တနင်္ဂနွေနေ့ဖွားများအတွက် မြန်မာ့အင်္ဂ၀ိဇ္ဇာပညာအစီအရင်

“ခင်ဗျားက တနင်္ဂနွေသား၊ နာမည်ကလည်း တနင်္ဂနွေဆိုတော့… သိကြားမင်း ရုပ်ထုကို ခင်ဗျားလုပ်ငန်းမှာ ကျကျနန စီရင်ထားလိုက်ဖို့ပါပဲ ”

“ဟုတ်ကဲ့….လိုအပ်တာတွေဆရာပဲ စီမံပေးပါ… ကျနော်ဆရာပြောတဲ့ရက် ပြန်လာခဲ့ပါ့မယ်…” (ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်သည်၊ ကူးယူဖော်ပြခြင်း ခွင့်မပြုပါ)

ဆရာသခင်သည် သူ့ရှေ့ထိုင်လျက်ရှိသော စီးပွားလုပ်ငန်းရှင် ဦးအောင်ခန့်အား ပြောနေသော စကားအချို့ဖြစ်သည်။ တစ်ပတ်ခန့် ကြာသော် ဦးအောင်ခန့် ပြန်ရောက်လာပြီး လှပသေသပ်စွာ ထုလုပ်၍ သိဒ္ဓိတင်ထားသော သိကြားမင်းရုပ်ထုအား လာယူသွားတော့၏။

မေ့မေ့ပျောက်ပျောက် ရှိလှရော့မည် ထင်သည်။ ငါးလ ခြောက်လခန့် ကြာမြင့်သော် ဦးအောင်ခန့် ပြန်ရောက်လာပြီး ငွေသားထုပ်နှင့် လက်ဆောင်ပစ္စည်းများ ဆရာ့အား လာကန်တော့လေသည်။ ရွှင်ပြသော မျက်နှာပေးဖြင့် ဆရာ့အား……

“လုပ်ငန်း သိသိသာသာ အောင်မြင်လာတာဆရာရေ…ကျနော် မထင်ထားတဲ့ အခွင့်အလမ်းတွေရ လုပ်ငန်း ၀င်ငွေတိုး သိသာလှပါတယ်ဆရာ”

ဆရာသည် ပြုံးရုံမျှ ပြုံးနေပြီး ……. “ဒီလိုပါပဲဗျာ … ဖြစ်ချိန်တန်တာနဲ့ ဖြစ်ခွင့်ရအောင်ဖန်တီးပေးသလိုပေါ့ ကံအကြောင်းတရားကလည်း ရှိသေးတာပဲလေ”

ဆရာပြောသောစကားများ တွင် အဓိပ္ပါယ်များစွာပါကြောင်း ကျနော် ကောင်းစွာရိပ်စားမိ၏။

ထိုသို့နှင့် ဦးအောင်ခန့်ပြန်သွားပြီး ခဏအကြာ “ဆရာ… တနင်္ဂနွေသားကို သိကြားမင်းရုပ်ထု စီရင်ပေးတာက ”

“အင်္ဂ၀ိဇ္ဇာပညာခန်းကြီးပေါ့ကွာ…..မြန်မာ့ပညာတွေအစွမ်း မင်းလက်တွေ့သိရတာပေါ့…..”

“တနင်္ဂနွေသားကို သိကြားမင်းဆိုတဲ့ပညတ်ကိုရွေးတာကရော….”

“အင်္ဂ၀ိဇ္ဇာပညာရဲ့ အထက်ဆောင်ပန်း ပညာခန်းပေါ့..ဒါနဲ့ပက်သက်လို့ မင်းကို ဒဏ္ဍာရီ ဇာတ်လမ်းတစ်ပုဒ်လည်းပြောပြရဦးမယ်ကွ …ရှေးတုန်းက ဂဠုန်တွေဟာ နဂါးတွေကို ထိုးသုတ်ဖမ်းစားကြတာပေါ့….အဲ့ဒီမှာ နဂါးမင်းက အသူရာနတ်မင်းကြီးထံ အကူအညီ တောင်းရှာတာပေါ့….အဲ့တော့ အသူရာနတ်မင်းကြီးက ဂဠုန်မင်းကို သွားကြိမ်းဝါးတယ်…နောက်တခါ နဂါးတွေကို စားရင် သင့်ကို ငါစားပစ်မယ်ပေါ့…အဲ့တော့ ဂဠုန်မင်းကလည်း သိကြားမင်းဆီ သွားတိုင်တယ်…

