့်မယ်။ ငွေရေးကြေးရေး စိတ်မချစရာတွေ ဖြစ်မယ်။ အကြီးအကဲတွေနဲ့ အဆင်မပြေမှုတွေ များတတ်တယ်။ အစားပျက်၊ အအိပ်ပျက် ဖြစ်တတ်လို့  နေကောင်းကျန်းမာအောင် နေရမယ်။ အားမွေးရမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အင်္ဂါနေ့ဖွားများ – နေရထိုင်ရတာ စိတ်ထဲ သရိုးသရီတွေ ဖြစ်နေမယ်။ ဒါပေမယ့် တကယ်တမ်းမှာ အခြေအနေ မဆိုးဘဲ ကျန်းမာချမ်းသာမယ်။ အကြီးအကဲတွေ၊ အစိုးရပိုင်းတွေနဲ့ ဆက်ဆံရင် ကိုယ့်ဘက်က သတိပြုရမယ်။ အထင်အမြင် လွဲခံရတတ်တယ်။ လူငယ်တွေ နှလုံးသားရေးမှာ ပြဿနာကြီးငယ် ပေါ်တတ်တယ်။ အိမ်တွင်းနဲ့ မိသားစုအတွက် စိတ်သောက များရတတ်တယ်။ ဒီအပတ်ထဲ ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိ ဖြစ်တတ်တယ်။

ဗုဒ္ဓဟူးနေ့ဖွားများ – အလုပ်တွေ ခဏ နားထားတာ ကောင်းမယ်။ နားထားသူတွေ သိပ်မဆိုးပေမယ့် အတင်းကြီး တွန်းလုပ်သူတွေ အခြေအနေ မကောင်းဘဲ ဖြစ်တတ်တယ်။ ငွေတွေ မြုပ်တာ၊ ပြန်ဖော်ရ ခက်တာမျိုး ဖြစ်မယ်။ ကျန်းမာရေး ညံ့နေရင် ဒီအပတ်မှာ နာလန်ထူမယ်။ ကံကောင်းမှုတွေ ကြုံရမယ်။ ဘာပဲဖြစ်ဖြစ် ကြီးကဲသူတွေနဲ့ တိုင်ပင်လုပ်ကိုင်ရမယ်။ ဒါပေမယ့် မိတ်ဆွေအပေါင်းအသင်းက အားကိုးမရဘဲ ဖြစ်မယ်။ ငွေကျပ်တတ်တယ်။

ရာဟုဖွားများ – မိသားစုအသိုင်းအဝိုင်း၊ သားချင်းတွေရဲ့ ကူညီစောင့်ရှောက်မှု ရမယ်။ အဆင်မပြေ ဖြစ်နေတဲ့ ဆက်ဆံရေးတွေ ဒီအပတ်မှာ နွေးထွေးမှု ပြန်ရလာနိုင်တယ်။ အလုပ်တွေ သိပ်မကောင်းဘဲ အရှိန်အဟုန်တွေ နှေးသွားတတ်တယ်။ ကိုယ့်ရပိုင်ခွင့် နည်းသွားတတ်သလို လုပ်ပိုင်ခွင့်လည်း မရှိတာမျိုးလည်း ဖြစ်တတ်တယ်။ ပြတ်တောက်နေတဲ့ အရင်အဆက်အသွယ်ဟောင်းတွေနဲ့ ပြန်ချိတ်မိမယ်။ အကူအညီတွေလည်း ရလာမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကြာသပတေးနေ့ဖွားများ – ကျန်းမာရေးအစ လူမှုရေးအလယ် စီးပွားရေးအဆုံး အားလုံး သတိထားရမယ့်ကာလ ဖြစ်တယ်။ အစားမှားတာ၊ ဆေးမှားကုတာတွေ ဖြစ်တတ်တယ်။ အလုပ်အတွက် ရုန်းကန်ရတာတွေ များလာပြီး အလုပ်ထဲမှာလည်း အတိုက်အခိုက်တွေ များတတ်တယ်။ စိတ်ညစ်စရာတွေကြားက လုပ်နေရမယ်။ ငွေကြေးကံ အားနည်းပြီး ငွေအတွက် သောကတွေ များလိမ့်မယ်။ ကူရာကယ်ရာမဲ့သလို ဖြစ်ပြီး စိတ်တွေ မွန်းကြပ်နေမယ်။

သောကြာနေ့ဖွားများ – အိုးအိမ်နေရာကိစ္စတွေအတွက် စိတ်ညစ်စရာ ဖြစ်လာမယ်။ အိမ်ပြောင်း၊ နေရာပြောင်း ဖြစ်လာတတ်တယ်။ မပြောင်းမဖြစ် အခြေအနေတွေ ကြုံရတတ်တယ်။ အလုပ်မှာတော့ အတော်သင့် လည်ပတ် ကောင်းမွန်နိုင်တယ်။ ငွေဝင်လာဖို့ ရှိပေမယ့် စိတ်ညစ်ပြီးမှ ဝင်တတ်တယ်။ တစ်ခုခုဆို ကူညီမယ့်သူတွေ ရှိမယ်။ အကြီးအကဲနဲ့ မိသားစုတွေချင်း ဖေးမကူညီလိမ့်မယ်။ မေတ္တာရေးမှာလည်း စိတ်ပျော်ရွှင်စရာတွေ ဖြစ်လာမယ်။

စနေနေ့ဖွားများ – အရေးအကြီးဆုံးက ကျန်းမာရေး ဖြစ်တယ်။ နည်းနည်းမှ အမှားမခံချိန် ဖြစ်လို့ တစ်ခုခုဖြစ်ရင် အလေးအနက်ထား ကုသဖို့ လိုမယ်။ မပေါ့ဆဖို့ မှာချင်တယ်။ ဆေးကောင်းဝါးကောင်းတွေ၊ အကူအညီပေးမယ့် အသိုင်းအဝိုင်းတွေ ရှိလို့ ကိုယ်တိုင်က ဂရုစိုက်ဖို့ပဲ လိုမယ်။ အလုပ်တွေ လုပ်နေရင် ကံကောင်းမယ့်သီတင်းပတ် ဖြစ်တယ်။ ငွေရပေါက်ရလမ်းတွေ ပေါ်လာနိုင်တယ်။ မိတ်ဆွေအသိုင်းအဝိုင်းရဲ့ ကူညီထောက်ပံ့မှုတွေ ရမယ်။

ဘေးကင်းရန်ကွာ ချမ်းသာသုခ ရရှိကြပါစေ – ဧက (ဗေဒင်သုတ)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)