တနင်္ဂနွေများအတွက် ယခုနှစ် ကံဇာတာအသေးစိတ်စစ်တမ်း

ကိုယ့်နာမည်ကို ဘယ်လိုပဲ မှည့်ထားထား၊ တနင်္ဂနွေသားသမီး ဖြစ်တယ်ဆိုရင် ကိုယ့်နာမည်ရဲ့ အဖျားစာလုံးက ဘယ်နံနဲ့ အဆုံးသတ်လည်း ဆိုတာ ကြည့်ပြီး ဒီအဟောကို ဖတ်နိုင်ပါတယ်။ လက်ရှိ ဖြတ်သန်းနေဆဲ ကောဇာ မြန်မာသက္ကရာဇ် ၁၃၈၀ အတွက် ဟောစာတမ်း ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ဖွား ၊ အမည်အဖျားစာလုံး တနင်္ဂနွေနံဖြင့် မှည့်ခေါ်ထားသူများ

( ဥပမာအားဖြင့်… စိုးအောင် ၊ အောင်အောင် ၊ အေးအေး ၊ မျိုးသစ်ဦး …စသည် ) အပြောင်းအလဲများ မုချ ကြုံမယ့် အမည်ရှင်တွေပါ။ အလိုလိုနေရင်း တစ်ခါတစ်လေ ကိုယ့်ကိုယ်ပါ စိတ်တိုနေရတတ်ပါတယ်။ အမှုအခင်း ဖြစ်လွယ်ချိန် ၊ မင်းအစိုးရများ အရေးယူခြင်း ခံရတတ်ချိန်လည်း ဖြစ်ပါတယ်။ အစားမှား ဆေးမှား ဂရုပြုရန် လိုအပ်သော နှစ်မျိုးဖြစ်ပြီး ကျန်းမာရေး အားနည်းချိန်ဖြစ်နေမယ်ဆိုရင် ဆေးအချင်းချင်း မတည့်သော ဘေးဥပါဒ်မျိုးကို အထူးဂရုစိုက်ဖို့ လိုအပ်ချိန် ဖြစ်ပါတယ်။

ခါတိုင်း ကိုယ်ပေါင်းနေကြသူတွေနဲ့ ဆန့်ကျင်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ ပေါင်းသင်း ဆက်ဆံလာရတတ်ပါတယ်။ လုပ်နေဆဲ အလုပ်အစား အခြားအလုပ်တစ်ခုကို အစပျိုး လုပ်ကိုင်ခွင့်လည်း ပေါ်လာတတ်ချိန်ပါ။ အပြောင်းအလဲတိုင်းကို ပိုမိုသတိထားပြီး ပြောင်းလည်းနိုင်ဖို့ ကြိုးစားရပါမယ်။ (ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်သည်)

အထက်လူကြီး၊ အကြီးအကဲများနဲ့လည်း အတိုက်အခံ ဖြစ်လွယ်သော ကာလ ဖြစ်တာမို့ ဒီနှစ်အဖို့တော့ ဒီအမည်ရှင်တွေ ကတော့ ကံမကောင်းမှု ကြုံမလာအောင် အတော်ကို သိုင်းနင်းကွက်ကျ သွားတတ်မှ ဘေးကင်းပါလိမ့်မယ်။

ယတြာ – ဓါတ်ခဲဟောင်းများ ကို တောင်စူးစူးအရပ်သို့ စွန့်ပစ်ပါ။ လိမ္မော်ရောင်ကို ရှောင်ပါ။ ခေါင်းအုံး သို့မဟုတ် ခေါင်းအုံးစွပ် မကြာခဏ လဲအိပ်ပါ။

တနင်္ဂနွေနေ့ဖွား ၊ အမည်အဖျားစာလုံး တနင်္လာနံဖြင့် မှည့်ခေါ်ထားသူများ

( ဥပမာအားဖြင့် … အောင်မင်းကျော် ၊ အေးမြခိုင် ၊ ခင်ငြိမ်းချမ်း ၊ တင်နီလာခိုင် )

