မြန်မာ့ဗေဒင်အရ ဒီတစ်နှစ်မှာ သတိထားစရာများ

လက်ရှိ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်ထဲမှာ မဟာဘုတ်အကြွင်းဖွားအလိုက် သတိထားရမယ့် ကိစ္စတွေကို လိုတိုရှင်းပဲ ဖော်ပြပေးလိုက်ပါတယ်။ မဟာဘုတ်နည်းစနစ်နဲ့အတူ မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်အမြင်ကိုလည်း ပူးတွဲ သုံးသပ် တင်ပြထားတာ ဖြစ်ပါတယ်။

မဟာဘုတ်အကြွင်းဖွားဆိုတာက ကိုယ့်ရဲ့ မြန်မာမွေးခုနှစ်ကို (၇) နဲ့စားလို့ ရလာတဲ့ အကြွင်းကို ဆိုလိုတာပါ။ ဥပမာ – ၁၃၄၆ မှာ မွေးတယ်ဆိုရင် (၇) နဲ့ စားတဲ့အခါ (၂) ကြွင်းမှာမို့ မဟာဘုတ် (၂) ကြွင်းဖွားအဖြစ် သတ်မှတ်ပါတယ်။ ကဲ.. မဟာဘုတ်အကြွင်းဖွားအလိုက် ဒီနှစ် ၁၃၈၁ ထဲမှာ ဘာတွေကို အဓိက သတိထားရမလဲ ဆိုတာ ကြည့်ရအောင်ပါ။

မဟာဘုတ် (၁) ကြွင်းဖွားများ

ဒီနှစ်မှာ (၁) ကြွင်းဖွားတွေက ကျားမ မရွေးဘဲ ကာမမှု ပွေရှုပ်တတ်ပါတယ်။ အိမ်ထောင်ရှိသူဆိုရင် ဖောက်ပြန် ရှုပ်ထွေးဖို့ လွယ်ကူသလို ချစ်သူရည်းစားအဆင့်ဆိုရင်လည်း ပြဿနာတွေ ဖြစ်လွယ်ပါတယ်။ ခရီးကိစ္စမှာလည်း အဆင်မပြေ ဖြစ်တာ၊ လွဲချော်တာ၊ ဒုက္ခ တွေ့တာမျိုး ဖြစ်တတ်ပါတယ်။ ဖုန်းပျောက်တာ ပျက်တာ၊ အခိုးခံရတာ စတဲ့ ကံဇာတာနိမ့်ပါးမှုမျိုးလည်း ကြုံရတတ်ပါတယ်။ နေ့နံနဲ့ ဇာတာအလိုက် ကွဲပြားမှုတော့ ရှိနိုင်ပါတယ်။

မဟာဘုတ် (၂) ကြွင်းဖွားများ

ဒီနှစ် ၁၃၈၁ ခုနှစ်ကလည်း (၂) ကြွင်းပဲ ဖြစ်လို့ မဟာဘုတ် (၂) ကြွင်းဖွားတွေအနေနဲ့ ဆေးမှား၊ အစားမှားတာ၊ နေရင်းထိုင်ရင်းက သူများ အပြောဆို အစွပ်စွဲ ခံရတာ၊ တိုက်ခိုက်လုပ်ကြံ ခံရတာ၊ ကိုင်တွယ်သုံးစွဲနေတဲ့ စက်၊ စက်သုံးပစ္စည်းတွေ ပျက်စီးတာ၊ စက်ကြောင့် သွေးထွက်သံယို ဖြစ်တာ၊ မျက်စိအားနည်းလာတာ စတဲ့ ကံအညံ့ အဖြစ်အပျက်တွေ ကြုံလာရတတ်ပါတယ်။ နေ့နံနဲ့ မူလဇာတာအလိုက် ကွဲပြားမှု ရှိနိုင်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မဟာဘုတ် (၃) ကြွင်းဖွားများ

ဒီနှစ်ဟာ အမှုအခင်း ပြဿနာ ဖြစ်လွယ်နေလို့ တတ်နိုင်သမျှ သည်းခံနိုင်ဖို့ လိုပါတယ်။ တရားတဘောင်တွေ ဖြစ်လာပြီဆိုရင်လည်း အမှုက ရှည်ကြာတတ်ပါတယ်။ ပြည်ပနဲ့ ချိတ်ဆက် လုပ်ကိုင်နေတဲ့ လုပ်ငန်းစီးပွားတွေ အခက်တွေ့လာနိုင်ပါတယ်။ လူငယ် အိမ်ထောင်သည်တွေဆိုရင် ကိုယ်ဝန်ကိစ္စ ဖြေရှင်းရတတ်ပါတယ်။ ချဲ၊ ထီ လောင်းကစား အကျိုးမပေးပါဘူး။ မီးလန့်တာ ဖြစ်တတ်လို့ အသုံးများသူတွေ ကျပ်ကျပ် သတိထားရပါမယ်။

