တစ်ပတ်စာ ဟောစာတမ်း (သြဂုတ် ၉ – သြဂုတ် ၁၅ ၊ ၂၀၂၁)

တနင်္ဂနွေနေ့ဖွားများ – ဒီအပတ်မှာ အကောင်းရောအဆိုးတွေပါ ရောထွေးကြုံတွေ့ရတတ်တယ်။ အလုပ်အကိုင် စီးပွားကံ အတော်သင့် ကောင်းမယ်။ အလုပ်ကနေ အကျိုးအမြတ်လည်း ရမယ်။ ဘာလုပ်လုပ် စိတ်က ဒွိဟတွေ များပြီး ချီတုံချတုံတွေ ဖြစ်မယ်။ အိမ်တွင်းရေး မိသားစုကိစ္စ အဆင်မပြေ ဖြစ်တတ်တယ်။ လူငယ်လူရွယ်တွေမှာ နှလုံးသားရေးကိစ္စ စိတ်ညစ်ရလိမ့်မယ်။ အိမ်ထောင်ရှင်တွေလည်း ကတောက်ကဆ ဖြစ်စရာ များလာနိုင်တယ်။

တနင်္လာနေ့ဖွားများ – နံပါတ်တစ်က ကျန်းမာရေးဆိုတာ အမြဲသတိရပါ။ ကျန်းမာရေး ချူချာတတ်တဲ့ကာလမျိုး ဖြစ်တယ်။ ဆေးမှား၊ အစားမှား ဖြစ်တတ်တယ်။ နဂိုရောဂါအခံရှိရင် ပိုဂရုစိုက်ပါ။ အလုပ်အကိုင်တွေကလည်း ဒီအပတ်မှာ တည်လို့မရ ဖြစ်နေမယ်။ လုပ်သာလုပ်ပြီး ဘာမှမထူးသလို ဖြစ်မယ်။ ငွေရလမ်းတွေ ပိတ်နေမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးကိစ္စတွေမှာလည်း စိတ်ဝမ်းကွဲစရာတွေ ဖြစ်မယ်။ ဘာသာရေးများများ လုပ်ပေးပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အင်္ဂါနေ့ဖွားများ – ဘာလုပ်လုပ် အဆင်မပြေဘူးဆိုတာ ဒီသီတင်းပတ်မျိုး ဖြစ်မယ်။ ကျန်းမာရေးပါ အားနည်းပြီး ချူချာလွယ်မယ်။ ဖြစ်ပြီဟေ့ဆို သေကောင်ပေါင်းလဲ ဖြစ်တတ်တယ်။ လက်နက်၊ စက်ပစ္စည်းစတာတွေကြောင့် ထိခိုက်ဒဏ်ရာ ရတတ်တယ်။ အလုပ်ကိစ္စနဲ့ ခေါင်းပူရ စိတ်ပင်ပန်းရတာ များမယ်။ ဝင်ငွေအမြတ်အစွန်းအတွက် စကားများရတတ်တယ်။ ကြားလူ၊ ပွဲစား၊ အကျိုးဆောင်တွေ မယုံပါနဲ့။ ကိုယ့်အပေါ် လိမ်ညာလှည့်စားလိမ့်မယ်။

ဗုဒ္ဓဟူးနေ့ဖွားများ – ဒီအပတ်မှာ ကျန်းမာရေး သာမန်ထက် အားနည်းနိုင်တယ်။ စိတ်ရောလူပါ အနားပေးနိုင်ဖို့ လိုအပ်မယ်။ ကိုယ်မဟုတ်ဘဲနဲ့ စွပ်စွဲ ပြောဆိုတာတွေ ခံရတတ်တယ်။ စစ်ဆေးမေးမြန်းခံရတာမျိုး ဖြစ်လိမ့်မယ်။ အလုပ်တွေ ကောင်းပြီး စီးပွားဖြစ်မယ့်ကာလ ရောက်ပေမဲ့ စိတ်ထဲမှာ ပူပန်ကြောင့်ကျမှုတွေလည်း များနေမယ်။ ကိုယ့်ကျိုးတင်မဟုတ်ဘဲ သူများကိစ္စတွေပါ ဝင်ကူနေရမယ်။ နှလုံးသားရေးကိစ္စမှာတော့ ပျော်စရာတွေ ရှိမယ်။

