တနင်္လာနေ့ဖွားတို့ရဲ့ မြန်မာနှစ်သစ် ကံဇာတာ

လာမယ့် ၁၃၈၀ ခုနှစ်ကတော့ တနင်္လာနေ့ဖွားအားလုံးအတွက် ခရီးသွားနှစ်လို့ ဆိုရလောက်အောင် ခရီး ယာယီကိစ္စများ ကြုံကြိုက်ရခြင်း ၊ သူတစ်ပါးတို့ကိစ္စများ ကြားတွင် မကြာခဏ ဝင်ပါနေရတတ်ခြင်း ၊ အကြံအစည်များ တစ်ဝက်တစ်ပျက် မကြာခဏ ဖြစ်ရတတ်ခြင်း ၊ နေရာကောင်း ရခြင်း ၊ အထောက်အပံ့ ကောင်းများ ရရှိတတ်ခြင်း ၊ နေရေးထိုင်ရေးအတွက် စီမံကိန်းများ အောင်မြင် ကံကောင်းတတ်ခြင်း စတဲ့ ကံတွေ ဝန်းရံနေတတ်သော နှစ်သစ်ပဲ ဖြစ်ပါလိမ့်မယ်။

အသေးစိတ်အားဖြင့် ကဏ္ဍအနည်းငယ် ခွဲခြားပြီး အောက်မှာ ဆက်လက် ရေးသားပေးလိုက်ရပါတယ်။

အလုပ်အကိုင်

အကျိုးစီးပွား ပိုမို ရလွယ်သော ကာလမျိုးဖြစ်ပါတယ်။ မနှစ်ကတုန်းက ခက်ခက်ခဲခဲ လုပ်ခဲ့ရသမျှ အချို့ ကဏ္ဍလေးတွေ ဒီတစ်နှစ်အဖို့ လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ ဖြစ်လာပါမယ်။

ဆင်သွားရင် လမ်းဖြစ်သလို ကိုယ်ရည်ရွယ်ထားတာတွေကို ပိုမို ချောမွေ့မြန်ဆန်လာစေနိုင်သော နှစ်ပါပဲ။ အလုပ်ဟောင်း တစ်ခုခုကို ပြန်လည် စတင်ဖို့၊ ပြန်လည် လုပ်ကိုင်ကြည့်ဖို့ တော့ မကြိုးစားသင့်သော အချိန်ပါ။ အလုပ်ဟောင်းကို ပြန်လုပ်မိခြင်းကြောင့် ပင်ပန်းမှုနဲ့ အခက်အခဲမျိုး ပိုမို ကြုံလွယ်သော ကာလပါ။

ဘာပဲဖြစ်ဖြစ် ဒီတစ်နှစ်သည် အလုပ်အကိုင်ကဏ္ဍမှာ တနင်္လာအများစုအဖို့ မနှစ်ကထက်စာရင် ပိုမို ကံကောင်းနိုင်သော နှစ်မျိုးလို့ ဆိုနိုင်ပါတယ်။

မေတ္တာရေး

ဒီတစ်နှစ် မေတ္တာရေးကတော့ တနင်္လာတွေ စန်း အင်မတန် ပွင့်သော ကာလလို့ မုချ ဆိုရပါလိမ့်မယ်။ နေရာတိုင်းမှာလိုလို မျက်နှာပွင့်ခြင်း ၊ ချစ်ခင် နှစ်သက်မှု ခံရခြင်း ၊ မျက်နှာများလို့ ရလောက်သည်အထိ စန်းအားကောင်းနေတတ်ခြင်းတွေ ကြုံရတတ်ပါတယ်။ အထူးသဖြင့် ဒီကံမျိုး မိမိအပေါ်ရောက်လာပြီလား ဆိုတာကို သိချင်တယ်ဆိုရင် ကောင်းသော မင်္ဂလာအခမ်းအနား ဖိတ်စာမျိုးတွေ ကိုယ့်ဆီ ရောက်လာပြီဆိုရင် မိမိကိုယ်တိုင်ရဲ့ စန်းအားလည်း တက်လာပြီ ဆိုတာ မုချသေချာလှပါတယ်။

မင်္ဂလာ အခမ်းအနားတွေမှာ ကိုယ်ကိုယ်တိုင် တစ်စုံတစ်ရာ ဆောင်ရွက်ခွင့်ရခြင်းအားဖြင့်လည်း ကိုယ့်ဆီမှာ ကောင်းသော ပီယဓာတ် ဆိုက်ရောက်လာတတ်ချိန် ဖြစ်ပါတယ်။

ခက်တာက ဒီတစ်နှစ်မှာ ရှေးကမျက်နှာ များခဲ့ဖူးသော တနင်္လာတွေ၊ ရှေးဝဋ်ကြွေး ဆပ်ပေးရန် ရှိနေသော တနင်္လာတွေအဖို့ကတော့ တစ်ဖက်သတ်အနိုင်ယူတတ်တဲ့ ချစ်သူရဲ့ နှိပ်စက်မှုကို ခံရတတ်ချိန် တနည်းအားဖြင့် ချစ်ဝဋ်ကြွေး ဆပ်ရတတ်ချိန်ပဲ ဖြစ်ပါလိမ့်မယ်။

