တိထီ (၅) ဖြာ မင်္ဂလာအခါ ရွေးနည်း

မြန်မာလူမျိုးအများစုက မင်္ဂလာအခါရက် ရွေးတဲ့နေရာမှာ ရက်ရာဇာ၊ ပြဿဒါးတွေလောက်ကိုပဲ အဓိကထား သုံးစွဲကြပါတယ်။ ဗေဒင်ပညာနဲ့ သိပ်မစိမ်းလှတဲ့ လူနည်းစုကပဲ တိထီ၊ အမြိတ္တစုတ် စတဲ့ အသေးစိတ် မင်္ဂလာ အခါရက်တွေကို ရွေးတတ်ကြပါတယ်။ ဒီတစ်ခါမှာတော့ မင်္ဂလာအခါ ရွေးခြယ်လိုသူတိုင်း အလွယ်တကူနဲ့ သိရှိ နားလည်လွယ်အောင် တိထီ (၅)ဖြာနဲ့ မင်္ဂလာအခါ ရွေးနည်းကို တင်ပြပေးချင်ပါတယ်။

(၁) နန္ဒာတိထီ – ဘယ်လမဆို လဆန်း၊ လဆုတ် ၁ ၊ ၆ ၊ ၁၁ ရက်တွေက တနင်္ဂနွေနေ့၊ သောကြာနေ့တွေနဲ့ တိုက်ဆိုင်နေရင် အဲလိုနေ့မှာ အိုးအိမ်၊ ကျောင်း ဆောက်တာ၊ စေတီပုထိုး၊ တံတားဆောက် ပန္နက်ရိုက်တာ၊ ရေတွင်းရေကန် တူးတာ၊ ရှင်ပြုနားသ မင်္ဂလာတွေ ပြုလုပ်နိုင်ပါတယ်။ အုပ်ချုပ်သူတွေနဲ့ ဆုံတွေ့တာမျိုး လုပ်သင့်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၂) ဘဒြာတိထီ – ဘယ်လမဆို လဆန်း၊ လဆုတ် ၂၊ ၇၊ ၁၂ ရက်တွေနဲ့ တနင်္လာ၊ ဗုဒ္ဓဟူးနေ့တွေနဲ့ တိုက်ဆိုင်တဲ့အခါ ဘဒြာတိထီ ဖြစ်ပါတယ်။ ဒီလိုနေ့မျိုးမှာ အလုပ်သစ် လျှောက်တာ၊ လုပ်ငန်း စတင်တာ၊ အမည်ပေး ကင်ပွန်းတပ်တာ၊ ဆိုင်သစ် ဖွင့်တာ၊ အရောင်းအဝယ်တွေ ပြုလုပ်တာတွေအတွက် သင့်လျော် ကောင်းမွန်ပါတယ်။

(၃) ဇေယျာတိထီ – ဘယ်လမဆို လဆန်း၊ လဆုတ် ၃ ၊ ၈ ၊ ၁၃ ရက်တွေက အင်္ဂါနေ့နဲ့ တိုက်ဆိုင်ရင် အသင်းအဖွဲ့ တည်ထောင်တာ၊ သင်တန်းဖွင့်တာ၊ ဘုရားထီးတင်တာ၊ ရှင်ပြု ဘိသိက်ခံတာ၊ တရားစီရင်တာတွေ ပြုလုပ်နိုင်ပါတယ်။ စစ်ပွဲတွေနဲ့ ဆက်စပ်လို့ တပ်ထောင်တာ၊ စစ်ထွက်စစ်ဆင်တာ၊ လက်နက် ပြုလုပ်တာတွေကို ဆောင်ရွက်သင့်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၄) ရိတ္တာတိထီ – ဘယ်လမဆို လဆန်း၊ လဆုတ် ၄၊ ၉ ၊ ၁၄ ရက်တွေက စနေနေ့နဲ့ တိုက်ဆိုင်နေရင် လောကီ လူ့ဘောင်ဆိုင်ရာ ကိစ္စတွေ သိပ်မကောင်းဘဲ တရားထိုင်၊ အဓိဌာန် စဝင်တာ၊ ရဟန်းခံတာတွေက ပိုသင့်လျော်ပါတယ်။ ဒါ့အပြင် ဆေးပေး ကုသတာ၊ အဆောင်လက်ဖွဲ့ လုပ်တာ၊ သစ်ပင် ခုတ်လှဲ၊ ပစ္စည်းသိမ်းဆည်းတာတွေ လုပ်နိုင်ပါတယ်။

(၅) ပုဏ္ဏာတိထီ – ဘယ်လမဆို လဆန်း၊ လဆုတ် ၅ ၊ ၁၀ ၊ ၁၅ ရက်တွေက ကြာသပတေးနေ့နဲ့ တိုက်ဆိုင်နေရင် အဲလိုနေ့မျိုးမှာ ပညာ စသင်တာ၊ ယာဉ်အသစ် ဝယ်တာ၊ လက်ယာလုပ်ငန်း စတင်တာ၊ မော်ကွန်းမှတ်တမ်း ရေးထိုးတာတွေနဲ့ အတူ ရတနာ ဆင်ယင်၊ မင်္ဂလာပြုတာ၊ ဘဏ်ငွေစာရင်း သွင်းတာ၊ ဥစ္စာပစ္စည်း သိုလှောင်တာတွေ လုပ်ရပါမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

တိထီ (၅) ပါးနဲ့ လဆန်းလဆုတ်ကို အလွယ်တကူ တိုက်စစ် ရွေးချယ်နိုင်အောင် ဇယား ပြုလုပ်ထားပါတယ်။ အားလုံး အလွယ်တကူ အသုံးပြုနိုင်ပြီး မင်္ဂလာအခါရက်တွေကို ရွေးချယ် အသုံးပြုနိုင်ပါစေ  –  ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)