ခရီးဆောင်အိတ်ကောင်းကောင်း ၀ယ်ထားရမယ့် နှစ်ပါပဲ။ ခရီးကံတွေ များမယ့်နှစ်ပါ။

ဒီတစ်နှစ်အဖို့..ဘယ်ဟာမှ ရေရေရာရာ မရှိလှဘဲ ယောင်ဝါးဝါးတွေသာ များနေပါမယ်။ ဟိုနေရာ ကန့်လန့် ကန့်လန့် သည်နေရာကန့်လန့်ကန့်လန့်နဲ့ ကြားကပါနေရမယ့် နှစ်ပါ။ လုပ်သမျှ အလုပ်တွေလည်း တစ်ပိုင်းတစ်စ တစ်ဝက်တစ်ပျက်က ပိုများပါလိမ့်မယ်။ အမှတ်မထင် တစ်ဖက်သတ် အနိုင်ကျင့်ခံရခြင်းမျိုး ကြုံနိုင်ပါတယ်။ စနေသားသမီး စနေနံ အမည်ရှင်တွေကို ပိုမို ဂရုပြုပေါင်းသင်းရမယ့် ကာလပါ။ လပြည့်နေ့တွေမှာ ကောင်းသောကံ အပြောင်းအလဲများ ဖြစ်ပေါ်လာတတ်သော နှစ်မျိုးလည်းဖြစ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်သည်)

ယတြာ – တနင်္လာနေ့မှာ ဖိနပ်ဟောင်းတစ်ရံကို စွန့်ပစ်ပါ သို့မဟုတ် နွမ်းပါးသူများကို ပေးလိုက်ပါ။ အနောက်တောင်အရပ်ကို အသွားအလာ ဆင်ခြင်ပါ။ အနက်ရောင်လုံးဝ ရှောင်သင့်သော နှစ်ဖြစ်ပါတယ်။ ပုလဲ ဆင်မြန်းခြင်းဖြင့် ကောင်းကျိုး ပိုမိုရရှိတတ်သောနှစ်မျိုး ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ဖွား ၊ အမည်အဖျားစာလုံး အင်္ဂါနံ ဖြင့် မှည့်ခေါ်ထားသူများ

( ဥပမာ ၊ အေးအေးစိုး ၊ အေးသန္တာဆွေ၊ အောင်ဇော် ၊ မင်းခန့်ဇင် ၊ သင်းသင်းစံ )

ပျိုရွယ်သူများ ….သတင်းကြီးသလောက် ..အချစ်ရေး အဆင်မပြေ ဖြစ်ရတတ်ချိန်ပါ။ အခြားတနင်္ဂနွေအများစု အဖို့… အချစ်ရေး အဆင်ပြေတတ်ချိန် ဖြစ်တာတောင်…ဒီအမည်ရှင်တွေ အဖို့ကတော့ ….နာမည်ကြီးပြီး ထင်သလို မဖြစ်တတ်သော ကာလပါပဲ။ အိမ်ထောင်သည်များလည်း အလိုမပြည့် အိမ်ထောင်ရေးသုခ မ၀မလင် ဖြစ်ရတတ်သော ကာလ မျိုးလို့ ဆိုနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီတစ်နှစ်က အကျိုးစီးပွား ပိုမိုရနိုင်သော နှစ်မျိုးဖြစ်တာမို့ တွန်းတွန်းတိုက်တိုက် ပိုမိုကြိုးစားရမယ့် ကာလပါ။ မနှစ်ကတုန်းက ….အလွဲလွဲအချော်ချော်တွေ ဖြစ်ခဲ့သမျှ..ဒီတစ်နှစ် ပြန်တည့်မတ်ရမှာလည်း ဖြစ်ပါတယ်။ အကျိုးတူပေါင်းစည်း လုပ်ကိုင်နိုင်အောင် ကြိုးစားပြီး တိုးတက်လာနိုင်သော နှစ်မျိုးလည်း ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် စိတ်ခွန်အား ပြန်လည် မြင့်တက်လာနိုင်သော နှစ်မျိုး ဖြစ်တာမို့ အကျိုးရှိအောင် တွန်းတွန်းတိုက်တိုက် ပိုမိုလုပ်ဆောင်သင့်သော နှစ် ဖြစ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်သည်)

