တနင်္လာများအတွက် ယခုနှစ် ကံဇာတာအသေးစိတ်စစ်တမ်း

ကိုယ့်နာမည်ကို ဘယ်လိုပဲ မှည့်ထားထား၊ တနင်္လာသားသမီး ဖြစ်တယ်ဆိုရင် ကိုယ့်နာမည်ရဲ့ အဖျားစာလုံးက ဘယ်နံနဲ့ အဆုံးသတ်လည်း ဆိုတာ ကြည့်ပြီး ဒီအဟောကို ဖတ်နိုင်ပါတယ်။ လက်ရှိ ဖြတ်သန်းနေဆဲ ကောဇာ မြန်မာသက္ကရာဇ် ၁၃၈၀ အတွက် ဟောစာတမ်း ဖြစ်ပါတယ်။

တနင်္လာနေ့ဖွား ၊ အမည်အဖျားစာလုံး တနင်္ဂနွေနံဖြင့် မှည့်ခေါ်ထားသူများ

( ဥပမာအားဖြင့်… ခိုင်အောင် ၊ အောင်အောင် ၊ မင်းဦး ၊ ခင်မာလာအောင် …စသည် ) ဂျာအေး သူ့မေရိုက် သလို လုံးလည်လိုက်ပြီး စိတ်ညစ်ရမယ့်ကာလပါပဲ။ အတိတ်ကာလက စိတ်ဒဏ်ရာတွေကို ပြန်နှိုးဆွမိသလိုလည်း ကြုံလာရတတ်ချိန်ပါ။ အလုပ်ဟောင်းတစ်ခုခုကို မစွန့်နိုင်ဘဲ ပြန်လည် လုပ်မိ၊ ဒုက္ခသံသရာ လည်နေတတ်သည့် အချိန်ပဲ ဖြစ်ပါတယ်။ ဒီအမည်ရှင်တွေသည် ဒီနှစ်အဖို့ ဂုဏ်သိက္ခာ ကျဆင်းကိန်းနဲ့ အမှုအခင်းကံကို အထူးပြု သတိထား ကျော်လွှားကြရပါလိမ့်မယ်။

အကြီးအကဲဟောင်းတစ်ဦးဦးကြောင့်သော်လည်းကောင်း စိတ်အနှောက်အယှက် ဖြစ်ရတတ်ပါတယ်။ လုပ်ငန်းရှင်ဖြစ်ပါက ရင်းနှီးမြုပ်နှံထားမိသော ကိစ္စဟောင်းတစ်ခုခုကနေ အမှုအခင်းဖြစ်လွယ်တတ်ချိန်ပါ။ (ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်သည်)

ထို့အတူ မိမိတို့ရဲ့ ရင်းနှီးမြုပ်နှံမှုကို …နေရာပြောင်းရင်းနှီးမြုပ်နှံရခြင်း သို့မဟုတ်…အပြောင်းအလဲ ပြုရခြင်းမျိုး ဒီနှစ်မှာ ကြုံရတတ်ပါတယ်။

ယတြာ – ဓာတ်ခဲဟောင်းများ ကို အရှေ့မြောက်အရပ်သို့ စွန့်ပစ်ပါ။ အိပ်ယာ မကြာခဏ ပြောင်းအိပ်ခြင်း သို့မဟုတ် ခေါင်းအုံးစွပ်မကြာခဏ လဲအိပ်ခြင်း၊ တနင်္ဂနွေနေ့များတွင် အမျိုးသားအကြီးအကဲ တစ်ဦးဦးကို ကန်တော့ခြင်းများ ပြုလုပ်အပ်ပါတယ်။

