မြန်မာ့ရိုးရာထီပေါက်ကိန်း တွက်နည်းစုံ

ရှေးလူကြီးသူမတွေကလည်း ထီနဲ့ ပတ်သက်လို့ မထိုးလူမိုက်၊ ထိုးလူမိုက် ဆိုပြီး ဆိုရိုးစကား ထားခဲ့ကြပါတယ်။ သဘောကတော့ ကံဆိုတာ မမြင်ရတဲ့ကိစ္စမို့ ထီကို လုံးဝ မထိုးဘဲ ပစ်ပယ်ထားသူဟာ မထိုး လူမိုက် ဖြစ်ပြီး ထီ ချည်းထိုးနေပြီး ဘာအလုပ်မှ မလုပ်ဘဲ စိတ်ကူးတွေ ယဉ်နေသူတွေကိုတော့ ထိုးလူမိုက်လို့ သတ်မှတ်ခဲ့တာကို ဆိုလိုပါတယ်။

နှစ်ပေါင်းထောင်ချီ ရပ်တည်လာတဲ့ ဗေဒင်ပညာမှာတော့ တကယ်တမ်းတွက်ရိုးမှာ ထီပေါက်ကိန်းရယ်လို့ မရှိဘဲ ငွေအစုအလိုက် အပြုံလိုက် ရုတ်ချည်း ရရှိတဲ့ ကိန်း၊ မထင်မှတ်ဘဲ ရွှေငွေရတနာနဲ့ ပြည့်စုံစေတတ်တဲ့ ကိန်းရယ် လို့သာ ရှိပါတယ်။ ဒါကိုပဲ ထီအဖြစ် ယူဆ တွက်ချက် ဟောပြောတာ ဖြစ်ပါတယ်။

ဒီနေရာမှာ ဗေဒင်သုတရဲ့ စာဖတ်ပရိတ်သတ်တွေ အတွက် ထီဗေဒင်တွက်ရိုးတချို့ကို စုစည်း မျှဝေပေးချင်ပါတယ်။ ဒီတွက်နည်းတွေတိုင်း တွက်ထိုးရင် ကျိန်းသေ ပေါက်မလားဆိုရင်တော့..ဟင့်အင်းပါ။ မရေရာတဲ့ လောက၊ ကြိုတင်မှန်းဆလို့ မရတဲ့ ဟောဒီလောကထဲမှာ ကောက်ရိုးတစ်မျှမက အသုံးဝင်စေဖို့ အလို့ငှာ တင်ပြပေးရုံသာ ဖြစ်ပါတယ်။

ထီတွက်နည်း (၁) မြန်မာ့ရိုးရာဗေဒင်နည်းနဲ့ ထီပေါက်ကိန်းကို တွက်ချက်ရာမှာ စလေဦးပုညရဲ့ နာမည်ကျော် ထီပေါက်ကိန်း တွက်နည်းကို ရှေ့ဆုံးကနေ တင်ပြလိုက်ပါတယ်။ ဒီတွက်နည်းမှာ မွေးနံဂြိုဟ်သက်တွေက အရေးပါနေတာမို့ ဒီဂြိုဟ်သက်တွေကို အရင်မှတ်ထားပါ။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

တွက်နည်းအဆင့်ဆင့်ကို သေချာဖတ်ပေးပါ။ အဆင့် (၁) မှာ ကိုယ့်ရဲ့ မြန်မာမွေးသက္ကရာဇ်ကို ကိုယ့်ရဲ့မွေးနံ ဂြိုဟ်သက်နဲ့ ပေါင်းပါ။ အဆင့် (၂) ပေါင်းခြင်းဂဏန်းတွေကို ၄၃ နဲ့ စားပါ။ အဆင့် (၃) စားလို့ရတဲ့အကြွင်းကို ကိုယ့်ရဲ့ လက်ရှိအသက်နဲ့ ပေါင်းပါ။ အဆင့် (၄) အားလုံးပေါင်းခြင်းကို ၇ နဲ့ ထပ်စားပါ။ ရလာတဲ့ အကြွင်းက (၀) ကြွင်း၊ (၅) ကြွင်းဆိုရင် ထီဆုကြီးပေါက်ကိန်း ရှိပါတယ်။ (၅) ကြွင်းရင် တစ်ယောက်တည်း ထိုးရမှာ ဖြစ်ပြီး (၀) ကြွင်းရင် စပ်တူထိုးမှ ပေါက်ပါမယ်။ (၁) ကြွင်း (၆) ကြွင်းရင်တော့ ထီဆုသေး ဝင်တတ်ပါတယ်။