သိကြားမင်းက အသူရာကို ပြန်ခြိမ်းခြောက်လိုက်တယ်.. ဂဠုန်တွေကို စားရင်း မင်း ငါ့မိုးကြိုးလက်နက်စာ မိမယ်ပေါ့…. အဲ့မှာ အသူရာနတ်မင်းက တာဝတိံသာ တတ်ပြီး သိကြားမင်းနဲ့ စစ်ခင်းတာပေါ့ကွာ… အဆုံးသတ်မှာ အသူရာနတ်မင်း စစ်ရှုံးပြီး ပြန်ပြေးခဲ့ရတယ်… ဂဠုန်တွေကိုလည်း ဖမ်းမစားရဲတော့ဘူး… ဒါ့ကြောင့် ဂဠုန်တွေဟာ သိကြားမင်းရဲ့ ကူညီစောင်မမှုကြောင့် လွတ်မြောက်အောင်မြင်သွားတယ်ဆိုပါတော့… ဒါက ဒဏ္ဍာရီသမိုင်းတစ် ခုပေါ့…တနင်္ဂနွေနေ့ဖွားတွေအတွက် သိကြားမင်းဟာ ကံကောင်းစေတဲ့ အဆောင်ပေါ့ကွာ….”

“ဟုတ်ကဲ့ဆရာ… ဘာသားနဲ့စီရင်ပေးရတာလဲဆရာ…”

“အေး.. သူလိုချင်တာက ဘာအတွက်လဲ… စီးပွားလာဘ်လာဘအတွက်မို့လား…”
ဟုတ်ကဲ့ဆရာ…”

“ဒါဆို တနင်္ဂနွေဖွားတွေအတွက် လာဘံက ဘာဂြိုဟ်ဖြစ်မလဲ”

“လာဘံက သောကြာဂြိုဟ်ပါဆရာ”

“ဟုတ်ပြီ၊ ဒါဆိုတော့ တနင်္ဂနွေဖွားအတွက် သပြေ၊ သီဟို တစ်ခုခု သုံးရမှာပေါ့ …”

“သြော် ဟုတ်ကဲ့ဆရာ၊ သဘောပေါက်ပြီ၊ အချိန်အခါ နေ့ရက်တွေကရောဆရာ”

“ဒီလောက်ဆို ကျန်တာ မင်းဆက်တွေးဆတော့ ..မင်းလည်း အင်္ဂ၀ိဇ္ဇာပိုင်းကို အဆင့်မြင့်ထိ သင်ကြားတတ်မြောက်နေပြီပဲကွာ”

“ဟုတ်ကဲ့ဆရာ”

“ကဲ………..လက်ဖက်ရည်သွားသောက်ကြစို့် …”

ထိုသို့ဖြင့် ဆရာသခင်နှင့်အတူ အောင်စည်းစိမ်လက်ဖက်ရည်ဆိုင်ဘက်သို့ ခြေဦးလှည့်ခဲ့ကြလေတော့ သတည်း။

ဤကား မြန်မာ့အင်္ဂ၀ိဇ္ဇာပညာခန်း၏ စီရင်မှု အပိုင်းကို တစိတ်တဒေသ လှစ်ဟ ပြသလိုက်ခြင်း ဖြစ်ပါသည်။တွေးဆနိုင်သူများအဖို့ ပညာများ ရနိုင်ပါလိမ့်မည် ဟုယုံကြည်ပါသည်။ (ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်သည်၊ ကူးယူဖော်ပြခြင်း ခွင့်မပြုပါ)

ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)