ထီပေါက်၊ ငွေဝင် လက္ခဏာရှင်များ

မြန်မာ့လက်ဆန်းဗေဒင်ပညာနဲ့ နက္ခတ်ဗေဒင်ပညာရပ်တွေမှာ မူလဇာတာအရ ငွေအစုလိုက် အပြုံလိုက် ရကိန်း၊ ထီပေါက်ကိန်းတွေကို သုံးသပ်အဖြေရှာလို့ ရတဲ့ နည်းစနစ်တွေ ရှိပါတယ်။ အဲဒီလိုပဲ လက္ခဏာပညာမှာလည်း လက်ဖဝါးပြင်ပေါ်က အရေးအကြောင်းတွေနဲ့ သင်္ကေတ အမှတ်အသားတွေကို ထောက်ဆပြီး လူတစ်ယောက်ရဲ့ ဓနကုသိုလ်ကံကို ဖော်ထုတ် အဖြေရှာနိုင်ပါတယ်။

ဆိုတော့.. လက္ခဏာပညာရပ်နဲ့ ငွေဝင်ထီပေါက်ကိန်းတွေကို လူတိုင်း အလွယ်တကူ သိရှိနားလည်နိုင်အောင် ဒီနေရာမှာ ဖော်ပြပေးချင်ပါတယ်။ သတိချပ်ရမှာက ဒီသင်္ကေတ၊ ဒီလမ်းကြောင်းတွေ ကိုယ့်ဆီမှာ ပါလာတာနဲ့ ငါတော့.. ပေါက်ပြီလို့ တထစ်ချ ပုံသေ မမှတ်ယူသင့်ဘဲ ငါ့မှာတော့ ဒီလို အကြောင်းတရားတွေ ပါလာနေလို့ ပုံမှန်လေး ကံစမ်း ပေးသင့်တယ်၊ ဒါနကုသိုလ်မျိုးစေ့ ချပြီး ဆုတောင်း ရယူသင့်တယ်ဆိုတာ သိစေလိုပါတယ်။

(၁) ငွေကြေးလမ်းကြောင်းများ

ဖော်ပြပါအတိုင်း လက်သူကြွယ်နဲ့ လက်သန်းအောက်ကြားထဲမှာ မျဉ်းလိုင်းလေးတွေ ရှိနေမယ်ဆိုရင် ဘဝမှာ ထီပေါက်ကိန်း၊ ငွေအထုပ်အထည်းနဲ့ ရကိန်း ရှိတယ် ဆိုတဲ့ သဘောပါပဲ။ လိုက်နာရမယ့် အချက်တစ်ခုကတော့ ထီထိုး၊ ကံစမ်း လုပ်တဲ့အခါ သိပ် တွက်ချက်မနေဘဲ စိတ်ကူးတည့်ရာ၊ အာရုံကျရာကို လုပ်ကြည့်ဖို့ပါပဲ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

(၂) ဉာဏ်လမ်းကြောင်းရဲ့ ဦးတည်ရာ

လက္ခဏာပညာမှာ အရေးအပါဆုံး လမ်းကြောင်းတစ်ခု ဖြစ်တဲ့ ဉာဏလေခ (ခေါ်) ဉာဏ်လမ်းကြောင်းအဆုံးက လက်သန်းအောက်ခြေ ဒါမှမဟုတ် လက်ညိုးရင်းဘက်ကို ဦးတည် ထောင်တက်သွားမယ်ဆိုရင် ကံတရားကိုပဲ မှီခိုရတဲ့ လုပ်ငန်းမျိုးမှာ အောင်မြင်မှု ရမယ်လို့ ဆိုလိုပါတယ်။ ထီထိုး ကံစမ်းတာမျိုး မကြာခဏ လုပ်ကြည့်ပါ။

(၃) ယူရေးနပ်စ်လမ်းကြောင်း

နက္ခတ်ဗေဒင်မှာ မထင်မှတ်တဲ့ အကျိုးပေးကို ဖော်ညွှန်းတဲ့ ယူရေးနပ်စ်ဂြိုဟ်ဟာ လက္ခဏာ ပညာရပ်မှာလည်း ပါဝင်နေပါတယ်။ ပုံပါအတိုင်း လက်သန်းအောက်ခြေကနေ လက်ဝါးစောင်း အောက်နားထိ ကွေးညွှန်သွားတဲ့ လမ်းကြောင်း (ယူရေးနပ်စ်လမ်းကြောင်း) မျိုး လက်မှာ အထင်အရှား ပါနေရင် ထီပေါက်ကိန်း ရှိပါတယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

(၄) လက်ကောက်ဝတ်က တြိဂံ

ဒီသင်္ကေတကတော့ လူအများ သိနှင့်ပြီးသား ဖြစ်ပါလိမ့်မယ်။ ကိုယ့်ရဲ့ လက်ကောက်ဝတ်မှာ တြိဂံသဏ္ဍာန် ပါလာရင် မထင်မှတ်ဘဲ  ရုတ်တရက် ကံကောင်းမှုမျိုး ကြုံရတတ်ပါတယ်။ အထူးသဖြင့်တော့ ငွေကြေးပိုင်း ဓနဥစ္စာပိုင်းမှာ ကြွေတစ်လှည့် ကြက်တစ်ခုန်လို အလှည့်အပြောင်း ကြီးစွာ အကျိုးပေးကောင်းတတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

(၅) ဂြိုဟ်ခုံပေါ်က ကြယ်ပွင့်များ

ဓနသုခနဲ့ အောင်မြင်ကြီးပွားမှုတွေကို ကိုယ်စားပြုတဲ့ ကြာသပတေးနဲ့ တနင်္ဂနွေဂြိုဟ်ခုံတွေပေါ်မှာ ဖော်ပြပါ ပုံအတိုင်း ကြယ်ပွင့်လေးတွေ ပါလာခဲ့ရင်တော့ ဘဝမှာ မမျှော်လင့်ဘဲ ကြီးပွားချမ်းသာမယ့် ကံအကြောင်းအရား ပါလာတယ်လို့ ဆိုပါတယ်။ ဂြိုဟ်ခုံတွေကလည်း ပန်းရောင်သန်း ကြည်လင်နေရင် အတိုင်းထက်အလွန်ပါပဲ။

လက္ခဏာဝါသနာရှင်တွေအနေနဲ့ ကိုယ့်လက်ဖဝါးပေါ်မှာ အထက်ပါ လမ်းကြောင်းနဲ သင်္ကေတတွေ ပါလာရင် လစဉ် ထီကံစမ်းကြည့်ဖို့နဲ့ ကုသိုလ်ကောင်းမှု များများလုပ်ရင်း ဆုတောင်းပေးဖို့ အလေးအနက် တိုက်တွန်း ဆော်သြချင်ပါတယ်။ ဒီလိုအချက်တွေ မပါလာခဲ့ရင်လည်း စိတ်ပျက်စရာ မလို၊ လက္ခဏာပညာရပ်ဟာ နက်နဲ သိမ်မွေ့လွန်းတာမို့ တခြားသော အကြောင်းတရားတွေ ရှိနေဆဲ ဖြစ်တယ်ဆိုတာ အသိပေးချင်ပါတယ်။

ငွေနံကောင်းလို့ ထီကံကောင်းကြပါစေသတည်း – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)