ယတြာ – အင်္ဂါနေ့မှာ အမျိုးသမီး အကြီးအကဲတစ်ဦးဦးကို ခြေဆုပ်လက်နှယ်ပြုစုခြင်း၊ မွေ့ယာ သို့မဟုတ် အထည်အလိပ် လက်ဆောင်ပေးခြင်း ၊ ကန်တော့ခြင်း ပြုသင့်သော အချိန်ပါ။ ခရမ်းပြာရောင်ကို ရှောင်သင့်သောနှစ်မျိုးလည်းဖြစ်ပါတယ်။

တနင်္ဂနွေနေ့ဖွား ၊ အမည်အဖျားစာလုံး ဗုဒ္ဓဟူးနံဖြင့် မှည့်ခေါ်ထားသူများ

( ဥပမာ ၊ အေးလွင် ၊ အေးအေးဝင်း ၊ ဥက္ကာမျိုးလွင် ၊ ရှင်းသန့်လင်း … စသည် )

ဓါးခုတ်ရာ လက်ဝင်လျှိုပေးရသလို… အစားထိုး ခံပေးရတတ်သော နှစ်မျိုးပါပဲ။ သူများ ချေးထားတဲ့ငွေကို ကိုယ်က စိုက်ဆပ်ပေးရတတ်ပါတယ်။ စကားပုံရိုင်းရိုင်း နှိုင်းရရင် ငါးတကာယိုသည့်ချေး ပုဇွန်ဆိတ်ခေါင်းထဲ လာစုနေရသည့် နှစ်မျိုးပါ။ သူတစ်ပါး အရှုပ်တွေ မပြီးနိုင်အောင် ရှင်းနေရတတ်ပါတယ်။ ဒီတစ်နှစ် ကိုယ်ကိုယ်တိုင်တောင် ချေးစရာ ငှားစရာ အကြောင်းလည်း ပေါ်လာတတ်ပါတယ်။ ပညာတတ်လူတန်းစား တစ်ချို့ သို့မဟုတ် ပညာရှင်အချို့ရဲ့ တိုက်ခိုက်မှုကိုလည်း ခံရတတ်သောကာလပါ။ ပညာသင်ယူနေသူများ ဖြစ်ပါက ဆရာသမားတွေကို အတော်ကို ဂရုစိုက် ဆက်ဆံရပါလိမ့်မယ်။ ဒီတစ်နှစ်ကတော့ ၀ဋ်ကြွေးကို ဆပ်နေရသလိုပါပဲ လို့ ငြီးတွားရလောက်သော နှစ်မျိုးပါပဲ။ (ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်သည်)

ယတြာ – အများသုံးနေရာတွေမှာ သန့်ရှင်းရေး လုပ်ပေးခြင်းသည် အကောင်းဆုံးယတြာပါပဲ။ ဗုဒ္ဓဟူးနေ့မှာ ငွေအချို့ စာအိတ်ထဲ ထည့်ပြီး လမ်းလေးခွဆုံနေမျိုးမှာ ပံ့သကူ ပစ်လိုက်ပါ။

တနင်္ဂနွေနေ့ဖွား ၊ အမည်အဖျားစာလုံး ကြာသာပတေးနံ ပိုင်ရှင်များ

( ဥပမာ ၊ အောင်သိန်းမြင့် ၊ အေးအေးမြ ၊ မိုးမြင့် ၊ မင်းမင်း …စသည် )

