ထရမ့်နဲ့ ဘိုင်ဒင် ဘယ်သူ ပြိုင်နိုင်လို့ နိုင်မလဲ

ကမ္ဘာ့စူပါအင်အားကြီးနိုင်ငံ ဖြစ်တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တဲ့ အချိန်မှာ ယှဉ်ပြိုင်သူတွေ ဖြစ်တဲ့ လက်ရှိသမ္မတဒေါ်နယ်ထရမ့်နဲ့ ဒီမိုက်ကရက်သမ္မတလောင်း ဂျိုးဘိုင်ဒင် နှစ်ဦးထဲကနေ ဘယ်သူက အနိုင်ရမလဲ ဆိုတာ သိပ်ကို စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်း ဖြစ်လာပါတယ်။

နိုင်ငံရေးပုရောဟိတ်တွေနည်းတူ နိုင်ငံတကာက ဗေဒင်ဆရာတွေကလည်း ဒေါ်နယ်ထရမ့်နဲ့ ဂျိုးဘိုင်ဒင်တို့ရဲ့ မူလဇာတာတွေကို တွက်ချက်ရုံသာမကဘဲ ဟူးရားစနစ်၊ ဂဏန်းဗေဒင်၊ တားရော့ အစရှိတဲ့ နိမိတ်ဖတ်ဗေဒင်၊ သင်္ချာဗေဒင် နည်းပေါင်းစုံတွေ သုံးပြီး အဖြေရှာ ဟောကိန်းထုတ်လာကြပါတယ်။ ဖြစ်တန်ခြေ ၅၀း၅၀ ရှိနေတဲ့ ဒီဟောဆိုချက်တွေအရ ဘယ်သူဘယ်ဝါ အနိုင်ရမယ်ဆိုတာ တစ်ဖက်တည်း တွက်လို့မရဘဲ ဗေဒင်ပညာရှင်ရဲ့ အယူအဆရ ဟောကိန်းအမျိုးမျိုးလည်း ရှိနေပါတယ်။

ယူကေက The Sun သတင်းမီဒီယာမှာ နှစ် ၂၀ လောက် အတွေ့အကြုံရှိတယ် ဆိုတဲ့ တားရော့ဗေဒင်ဆရာမ ကယ်ရီက “ဂျိုးဘိုင်ဒန် အသာစီးရနိုင်တယ်” လို့ ဟောပါတယ်။ တကယ်လို့ ဂျိုးဘိုင်ဒန် နိုင်ခဲ့ရင်လည်း လက်ရှိ သမ္မတထရမ့်က အသာတကြည် ဖယ်ပေးမှာ မဟုတ်ဘဲ ပြဿနာတွေ တက်နိုင်တယ်လို့ ဆိုပါတယ်။

The Express သတင်းဌာနကတော့ နက္ခတ်ဗေဒင်ဆရာမဖရန်ဆီစကာဆိုသူကို မေးမြန်း ဖော်ပြရာမှာ သူမက ဒေါ်နယ်ထရမ့်ပဲ ဆက်လက် အနိုင်ရဦးမယ်လို့ ဆိုပါတယ်။ သူမရဲ့ ဂဏန်းဗေဒင် တွက်ချက်မှုအရလည်း အခု သမ္မတထရမ့်ဟာ နောက်တစ်ကြိမ် အောင်ပွဲခံလိမ့်မယ်လို့ ယတိပြတ် ဟောချက် ထုတ်ပါတယ်။

Gulf News သတင်းက အိန္ဒိယဗေဒင်ဆရာ (၃) ဦးနဲ့ တွေ့ဆုံမေးမြန်းရာမှာ ၂ ဦးက သမ္မတဒေါ်နယ်ထရမ့်ကပဲ ဆက်နိုင်လိမ့်မယ်လို့ ဟောပြောပြီး ကျန် ၁ ဦးကတော့ ဂျိုးဘိုင်ဒင် နိုင်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လာမယ့် ရွေးကောက်ပွဲဟာ သူမသာ၊ ကိုယ်မသာ ဖြစ်နိုင်လို့ အကြိတ်အနယ် ယှဉ်ပြိုင်ရလိမ့်မယ်လို့ ဟောပါတယ်။

ရွေးကောက်ပွဲ ကျင်းပရက် ဖြစ်တဲ့ နိုဝင်ဘာ ၃ ရက်ဟာ ဗုဒ္ဓဟူးဂြိုဟ် အကောက် (နောက်ပြန်-ဝကြ) သွားချိန် ဖြစ်နေလို့ မဲတွက်ချက်မှု မှားပြီး ပြန်ရေတွက်ရတာ၊ ဗရုတ်သုက္ခတွေ ဖြစ်ပြီး ပြန်ရှင်းရတာ စတဲ့ နောက်ကြောင်း မအေးစရာ အခြေအနေတွေ ရှိနေမယ်လို့ နက္ခတ်ဗေဒင်ဆရာတွေက ယူဆထားပါတယ်။ ဒီဆောင်းပါးကို ဗေဒင်သုတ Admin Team က သတင်းဌာနတွေဆီက ကောက်နုတ်ပြီး ဖော်ပြတာဖြစ်ပါတယ်။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)