တနင်္လာနေ့ဖွား ၊ အမည်အဖျားစာလုံး တနင်္လာနံ ဖြင့် မှည့်ခေါ်ထားသူများ

( ဥပမာ အားဖြင့် … ကျော်ကျော် ၊ မြမြခိုင် ၊ ခင်ငြိမ်းချမ်း ၊ နွယ်နီခင် ) ပီယဓါတ် ၀င်နေသော ကာလ ဖြစ်ပါတယ်။ အနုပညာနယ်ပယ်က ပုဂ္ဂိုလ်တွေ ပိုမို စန်းအားတက်ကြမယ့် အချိန်ပါပဲ။ ဒီအမည်ရှင်တွေကိုတော့ ဟောကိန်းထက် ဘာလုပ်သင့်တယ်ဆိုတာလေးသာ ဆက်လက် ညွှန်ပေးပါရစေတော့..။ တစ်နှစ်လုံး ပြုံးပြုံးလေး ပိုနေပေးသင့်တဲ့ အချိန်ပါ။ သူတစ်ပါး အကျိုးကို ဆောင်ခြင်း ပြုပါ။ ကိုယ့်တာဝန် မဟုတ်လို့ မထမ်းဘူး ဆိုပြီး မငြင်းလိုက်ပါနဲ့။ စေတနာ့ဝန်ထမ်း ထမ်းပေးလိုက်ပါ။ ဒီအချက်ကလေးက ဒီတစ်နှစ် ကိုယ့်အပေါ် ကျရောက်လာနိုင်တဲ့ ..အနိုင်ကျင့်ခံရမှုကံတွေကို အလွန် ဖြေပြေစေပါလိမ့်မယ်။ တစ်နှစ်လုံး ဖြစ်နိုင်သမျှ အရောင်နုနုကြည်ကြည်လေးတွေကိုသာ သုံးစွဲပါ။ အနက်ကို ယတိပြတ် ဒီတစ်နှစ်တော့ ရှောင်ပါ။ ရှောင်ပါ ဆိုကာမှပဲ ကိုယ့်စိတ်ကလည်း ဒီနှစ်ထဲရောက်မှ အနက်ရောင်ကို ပိုနှစ်သက်လာမိတတ်ပါသေးတယ်။

ယတြာ – တနင်္လာနေ့မှာ ဖိနပ်ဟောင်းတစ်ရံကို စွန့်ပစ်ပါ သို့မဟုတ် နွမ်းပါးသူများကို ပေးလိုက်ပါ။ အနောက်တောင်အရပ်ကို အသွားအလာ ဆင်ခြင်ပါ။ အနက်ရောင် လုံးဝ ရှောင်သင့်သော နှစ်ဖြစ်ပါတယ်။ ပုလဲ ဆင်မြန်းခြင်းဖြင့် … ကောင်းကျိုး ပိုမိုရရှိတတ်သော နှစ်မျိုး ဖြစ်ပါကြောင်း။ ဗုဒ္ဓဘာသာဝင်များ အဖို့ကတော့ ဒီတစ်နှစ်မှာ သံဃာတော် ခုနှစ်ပါးကို ရဟန်းစီးဖိနပ် တနင်္လာနေ့မှာ လှူဖြစ်အောင် လှုသင့်လှပါကြောင်း…။ (ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်သည်)

တနင်္လာနေ့ဖွား ၊ အမည်အဖျားစာလုံး အင်္ဂါနံ ဖြင့် မှည့်ခေါ်ထားသူများ

( ဥပမာ ၊ ကျော်ကျော်စိုး ၊ သင်းသင်းဆွေ၊ မင်းဇင် ၊ ခင်မာလာဆွေ ) တစ်နှစ်လုံး အနီရောင်ကို စွဲမြဲ သုံးသင့်ပါတယ်။ မိမိရဲ့ ဦးတည်ချက်များကို ပိုမိုအကောင်အထည်ဖော်သင့်သော နှစ်ကောင်း တစ်ခုလည်း ဖြစ်ပါတယ်။ နာရီအနီရောင်တစ်လုံးကို မိမိအလုပ်စားပွဲမှာ တင်ထားသင့်သော နှစ်မျိုးပါပဲ။ အခြားသူတွေနဲ့ လက်တွဲလုပ်ကိုင်နိုင်ဖို့ ကြိုးစားသင့်သော နှစ်မျိုးဖြစ်ပြီး သောကြာနေ့တွေသည် သည်တစ်နှစ်အဖို့ အရေးကြီးသော ဖြစ်စဉ်များ အကောင်းများ၊ အဆိုးများ အားလုံး ဖြစ်ပွားနိုင်သော နေ့ရက်ပါပဲ။ ဒီတစ်နှစ် ကံကောင်းမှုဟာ လက်တွဲဖော် လုပ်ငန်းဖော် စသဖြင့် လက်တွဲရတဲ့ ပါတနာကောင်းရခြင်း မရခြင်းအပေါ်မှာ အထူးသဖြင့် တည်နေမှာမို့ လုပ်ငန်းဖော်ကောင်း ရှာခြင်းသည် အဓိက အရေးပါလာမည့် နှစ်လည်း ဖြစ်ပါတယ်။ နေရာကောင်း ရမလိုလို နဲ့ အဖျားရှုးသွားပြီး မရဘဲ လည်း ဖြစ်တတ်သော ကံကလေးကတော့ ဒီတစ်နှစ်ရဲ့ အားနည်းချက်လို့ ဆိုရပါလိမ့်မယ်။