စွန့်စားရမယ့် အခြေအနေတွေ ပိုမိုပေါ်လာတတ်သော နှစ်ပါပဲ။ မိမိရဲ့ ဆင်ခြင်တုံတရား ၊ ကြောင်းကျိုးဆက်စပ်နိုင်မှုတွေကို အစွမ်းကုန် ထုတ်သုံးရမယ့် ကာလဖြစ်ပါတယ်။ ငွေအမြောက်အများ ချေးငှားလို့ ရနိုင်သော ကာလလည်း ဖြစ်ပြီး စွမ်းရည်ရှိသော ပညာရှင်တွေ ၊ ပညာတတ်အသိုက်အ၀န်းတွေ နဲ့လည်း အလုပ်အကိုင်ကံ ဆက်စပ်နေရတတ်ပါတယ်။ ဒီတစ်နှစ်အဖို့ ကံကောင်းမှု ဆိုတာကို စွန့်စားမှုတွေ ၊ ချိန်ဆနိုင်စွမ်းတွေ ပင်ကိုယ်စွမ်းရည်တွေ ၊ ယှဉ်ပြိုင်စစ်ထိုးရမှုတွေနဲ့ …ဒွန်တွဲပြီး ရှာဖွေယူရပါလိမ့်မယ်။ ရန်သူ ပိုမိုပေါလာပါမယ်။ တိုက်မယူရင် မရနိုင်တဲ့ အခြေအနေတွေကိုချည်း ပိုမို ကြုံတွေ့လာရတတ်ချိန်ပါ။

လူမှုဆက်ဆံရေးဆိုင်ရာ ပြဿနာ များမြောင်တတ်သော ကာလဖြစ်ပြီး အရေးကြီးသော အဆက်အသွယ်အချို့ ဆုံးရှုံးရခြင်း ၊ ပြတ်တောက်ခြင်းများလည်း ဖြစ်ပေါ်လာပါမယ်။ ဘာပဲဖြစ်ဖြစ် အလုပ်သိပ်လုပ်လို့ ခွန်အား ရစေတဲ့ အသက်ပိုင်းမျိုးပါ။ စွမ်းရည်ကို မထုတ်ရင်သာ ..သို့မဟုတ် ထုတ်ခွင့် မရရင်သာနေမယ်… ထုတ်ခွင့်သာတာနဲ့ မိမိရဲ့ စွမ်းရည်က ခါတိုင်းနှစ်တွေထက် သိသိသာသာ ပိုမိုတက်ကြွ တောက်ပနေပါလိမ့်မယ်။ (ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်သည်)

သတိပြုဖို့က အရှုပ်ထုပ်တွေက ..ကိုယ့်ဆီကို အလိုလို ပြေးကပ်လာတတ်ချိန်ပါ။ အရှုပ်ထဲမှာ ရှင်းအောင် နေရင်နေ….မနေနိုင်ရင်တော့ အချုပ်ထဲမှာပါ ရှင်းနေရတတ်သောကာလမို့….အရှုပ်အထွေးတွေထဲ ညှပ်ပါ မသွားမိဖို့ လိုအပ်လှပါကြောင်း….။

ယတြာ- ကြာသာပတေးနေ့မှာ … ပညာရှင်များ ၊ မိတ်ဆွေများနှင့် ဆွေးနွေးတိုင်ပင်ပါ။ တစ်နှစ်လုံး နံ့သာရောင် ၊၀ါညိုရောင် ၊ သနပ်ခါးရောင်တို့ကို သုံးစွဲသင့်ပါတယ်။ အစိမ်းကတော့ ဖြစ်နိုင်သမျှ ရှောင်သင့်ချိန်ပါ။

တနင်္ဂနွေနေ့ဖွား ၊ အမည်အဖျားစာလုံး သောကြာနံ ပိုင်ရှင်များ

( ဥပမာ ၊ အေးအေးသိန်း ၊ အောင်မျိုးသန့် ၊ အေးမြသွင် ၊ ခိုင်မာလာသွယ် ..စသည် )