ပညာရေး

ပညာရေးမှာ စိတ်နှလုံး ကို ခါတိုင်းလို လေးလေးနက်နက် နှစ်ပြီး လုပ်ရခက်စေမယ့် နှစ်ပါ။ အပျော်အပါးနဲ့ အခြားကဏ္ဍများက ပညာရေးကို ပိုမို နှောက်ယှက်လာတတ်ပါတယ်။ ဒီတစ်နှစ်က တနင်္လာအများစုကို ကိုယ့်အားကိုယ်ကိုးဖို့ထက် သူတစ်ပါးအားကိုးနဲ့ အသာအယာ မျောလိုက်မိစေတတ်တဲ့ နှစ်မျိုးလည်း ဖြစ်တာမို့ ပညာရေးမှာ အားနည်းချက်တွေ ပေါ်ပေါက်လာနိုင်ပါတယ်။

ကျန်းမာရေး

ကျန်းမာရေး အားနည်းနေသူများ ခရမ်းပြာရောင်ကို ခေတ္တ ရှောင်သင့်ချိန်ပါ။ အများစုအဖို့ကတော့ ကျန်းမာရေး တိုးတက်ကောင်းမွန် နိုင်ပါလိမ့်မယ်။ ကျန်းမာရေး အားနည်းနေချိန် ဖြစ်နေရင်တော့ မြောက်စူးစူးအရပ်ကို အသွားအလာ မုချ ဆင်ခြင်ရမယ့် နှစ် ဖြစ်ပါတယ်။

အထွေထွေသုံးသပ်ချက်

နေရာဆိုတာနဲ့ ပတ်သက်ရင် အကျိုးပေးကောင်းလှသော နှစ်ပါပဲ။ နေရာပေးခံရတတ်သော ကာလပါ။ ဝန်ထမ်းများအဖို့ နေရာကောင်း၊ ဌာနကောင်းကို မျှော်လင့်ခွင့် အားသာချက် ရှိသော ကာလလည်း ဖြစ်ပါတယ်။ ကောင်းသော အထောက်အပံ့နဲ့ ပံ့ပိုးပေးမှုတွေကိုလည်း ရရှိနိုင်သော နှစ်မျိုးဖြစ်ပါတယ်။ မနှစ်ကတုန်းက အခဲကြီး ခဲလေသမျှ သဲရေကျသဖွယ် ၊ အားကုန်လက်လျော့ လွဲချော်ခဲ့ရသမျှ အကျိုးစီးပွားအချို့ ရှိခဲ့မှာ ဖြစ်ပေမယ့် ဒီတစ်နှစ်ကတော့ တနင်္လာအများစုကို အားအင် ပြန်လည် တက်ကြွလာဖွယ်ရာ အကျိုးစီးပွား အငွေ့အသက်တွေ ပြန်လည် လွှမ်းခြုံလာနိုင်သော နှစ်မျိုး ဖြစ်ပါတယ်။

ဆိုတော့ ကောဇာကံအနေအထားကတော့ တနင်္လာအများစုအပေါ်မှာ မျှော်လင့်ခွင့် ပေးလာနေတာ အမှန်ပါပဲ။

ဒီတစ်နှစ် တနင်္လာအားလုံး ဂရုပြုရမယ့် ကံတစ်ခုကတော့ ကြွေးမြီ ၊ လိမ်လည်ခံရမှုနဲ့ ဂုဏ်သိက္ခာကျဆင်းရမှု အပိုင်းတွေပဲ ဖြစ်ပါလိမ့်မယ်။ ဖြစ်နိုင်သမျှ ကြွေးမြီ ရရန်ပေးရန် ကဏ္ဍတွေမှာ သတိပြုလုပ်ကိုင်ရမယ့်ကာလပါ။

ဂုဏ်သိက္ခာကျကိန်းနဲ့ အမှုအခင်းကံ ဆိုက်နေသော တနင်္လာများအဖို့ လိမ္မော်ရောင်နဲ့ အရှေ့မြောက်အရပ်ကို အထူးပြု ရှောင်ကျဉ်ရမယ့်ကာလဖြစ်ပါတယ်။ အကြီးအကျယ် အလိမ်ခံရခြင်းမျိုးတွေမှာ ကြာသာပတေးနေ့နဲ့ ပိုမို ပတ်သက်နေတတ်ပါတယ်။ ဒါကြောင့် ကြာသာပတေးနေ့မျိုးမှာ သူတစ်ပါးကို ယုံကြည်အပ်နှံမိခြင်းမျိုး ဖြစ်စေ၊ မပြုအပ်သော ကာလပဲ ဖြစ်ပါလိမ့်မယ်။

အားလုံးကို လေးစား ကျေးဇူးတင်စွာဖြင့်

ကိုဖုန်း / သုတေသီ ဝေသာလီမောင်ဖုန်း / ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
09 789 333 791, 09 318 17 287

ဟောခန်းလိပ်စာ – တိုက် 6 ၊ အခန်း 3 ၊ မြေညီထပ် ၊ မြကန်သာအိမ်ယာ၊ မြကန်သာလမ်း ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်။ အနီးဆုံး မှတ်တိုင် – ဆင်ရေတွင်းမှတ်တိုင်

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)