ထီတွက်နည်း (၂) ဒီတွက်နည်းလေးကတော့ သက်ရောက်ဟောကိန်းကို အခြေခံပါတယ်။ လိုတိုရှင်း ပြောရရင် ကိုယ့်အသက်ကို တည်ပြီး (၈) နဲ့ စားပါ။ တနင်္ဂနွေသားသမီး ဖြစ်ပြီး (၂) ကြွင်းရင်၊ တနင်္လာသားသမီး ဖြစ်ပြီး (၁) ကြွင်းရင်၊ အင်္ဂါ သားသမီး ဖြစ်ပြီး (၀) ကြွင်းရင်၊ ဗုဒ္ဓဟူး သားသမီး ဖြစ်ပြီး (၇) ကြွင်းရင်၊ ကြာသပတေး သားသမီး ဖြစ်ပြီး (၅) ကြွင်းရင်၊ သောကြာသားသမီး ဖြစ်ပြီး (၃) ကြွင်းရင်၊ စနေ သားသမီး ဖြစ်ပြီး (၆) ကြွင်းရင် ထီပေါက်ကိန်း ရှိပါတယ်။

အိမ်နားပတ်ဝန်းကျင်မှာ ကလေးမွေးဖွားတာ၊ ကိုယ်ဝန်ဆောင်တာ၊ အလှူကြီးပေးတာ၊ နတ်ပွဲကြီး ကျင်းပတာ၊ မင်္ဂလာဆောင်တာ စတဲ့ နိမိတ်တစ်ခုခု ကြုံရင် ထီပေါက်ကိန်းကို ပိုအားကောင်းစေပါတယ်။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ထီတွက်နည်း (၃) ဒီတွက်နည်းကလည်း မြန်မာ့ရိုးရာဗေဒင်နည်းလေးတစ်ခုပါပဲ။ ကိုယ့်ရောက်ဆဲအသက်နဲ့ ကိုယ့်မွေးနံဂြိုဟ်သက် (အပေါ်မှာ ပြသပြီး) ကို ပေါင်းရပါမယ်။ ပေါင်းရကိန်းကို (၈) နဲ့စားပါ။ ကိုယ့်မွေးနံ ပြန်ကြွင်းရင် ထီပေါက်ကိန်း ရှိနေပါတယ်။

ဥပမာ တွက်ပြရရင် တနင်္ဂနွေသား အသက် ၃၅ နှစ်ဆိုရင် ၃၅ နှစ်နဲ့ မွေးနံဂြိုဟ်သက် (၆) ကို ပေါင်းပါ။ ၄၁ ရပါမယ်။ အဲဒီ ၄၁ ကိုမှ ၈ နဲ့စားပါ။ ၁ ကြွင်းပါမယ်။ ၁ ဂဏန်းဟာ တနင်္ဂနွေကို ကိုယ်စားပြုလို့ ထီ ပေါက်ကိန်း ရှိနေပါတယ်။ တနင်္ဂနွေဆို (၁) ၊ တနင်္လာ (၂)၊ အင်္ဂါ (၂)၊ ဗုဒ္ဓဟူး (၄) ၊ ကြာသပတေး (၅) ၊ သောကြာ (၆) စနေ (၀) ဖြစ်ပါတယ်။

ထီပေါက်ကိန်း တွက်ချက်နည်း (၃) မျိုးကိုတော့ တင်ပြခဲ့ပြီးပါပြီ။ မြန်မာ့ရိုးရာဗေဒင်နည်း သာမကဘဲ တခြား အရှေ့တိုင်းအနောက်တိုင်း ဗေဒင်နည်းစနစ်တွေနဲ့ တွက်ချက်ယူဆပုံကို နောက်ဆက်တွဲ ဆောင်းပါးအဖြစ် ဆက်လက် ဖော်ပြပေးပါဦးမယ်။ လောလောဆယ်တော့ အထက်က နည်း (၃) မျိုးနဲ့ တွက်ချက်ပြီး ထီဆုကြီး ပေါက်ကြပါစေလို့ အလေးအနက် ဆန္ဒပြု ဆုတောင်းပေးချင်ပါတယ်ဗျာ။

ထီပေါက်ငွေဝင်လို့ ချမ်းသာပျော်ရွှင်နိုင်ကြပါစေ – ဧက

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)