ယတြာ –  သံလိုက်တုံးတစ်ခုကို ….အင်္ဂါနေ့မှာ မြောက်အရပ်သို့ စွန့်ပစ်ပါ။ ဗုဒ္ဓဘာသာဝင်များအဖို့ သောကြာနေ့မှာ သံဃာသုံးပါးကို ဆွမ်းကပ်လှုသင့်ပါကြောင်း။ (ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်သည်)

တနင်္လာနေ့ဖွား ၊ အမည်အဖျားစာလုံး ဗုဒ္ဓဟူးနံဖြင့် မှည့်ခေါ်ထားသူများ

( ဥပမာ ၊ ကျော်လွင် ၊ ခင်ခင်လေး၊ မြမှုးဝေ၊ ရှင်းသန့်ဝေ … စသည် ) အကြွေး အမြောက်အများတင်လွယ်သော ကာလဖြစ်ပါတယ်။ ငွေကြေးကဏ္ဍကို အထူးဂရုပြုကိုင်တွယ်ကြရပါလိမ့်မယ်။ ဒီတစ်နှစ်က ကံဆိုးစရာ ဖြစ်လွယ်လှပါတယ်။ ၀ဋ်ကြွေးကို ထိုးဆပ်လိုက်ရသလို ဆပ်ရတတ်သော ကာလလည်းဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များ သားသမီး ပျက်ဆီး လွယ်ပါတယ်။ ဂရုပြုရမယ့်ကာလပါ။ ကိုယ်ဝန်ဆောင်မိခင် ဖြစ်နေရင် ၀ါညိုရောင် နံ့သာရောင်ကို ဖြစ်နိုင်သမျှ ဒီတစ်နှစ်ရှောင်ပါ။ ကြာသာပတေးနေ့များမှာ သွားလာ နေထိုင် ဂရုပြုရပါမယ်။ ဒီတစ်နှစ်က အညံ့ဖက်မှာ ရောက်နေမှာမို့ ….မောတော့ မောရမယ့် ကာလပါ။

ယတြာ – အ၀တ်အစား တစ်စုံ (မိမိ တစ်ကြိမ်မျှ အနည်းဆုံး အသုံးပြုပြီး) ကို …ကြာသာပတေးနေ့မျိုးမှာ နွမ်းပါးသူ လိုအပ်နေသူကို စွန့်ပါ။ ကြာသာပတေးနေ့မှာ ကိုယ်ဝန်ဆောင်မိခင်များကို …အလှူအတန်း ပြုသင့်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်သည်)

တနင်္လာနေ့ဖွား ၊ အမည်အဖျားစာလုံး ကြာသာပတေးနံဖြင့် မှည့်ခေါ်ထားသူများ

( ဥပမာ ၊ ကျော်မင်း ၊ ခင်ခင်မိုး ၊ သူသူမျိုး ၊ အေးမာ …စသည် ) ဒီတစ်နှစ် အလိမ်ခံရကိန်း အများဆုံး ကံပိုင်ရှင်တွေသည် သည်အမည်ရှင်တွေပါပဲ။ မည်သူ့ကိုမျှ ယုံမှတ် လို့ ပုံမအပ်လိုက်ပါနဲ့။ အလုပ်လုပ်ရ သိပ်ကောင်းမယ့် အချိန်မျိုး ဖြစ်နိုင်ပါတယ်။ မိမိမှာ စွမ်းရည်ကလည်း ခါတိုင်းနှစ်တွေထက် ပိုမို မြင့်တက်နေပါလိမ့်မယ်။ ပညာရှင်တွေ ဓနရှင်တွေရဲ့ ကူညီမှုတွေလည်း ရတတ်သောကာလဖြစ်ပါတယ်။ သို့ပေမယ့် နေရာတိုင်းမှာ စစ်ထိုးရမှုတွေ…အားပြိုင်မှုတွေ ကြုံရမယ့်အချိန်ပါ။ အစိမ်းရောင်နဲ့ နံ့သာရောင်ကို တွဲစပ် အသုံးပြုခြင်းအားဖြင့် အခက်အခဲနဲ့ စိန်ခေါ်မှုတွေ ပိုမိုကြုံရတတ်ချိန်လည်း ဖြစ်ပါတယ်။ ဒီအမည်ရှင်ဖြစ်ပြီး ကျန်းမာရေး အားနည်းချက် ရှိသူဖြစ်နေခဲ့ရင် ဒီတစ်နှစ် ကျန်းမာရေး ပိုမိုဂရုစိုက်ရပါမယ်။ အစိမ်းရောင်နဲ့ တောင်စူးစူးအရပ်သည် ကျန်းမာရေးအတွက် အန္တရယ်ရှိပါလိမ့်မယ်။ ဒီအမည်ရှင်တွေထဲက အထူးသဖြင့် သက်ကြီးရွယ်အိုတွေ..အာရုံကြော အားနည်းခြင်းနဲ့ အရေပြားပျက်ဆီးထိခိုက်ခြင်း ၊ လေဖြန်းခြင်း ၊ လေဖြတ်ခြင်းမျိုးတွေ အထူးဂရုစိုက်ကြရပါလိမ့်မယ်။

