ထီးရိုးကို မိုးကြိုးပစ်မယ်

ဟိုင်နန်ကျွန်းနဲ့ ဖော်မိုဆာစစ်ကျောင်းဆင်းများ ဖြစ်တဲ့ မြန်မာပြည်ရဲ့ ကံကြမ္မာကို ဖန်တီးကြမယ့် ရဲဘော် ၇ ဦးဟာ ဗီယက်နမ် တောင်ပိုင်း၊ ဆိုင်ဂုံမြို့တော်ရဲ့ ဂျပန်စစ်ဌာနချုပ် အဆောက်အဦးတစ်ခုမှာ တိတ်တဆိတ် ရောက်နေကြပါတယ်။

သူတို့တွေကတော့ ဗိုလ်တေဇ (သခင်အောင်ဆန်း) ၊ ဗိုလ်မင်းခေါင်၊ ဗိုလ်ဖုန်းမြင်၊ ဗိုလ်လင်းယုန်၊ ဗိုလ်မြဒင်၊ ဗိုလ်ကျော်ဇော၊ ဗိုလ်မြင့်အောင်တို့ ဖြစ်ပါတယ်။ ဗမာ့လွတ်လပ်ရေးတပ်မတော် ချီတက်တိုက်ခိုက် နိုင်ရေး အတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို ဆောင်ရွက်နေတုန်းမှာ ဗိုလ်ချုပ်က သူ့ရဲဘော်တွေကို ဗေဒင်၊ ကိန်းခန်း၊ အတိတ်တဘောင်တွေကို ယုံကြည်ကြ သလားလို့ မေးပါတယ်။ ပြီးတော့ သူ့ရဲ့ အယူအဆ ကိုလည်း အားပါးတရကြီး ပြောလိုက်ပါတယ်။

“ဗေဒင်၊ အတိတ်တဘောင် စတဲ့ အတတ်ပညာဟာ ဘုရားလက်ထက် မတိုင်ခင်က ရှိတယ်။ တို့ ဘုရားလောင်းတောင် ဧကန်ဘုရား ဖြစ်မယ်လို့ ကောဏ္ဍညပုဏ္ဍားက အတတ်ဟောခဲ့တယ်။ ဒီတော့ ဒီအတတ်ပညာဟာလေ့လာအပ်တဲ့ပညာတစ်ခုပဲ။ ကျွန်တော်တို့ အရေးတော်ပုံ အောင်ရမယ်၊ ကိုယ်လုပ်တဲ့ အလုပ်ကို ကိုယ်ယုံကြည်ရမယ်”

“တဘောင်ကိန်းခန်းကလည်း ထီးရိုးကို မိုးကြိုးပစ်မယ်လို့ ဆိုထားတယ်။ ထီးရိုးဆိုတာ အင်္ဂလိပ်၊ မိုးကြိုးဆိုတာ တို့ ချီတက်တိုက်ခိုက်တဲ့ အခါ ဗိုလ်မှူးကြီး မီနာမီဆူဇူကီးကို ဗိုလ်မိုးကြိုးလို့ အမည်ပေးဖို့ စီစဉ်ပြီးသား၊ ကိုင်ရိုရေးတဲ့ နာမဗေဒစာအုပ်မှာ ၄ ဂဏန်းသမားတွေဟာ အုပ်စိုးသူမင်းအစိုးရတွေရဲ့ ဥပဒေနဲ့ အုပ်ချုပ်မှုတွေကို တော်လှန်ပြီး အသစ်အဖြစ် ပြောင်းလဲပစ်တတ်ကြတယ်၊ ၄ ဂဏန်းနဲ့ မွေးပြီး စနေသားလည်းဖြစ်မယ်ဆိုရင် ပိုထက်သတဲ့။” အဲဒီလို ဗိုလ်ချုပ်က သူပြောချင်တာကို ကွက်ကွက်ကွင်းကွင်း ရှင်းလင်းပြောပြခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့၊ စနေနေ့မှာ မွေးဖွားခဲ့တာဆိုတော့ ဗိုလ်ချုပ်ရဲ့ ဦးဆောင်မှုနဲ့ မြန်မာပြည်ကို လွတ်လပ်ရေးရအောင် ဝင်တိုက်မယ်ဆိုရင် အုပ်ချုပ်သူအင်္ဂလိပ်တွေ ပြုတ်ကို ပြုတ်ရမယ်။ လွတ်လပ်ရေးလည်း မုချရမယ်လို့ ဆိုတယ်။ ဒီကိစ္စတွေကလည်း ယုံကြည်မှုနဲ့ ဆက်စပ်နေတာ ဆိုတော့ ပြောရအခက်သားလား။


ဗိုလ်ချုပ်ကတော့ သူ့ဟာသူ တွက်ချက်ပြီး စိတ်အားထက်သန်နေတယ်။ သူ့ရဲ့ ယုံကြည်မှုနဲ့ စိတ်ဓာတ် ရင့်သန်မှုတွေကလည်း ပြင်းပြင်းရှရှ၊ ရဲဘော်တွေဆီ ကူးစက်ပြီး ပီတိတွေ ဝေဆာ၊ ဇာတိမာန်တွေ တဖွားဖွား ဖြစ်ပေါ်ခဲ့တယ်။ ဒါ့ကြောင့် ဗိုလ်ချုပ်သည် အတိတ်တဘောင် အချိန်အခါနဲ့ ပေါ်လာတဲ့ လူထူးကြီး တိဟိတ်ဘွားတဲ့ ဇာနည်ယောင်္ကျား ဆိုပြီး အသွေးအသားတွေ ဆူပွက်လို့ သမုတ်၊ အသံကို မြှင့်ပြီး ဝိုင်းအားပေးလိုက်ကြတာ အခန်းတစ်ခန်းလုံး ပီတိလှိုင်းတွေ ပြန့်ကြဲ ကုန်ပါတော့တယ်။

ဗေဒင်ကိန်းခန်း အတိတ်တဘောင်များကို ယုံကြည်စွာ လက်ခံခဲ့ပြီး ရဲရင့်ပြတ်သားစွာ တိုက်ခိုက်ခဲ့လို့ ထီးရိုးကို မိုးကြိုးပစ်ခဲ့ပါတယ်။ တိဟိတ်ဘွား ဇာနည်ယောင်္ကျား အစစ်အမှန် ဧကန် ဖြစ်တဲ့အကြောင်း ကိုလည်း ကျွန်မတို့သမိုင်းမှာ အရှည်တည်တံ့လို့ ကျန်ရစ်ခဲ့ပါတယ်။

(မော်နီတာဂျာနယ် အတွဲ(၁)၊ အမှတ် ၃၄ မှာ ပါဝင်တဲ့ တီတီအိပ်ခ်ျ (ပြည်) ရေးသားသော တိဟိတ်ဘွား အာဇာနည် ယောင်္ကျား ဆောင်းပါးမှ ကောက်နုတ် တင်ပြတာ ဖြစ်ပါတယ်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)