ရာဟုဖွားများ – ကိုယ်က အားကိုးရတယ် မရှိဘဲ ကိုယ့်ကိုချည်း မှီခိုသူ များနေလိမ့်မယ်။ တစ်ခုခု ဖြစ်ပြီဟေ့ဆို ကိုယ့်အနားမှာ ဘယ်သူမှ မရှိဘဲ ရုန်းကန်ရတတ်တယ်။ တစ်ပတ်လုံးမှာ စိတ်ထဲ မကြည်မလင်နဲ့ ဖြစ်နေမယ်။ အလိုလိုနေရင်း စိတ်ဆတ်လွယ်နေလို့ ရန်မဖြစ်အောင် သတိပြုရမယ်။ အလုပ်အကိုင်အခြေအနေ ကောင်းမယ်။ ငွေဝင်ကိန်းလည်း ရှိတယ်။ ကိုယ့်အောက်ငယ်သူတွေနဲ့ စကားများတတ်တယ်။ မေတ္တာရေးကံကောင်းနိုင်တယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကြာသပတေးနေ့ဖွားများ – မိသားစု၊ အိမ်တွင်းရေးမသာမယာ ဖြစ်တတ်လာကလွဲရင် ကျန်တဲ့ အလုပ်အကိုင်နဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေအားလုံး အဆင်ပြေချောမွေ့မယ်။ စီးပွားရေးသမားဆိုရင် ဒီအပတ်မှာ ကံကောင်းမှု အမျိုးမျိုး ကြုံရတတ်တယ်။ ဝင်ငွေကောင်းပြီး အထုပ်အထည်နဲ့ ရတတ်တယ်။ လူငယ်တွေ နှလုံးသားရေးမှာက ကံဇာတာ နိမ့်တတ်တယ်။ တစ်ယောက်နဲ့တစ်ယောက် အပြစ်မြင်လွယ်ပြီး စကားများ၊ ရန်များလာတတ်တယ်။

သောကြာနေ့ဖွားများ – တစ်ပတ်လုံးမှာ ကျန်းမာရေးတစ်ချက် သတိပြုရမယ်။ ပုံမှန်လိုမဟုတ်ဘဲ ဝေဒနာတစ်ခုခု ခံစားရတတ်တယ်။ နေလို့ထိုင်လို့ မကောင်း ဖြစ်နေတတ်တယ်။ အလုပ်အကိုင်၊ စီးပွားရေးမှာ ပြဿနာများမယ်။ ငွေအတွက် စကားများရတာ၊ စာရင်းရှင်းရတာတွေ ဖြစ်လာနိုင်တယ်။ အလုပ်ကံဇာတာ အားနည်းလို့ သတိထား လုပ်ကိုင်ရမယ်။ တစ်ပတ်တာ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် ဖြစ်နေလိမ့်မယ်။

စနေနေ့ဖွားများ – ဒီအပတ်မှာ အပူလောင်တာ၊ ဓာတ်လိုက်တာ၊ မီးဟပ်တာ စတဲ့မတော်တဆမှု ဖြစ်တတ်တယ်။ သူများပြဿနာတွေထဲ ကိုယ်ဝင်မပါဘဲ ရှောင်ရမယ်။ ပါမိရင် သူများအပူ ကိုယ့်အပူလာဖြစ်မယ်။ အမှုဖြစ်နေသူ၊ ရုံးဂတ်နဲ့ပတ်သက်ရသူတွေ ခပ်ဝေးဝေး ရှောင်ပါ။ အလုပ်တွေက ဒီအပတ်မှာ ပုံမှန်လေး ဆိုပေမယ့် တခါတလေ အားမလိုအားမရ ဖြစ်စရာတွေ ကြုံရမယ်။ တစ်ပတ်တာ နှလုံးသားရေးကိစ္စမှာတော့ စိတ်တိုင်းကျ ဖြစ်နိုင်တယ်။

နေ့နံအားလုံး ဘေးကင်းရန်ကွာ ချမ်းသာသုခ ရရှိကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)