ယတြာ –  ကြာသာပတေးနေ့မှာ … ပညာရှင်များ ၊ မိတ်ဆွေများဖြင့် …ဆွေးနွေးတိုင်ပင်ပါ။ တစ်နှစ်လုံး နံ့သာရောင် ၊၀ါညိုရောင် ၊ သနပ်ခါးရောင် တို့ကို သုံးစွဲသင့်ပါတယ်။ အစိမ်းကတော့ ဖြစ်နိုင်သမျှ ရှောင်သင့်ချိန်ပါ။ ဗုဒ္ဓဘာသာဝင်များအဖို့ …ကြာသာပတေးနေ့မှာ သံဃာ ၄ပါး သို့မဟုတ် ၁၇ပါး ကို ရည်စူးပြီး သင်္ဃန်း လှူပေးသင့်လှပါတယ်။ (ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်သည်)

Travel, Indien, India

တနင်္လာနေ့ဖွား ၊ အမည်အဖျားစာလုံး သောကြာနံ ပိုင်ရှင်များ

( ဥပမာ ၊ ကျော်ဟိန်း ၊ ခိုင်မျိုးသန့် ၊ ခင်မာသွယ်၊ မြင့်မြတ်သူ ..စသည် ) ဒီအမည်ရှင်အများစု အဖို့ ဒီနှစ်သည် ကံကောင်းမယ့်နှစ်လို့ ဆိုရပါလိမ့်မယ်။ ကောင်းသော အထောက်အပံ့ ၊ ကောင်းသောနေရာပေးခံရမှု ၊ ကောင်းသော နေရာထိုင်ခင်းရရှိခြင်း စသည်ဖြင့်ကံတွေ ရောက်လာနိုင်သော ကာလလည်း ဖြစ်ပါတယ်။ ခရမ်းပြာရောင်ကို တစ်နှစ်လုံး နီးနီးစပ်စပ် အသုံးပြုသင့်လှပါတယ်။ စပ်တူအစုစပ်ကိုတော့ သတိပြုပြီး လုပ်ကိုင်သင့်ချိန်ပါ။ မြောက်အရပ်ကို သွားလာခွင့်ကြုံခြင်းဖြင့် ပိုမိုကံကောင်းမှု ရရှိစေလာတတ်ပြီး အဖိုးတန်သော ပိုးဖဲကတ္တီပါများ ဇိမ်ခံပစ္စည်းများလည်း လက်ဆောင် ရရှိတတ်သော နှစ်မျိုး ဖြစ်ပါကြောင်း။

ယတြာ – သံလိုက်တုံးတစ်တုံး (မြင်းခွာပုံသံလိုက်ဖြစ်ပါက ပိုမိုကောင်း) ဆောင်ထားသင့်သော နှစ်ပါပဲ။ သောကြာနေ့မှာ … ပြက္ခဒိန်အဟောင်းတွေ ရှာပြီး စွန့်ပါ။ အရှေ့တောင် အရပ်ကို အသွားအလာ ဆင်ခြင်သင့်ပြီး အနီရဲရဲ အရောင်တွေကိုလည်း သတိပြုရှောင်သင့်သော နှစ်တစ်နှစ် ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်များ အဖို့ သောကြာနေ့မှာ ဘုန်းတော်ကြီးကျောင်းကို နာရီအနီရဲရဲ တစ်လုံးနဲ့ ပြက္ခဒိန်တို့ တွဲလှူပေးသင့်လှပါကြောင်း။ (ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်သည်)