ဒီအမည်ရှင်အများစု အဖို့ ဒီနှစ်သည် ကံကောင်းမယ့်နှစ်လို့ ဆိုရပါလိမ့်မယ်။ သို့သော် စက်ပစ္စည်းတစ်ခုခု သို့မဟုတ် အင်္ဂါနေ့ဖွား တစ်ဦးဦး ပုံမှန်မဟုတ်သော ၀င်ခြင်းမျိုး ဖြင့် ၀င်လာခဲ့မယ်ဆိုရင် မိမိရထိုက်သော ကံကောင်းမှုတွေ လွင့်ပါးသွားစေတတ်တာကို တော့ သတိအထူးပြုရပါလိမ့်မယ်။ အထူးသဖြင့် နာရီ လက်ဆောင်ရခြင်း ၊ ပြက္ခဒိန်လက်ဆောင်ရခြင်း မျိုးတွေကို မယူဘဲ ရှောင်ခွင့်သာရင် ရှောင်ပါ။ (ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်သည်)

ဂုဏ်ကျက်သရေ တိုးတက်ခြင်း ၊ ဆုံးရှုံးထားသော ဆုံးရှုံးမှု အချို့ ပြန်လည် ရရှိလာတတ်ခြင်း၊ ငယ်ချစ်ဟောင်းဖြင့် ပြန်ဆုံရတတ်ခြင်း စသည်ဖြင့် …တစ်ကျော့ပြန်လာသော ကောင်းကျိုးမျိုးတွေကိုလည်း ပိုမို ရရှိတတ်သော ကာလ ဖြစ်ပါတယ်။ မွေးချင်းအငယ် ညီညီမ ယောက်ဖ ခယ်မ စသည်ဖြင့်တို့ အနည်းငယ် ဒုက္ခပေးတတ်ပါတယ်။ မိမိထံမှာသော်လည်းကောင်း လာသောင်တင်နေတတ်ပါတယ်။

ယတြာ – သံလိုက်တုံးတစ်တုံး (မြင်းခွာပုံသံလိုက်ဖြစ်ပါက ပိုမိုကောင်း) ဆောင်ထားသင့်သော နှစ်ပါပဲ။ သောကြာနေ့မှာ ပြက္ခဒိန်အဟောင်းတွေ ရှာပြီး စွန့်ပါ။ အရှေ့တောင် အရပ်ကို အသွားအလာ ဆင်ခြင်သင့်ပြီး အနီရဲရဲအရောင်တွေကိုလည်း သတိပြုရှောင်သင့်သော နှစ်တစ်နှစ် ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ဖွား ၊ အမည်အဖျားစာလုံး စနေနံပိုင်ရှင်များ

( ဥပမာ ၊ အေးထွန်း ၊ အောင်နိုင် ၊ ဥက္ကာမင်းဒင် ၊ လေးလေးနွယ် ..စသည် )

ချစ်ခင်သူတို့က ရင်းနှီးမှုပိုင်းဆိုင်ရာကို ကူညီပေးတတ်သော နှစ်မျိုးပါပဲ။ တစ်ခါမှ မမြင်ဖူးသည့် လူစိမ်းမျိုးကပဲဖြစ်ဖြစ်…ခင်မင်ရင်းနှီးမှုနဲ့ ကူညီပေးခြင်း ခံရတတ်ပါတယ်။ ကျန်းမာရေး အထူးဂရုစိုက်ရမယ့် နှစ်ပါ။ ကြားသုံးကြား မညှပ်မိအောင်လည်း အထူးနေတတ် ထိုင်တတ်ဖို့ သတိပြုရမယ့် ကာလ ဖြစ်ပါတယ်။

