ထွက်ပေါက်ပိတ်နေသူများအတွက် အစွမ်းထက်အဓိဌာန်ကျင့်စဉ်

“ဘာလုပ်လုပ်အဆင်မပြေဘူးဆရာ…ဒီရက်ပိုင်း အသက်ရှင်ချင်စိတ်တောင်မရှိတော့ဘူး”လို့ ဆိုလာသူများ“ဈေးရောင်း မကောင်းတာ လနဲ့ချီပြီဆရာ ဒီတိုင်းဆက်သွားရင် ဆိုင်ပိတ်ရတော့မယ့် အနေထားပဲ”လို့ ပြောလာသူများ“ကျွန်တော် နိုင်ငံခြားထွက်ဖို့ လုပ်နေတာ နှစ်နဲ့ချီနေပြီဆရာရေ… ဒီတစ်သက်နိုင်ငံခြား ရောက်ပါဦးမလား…စိတ်ဓာတ်တေလည်း ကျနေပြီ…”လို့ ညည်းနေသူများ“ကျွန်တော် ခုရက်ပိုင်း ကံ ဆက်တိုက်နိမ့်နေသလိုပဲဆရာ…ဘာလုပ်လုပ် ပြဿနာပေါင်းစုံဖြစ်နေတယ်”ဆိုတဲ့ စိတ်ပျက်လက်ပျက် အသံများ…

မကြာခဏ ဆိုသလို ကြားရတတ်သော အဆင်မပြေမှုအသံများပင်ဖြစ်သည်။ လူ့ဘောင်လောကီကိစ္စများတွင် ရံဖန်ရံခါ လောကဓံတရား၏ နှိပ်စက်မှုတို့ကြုံရသည့် အခါမျိုးတွင် အားကိုးရှာတတ်ကြသော လူ့သဘာဝအရ ထွက်ပေါက်ကို ရှာဖွေကြရပေတော့သည်။

ဆရာသခင်များထံ နှစ်ပေါင်းများစွာ သင်ယူလေ့လာဆည်းပူးခဲ့သော ပညာရပ်ဖြင့် အများစု၏ အခက်အခဲ အချို့ကို တတ်နိုင်သောဘက်မှ အတိုင်းအတာတစ်ခုထိတော့ လမ်းညွန် ကူညီပေးဖြစ်ခဲ့ဖူးသည်။

အထက်ပါကဲ့သို့ ဘေးကျပ်နံကျပ် ထွက်ပေါက်ပိတ်နေသော ကာလများတွင် ကျွန်တော် လမ်းညွန်လေ့ရှိခဲ့သော ဂါထာကျင့်စဉ်တစ်ခုကို ဖော်ပြပေးလိုက်ပါသည်။ ယုံကြည်သူများ အတွက် အမှန်တကယ် အသုံးဝင်စေမည့် လက်တွေ့ကောင်းကျိုးများစွာ ဖြစ်ထွန်းခဲ့သော ကျင့်စဉ်တစ်ခုဖြစ်ပါသည်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ပထမဦးစွာ အနီးစပ်ဆုံးမိမိမွေးနေ့တွင် တရော်ကင်ပွန်းဖြင့် ခေါင်းဆေး ခေါင်းလျော် ပြုရပါမည်။ အဓိဌာန်ကို ၄င်းမွေးနေ့ ည ၉း၀၀ မှ ၉း၀၆ အတွင်း စ၍ ၉ ရက်တိတိ ဝင်ရပါမည်။ နောက်ရက်များတွင် အချိန် အတိအကျ ရွေးစရာမလိုပါ။ ဂါထာကို အောက်တွင် ပုံနှင့်တကွဖော်ပြထားပါသည်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၎င်းဂါထာကို ဦးစွာ နှုတ်တိုက်ရအောင် ကျက်ထားရပါမည်။ ထို့နောက် မိမိမွေးနေ့မနက်တွင် တရော်ကင်ပွန်းဖြင့် ခေါင်းဆေးခေါင်းလျော်ပြီး ညဘက် သတ်မှတ်ထားသော အချိန်တွင် စတင်၍ ၁၀၈ လုံးပုတီးဖြင့် ပုတီးတစ်ပတ် စိပ်ရပါမည်။ ၉ ညဆက်တိုက် စိပ်ရမည်ဖြစ်ပါသည်။

ဂါထာ၏ အနက် မြန်မာပြန်မှာ တဟိံ တဟိံ ဘဝေ= ထို ထို ဘဝကိုယ်တော်၏ဖြစ်ဖြစ်သမျှ၌ ပါရမိ သဉ္စယံ စယံ =ပါရမီ အပေါင်းကို။ စယံ= ဆည်းပူးတော်မူတတ်ထသော။ သဗ္ဘိ=သူတော်ကောင်းတို့သည်။ ဂတံ= ဆည်းကပ်အပ်ထသော။ သုခပ္ပဒံ=ချမ်းသာခြင်း၏ အဖို့ကို ဖြစ်စေတတ်ထသော ပဒံ=နိဗ္ဗာန်သို့။ ဂတံ= ရောက်တော်မူပြီးထသော။ နရာ နရာနံ =လူနတ်တို့၏။ သုခသမ္ဘဝံ=ချမ်းသာခြင်း၏အကြောင်းကို။ ဘဝံ=ဖြစ်စေတော်မူတတ်ထသော။ ဂဝံ=နွားနှင့်တူသော သူမိုက်ကို။ ဇိနပုင်္ဂဝံ=(ဇိန ပုန်ဂဝံ) အောင်တော်မူ တတ်သော ယောင်္ကျားမြတ်ဖြစ်တော်မူသော မြတ်စွာဘုရားကို ။ အဟံ=အကျွန်ုပ်သည်။ နမေ နမာမိ=ရှိခိုးပါ၏။ ဟု အဓိပ္ပါယ်ရပါသည်။

ကံဇာတာ အလွန် ညံ့နေသူများ၊ လာဘ်ပိတ်နေသူများအတွက် အဓိဌာန် ၉ ရက်ကို ၃ကြိမ် ဆက်တိုက် ဝင်၍ ကံများ ပြန်လည် ပွင့်လန်းလာစေပါမည်။ အဓိဌာန်ပုတီး စိပ်နေစဉ် ကာလများအတွင်း အမဲသား၊ အရက်သေစာ ကာမေသုကံများ အထူး ရှောင်ကျဉ်ရပါမည်။ အဓိဌာန်တန်ခိုးဖြင့် လျှင်မြန်သောအကျိုးထူးများ ခံစားနိုင်ကြပါစေ

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)