တနင်္လာနေ့ဖွား ၊ အမည်အဖျားစာလုံး စနေနံပိုင်ရှင်များ

( ဥပမာ ၊ ကျော်ကျော်ထွန်း ၊ ခင်မာလာနွယ်၊ မြမှုးတင် ၊ သင်းသင်းနွေး ..စသည် ) ကြားတကာကြား ဘယ်ကြားမှ မ၀င်တာ အကောင်းဆုံး နှစ်ပါပဲ။ တာဝန်တွေယူ..အပင်ပန်းခံလုပ်ပေးပြီး …မျက်နှာမလှ ဖြစ်ရတတ်တာကလည်း ဟောသည့် နှစ်မျိုးပါပဲ။ ဆွေမျိုးသွေးသားတွေ ရင်းနှီးသူတွေ အတွက် ပိုမို ပင်ပန်းရပြီး မျက်နှာမကောင်းလည်း ဖြစ်ရမယ့်နှစ်ပါ။ အနစ်နာခံရမယ့် ကာလမျိုး မုချရောက်နေတာမို့ ဒီတစ်နစ်ကတော့ ပေးကျွေးပြီးမှ မကောင်းပြောခံရမယ့် ကာလပါပဲ။

ယတြာ- စနေနေ့ မှာ သန့်ရှင်းရေးကုသိုလ်ပြုခြင်း ၊ ရေလှုခြင်း ၊ ငါးလွှတ်ခြင်း ၊ငါးစာကျွေးခြင်း အဆင်ပြေတာလေး မဖြစ်မနေလုပ်သင့်သော နှစ်ပါပဲ။ အရှေ့စူးစူး အရပ်ကို အသွားအလာ ဆင်ခြင်သင့်ပြီး အဖြူရောင်တွေကို လျှော့သုံးသင့်ပါတယ်။ ဗုဒ္ဓဘာသာဝင်များအဖို့ ဒီတစ်နှစ် ရေဆိုးရေညစ်တွေကို ကုသိုလ်ဖြစ် သန့်ရှင်းစေခြင်း ၊ ပိတ်ဆို့နေသော ရေဆိုးတွေကို ဖောက်ထုတ် စီးဆင်းစေခြင်း ကုသိုလ်တွေသည် အကောင်းဆုံး ကံဆယ်နည်းတွေပဲဖြစ်ပါလိမ့်မယ်။ (ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်သည်)

တနင်္လာနေ့ဖွား ၊ အမည်အဖျားစာလုံး ရာဟုဖြင့် မှည့်ခေါ်ထားသူများ

( ဥပမာ ..ကျော်ရွှေ၊ ခင်သန့်ရှင်း၊ တင်တင်ရွှေ၊ လှရှိန် ..စသည် ) ဒီတစ်နှစ်က ဆုံးရှုံးစရာတွေ ၊ စွန့်လွှတ်ရမှာတွေ ကြုံလွယ်သော ကာလပါပဲ။ ကံအထူးညံ့တတ်ချိန်လို့သာ သတိပြုပါ။ ခုနှစ်နှစ်တစ်ကြိမ် ကြုံနေကြမို့ အရမ်းကြီးလည်း မစိုးရိမ်သင့်သလို….သတိလက်လွှတ်လည်း မနေအပ်သည့်ကာလ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ စိတ်ဖိအားများလာချိန်မှာ အဝေးတစ်နေရာကို ထွက်သွားချင်စိတ်တွေဝင်လာတတ်ပါတယ်။ အနောက်စူးစူးအရပ်နဲ့ အရှေ့မြောက် အရပ်နှစ်ခုကိုတော့ အသွားအလာဆင်ခြင်သင့်ပြီး.ဖြစ်နိုင်ရင် မြောက်အရပ်ကို ခရီးထွက်ပေးသင့်ပါသည်ခင်ဗျား။
ယတြာ – အိမ်ခြေယာခြေမဲ့များကို ဒါနပြုခြင်းသည် ဒီနှစ်အတွက် အကောင်းဆုံး ယတြာသာ ဖြစ်ပါတယ်။

လေးစားစွာဖြင့်

ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
09 789 333 791, 09 318 17 287 ဟောခန်းလိပ်စာ – တိုက် 6 ၊ အခန်း 3 ၊ မြေညီထပ် ၊ မြကန်သာအိမ်ယာ၊ မြကန်သာလမ်း ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်။ အနီးဆုံး မှတ်တိုင် – ဆင်ရေတွင်းမှတ်တိုင်

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)