မဟာဘုတ် (၄) ကြွင်းဖွားများ

ဒီနှစ်က လူမှုပြဿနာ အရှုပ်အထွေး သိပ်များတဲ့နှစ် ဖြစ်လာနိုင်ပါတယ်။ အိမ်ထောင်သည်တွေအဖို့ သားသမီး အရေးကိစ္စ ဖြေရှင်းရတတ်သလို မောင်နှမသားချင်းထဲမှာလည်း အမြင်မတူ သဘောကွဲလွဲတာတွေ၊ ပြဿနာ ကြုံရတာတွေ ရှိလာနိုင်ပါတယ်။ လူလိမ်ခံရတာ၊ လူယုံသတ်တာ စတာတွေကြောင့် အထိနာတတ်ပါတယ်။ ရွှေအရောင်းအဝယ်တွေလည်း သတိထားရပါမယ်။ မူလဇာတာနဲ့ နေ့နံအလိုက် မတူကွဲပြားမှု ရှိနိုင်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မဟာဘုတ် (၅) ကြွင်းဖွားများ

ဒီနှစ်ထဲမှာ ကျန်းမာရေးကအစ အလုပ်အကိုင်အလယ် နာမည်ဂုဏ်သတင်းအဆုံး အားလုံး ဂရုစိုက်ရပါလိမ့်မယ်။ အထူးသဖြင့် အလုပ်အပြောင်းအလဲ လုပ်တာ၊ အကြီးအကဲနဲ့ ထိပ်တိုက် တွေ့တာ၊ ဥပဒေ မကင်းတဲ့ အရာတွေနဲ့ လုပ်ကိုင်နေတာတွေမှာ အထူး သတိထားရပါတော့မယ်။ အိမ်ထောင်ရေးကလည်း အားနည်းတတ်တာမို့ စိတ်က ထစ်ဆို လက်ကပါ၊ နာကျင်ခံစားမှု များတတ်ပါတယ်။ ရာထူး ကျတာ၊ သိက္ခာထိခိုက်စရာတွေ ဖြစ်တတ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မဟာဘုတ် (၆) ကြွင်းဖွားများ

ဒီနှစ်က ပြဿနာ ကြီးကြီးမားမား မရှိနိုင်ဘူး ဆိုပေမယ့် စိတ်ကူးအမှား၊ အတွေးအခေါ် အလွဲတွေကြောင့် ကိုယ့် ဘဝမှာ အနည်းနဲ့အများ ရိုက်ခတ်မှု ဖြစ်တတ်ပါတယ်။ မြေယာကိစ္စ၊ အမွေကိစ္စနဲ့ ပညာရေးကိစ္စတွေမှာ မှန်းတဲ့ အတိုင်း မဖြစ်ဘဲ လွဲချော်တတ်ပါတယ်။ ဆရာသမားတွေနဲ့ အငြင်းအခုံ ဖြစ်၊ လမ်းခွဲရတာ၊ ဆရာအတုယောင်နဲ့ ကြုံတာတွေ ဖြစ်တတ်ပါတယ်။ ငွေများများ ကိုင်တွယ်ရသူဆို ပိုဂရုစိုက်ပါ။ မိန်းမကိစ္စလည်း ရှောင်ကျဉ်ထားပါ။

မဟာဘုတ် (၀) ကြွင်းဖွားများ

ဒီနှစ်မှာ ငွေရေးကြေးရေးပြဿနာ အဖြစ်အများဆုံးက ဒီ (၀) ကြွင်းဖွားတွေပဲ။ လူငယ်တွေဆိုရင် နှလုံးသားရေး အညံ့အခိုက် သိပ်များလာနိုင်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေး သောကရတက် ပွေရပြီး ဖြေရှင်းလို့ မရတဲ့ အခြေအနေအထိ ဖြစ်တတ်ပါတယ်။ ကားအရောင်းအဝယ်၊ ကျောက်တူး ကျောက်သွေးလုပ်ငန်းတွေကလည်း သိပ်မကောင်းပါဘူး။ အိမ်ကို ခြေ (၂) ချောင်း အဝင်မတော်လို့ ဇာတာနိမ့်တတ်တာလည်း ဒီနှစ်မျိုး ဖြစ်ပါတယ်။

အကြွင်းအလိုက် မဟာဘုတ်နဲ့ ဆန်းကျမ်းရှုထောင့်တွေအရ ဖြစ်လာနိုင်တဲ့ သတိထားရမယ့် ဘေးအန္တရာယ်၊ ပြဿနာတွေကို ကြိုတင် အသိပေးထားပါတယ်။ တစ်ယောက်ချင်းစီရဲ့ မူလဇာတာနဲ့ နာမည် တည်ဆောက်ပုံ အရ ကံအဆိုးအကောင်း ကွာခြားမှုတွေတော့ ရှိနိုင်တယ်ဆိုတာ သိထားရပါမယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

အကြွင်းဖွားအားလုံး ဘေးရန်အားလုံးကို ကျော်လွှားဖြတ်သန်းနိုင်ပါစေဗျာ

ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)