ကြားကနေ ကောင်းအောင်လုပ်ပေးပါလျက်ကယ်နဲ့…မျက်နှာမလှ ကြားညှပ်ရမယ့်ကံက အဆိုးဆုံး ဒီတစ်နှစ်အဖို့ ပေးလာနိုင်ပါတယ်။ လူမျိုးကွဲ နိုင်ငံရပ်ခြား ကံမှာတော့ ကောင်းသော နှစ်မျိုးလည်း ဖြစ်ပါကြောင်း။ (ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်သည်)

ယတြာ – စနေနေ့ မှာ သန့်ရှင်းရေးကုသိုလ်ပြုခြင်း ၊ ရေလှုခြင်း ၊ ငါးလွှတ်ခြင်း ၊ငါးစာကျွေးခြင်း မဖြစ်မနေ လုပ်သင့်သော နှစ်ပါပဲ။ အရှေ့စူးစူး အရပ်ကို အသွားအလာ ဆင်ခြင်သင့်ပြီး အဖြူရောင်တွေကို နည်းနည်း လျှော့သုံးသင့်ပါတယ်။

တနင်္ဂနွေနေ့ဖွား ၊ အမည်အဖျားစာလုံး ရာဟုဖြင့် မှည့်ခေါ်ထားသူများ

( ဥပမာ ၊ အေးအေးရွှေ ၊ အောင်ရှိန်၊ အောင်ခန့်ရှင်း ၊ အေးသန္တာရွှေ ..စသည် )

အများစုအဖို့…မနေလိုသော နေရာမှာ နေရတတ်ခြင်းကံ သည် ကျရောက်လာပါမယ်။ အနည်းစု ကံကောင်းသူများကတော့ မိမိတို့ ဆန္ဒအလိုက် ဝေးသော အရပ်ဒေသ သို့မဟုတ် အစွန့်အဖျားဒေသများမှာ အခြေချခွင့် ကြုံနိုင်ပါတယ်။ နေရာထိုင်ခင်းကဏ္ဍမှာ အများစု အဖို့ ကံမကောင်းတတ်သောကာလပါ။ စိတ်ဖိအားများပြီး အပယ်ခံနေရာမျိုးမှာ ကျရောက်နေရတတ်ပါတယ်။ ဒီတစ်နှစ်လုံး ဟို့လူကို အစွမ်းကုန် ထောက်ပံ့ပေးရ…၊ သည်လူ့အတွက် အစွမ်းကုန် ပံ့ပိုးပေးရမှုတွေ ကြုံလာရတတ်ပါတယ်။ အများအားဖြင့် သွေးမတော်သားမစပ်သည့် သူစိမ်းတွေကို ပိုမို ထောက်ပံ့ ပံ့ပိုးပေးခွင့်မျိုး ကြုံလာပါမယ်။

ကိုယ်စားလှယ်လုပ်ငန်းလုပ်ကိုင်နေသူများ အဖို့တော့ ကံအားသာချက်ကလေး ပြန်ရလာနိုင်သော ကာလ ဖြစ်ပါကြောင်း ။

ယတြာ – ဗုဒ္ဓဟူးနေ့ ညနေဘက်မှာ … ပညာဒါနပြုခြင်း ၊ အိမ်ခြေယာခြေမဲ့များကို ..ကုသိုလ်ပြုပါ။ နံသာရောင် ၊ ၀ါညိုရောင် ၊ သနပ်ခါးရောင်တို့ကို ရှောင်သင့်သောနှစ် ဖြစ်ပါတယ်ခင်ဗျား။ (ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်သည်)

လေးစားစွာဖြင့်

ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
09 789 333 791, 09 318 17 287 ဟောခန်းလိပ်စာ – တိုက် 6 ၊ အခန်း 3 ၊ မြေညီထပ် ၊ မြကန်သာအိမ်ယာ၊ မြကန်သာလမ်း ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်။ အနီးဆုံး မှတ်တိုင် – ဆင်ရေတွင်းမှတ်တိုင်

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)