ဓာတ်ကြီးလေးပါး ရာသီခွင်ဖွား

နက္ခတ်ဗေဒင်ဇာတာခွင်မှာ မီး၊ ရေ၊ မြေ၊ လေ လို့ ဓာတ်ကြီး ၄ ပါးနဲ့ ခွဲခြားထားရာမှာ ကိုယ်မွေးဖွားရာ ရာသီခွင် အလိုက် ကိုယ့်စရိုက် သဘာဝနဲ့ စိတ်နေစိတ်ထား ဟန်ပန်တွေကလည်း ကွဲပြားသွားတတ်ပါတယ်။ ဒီနေရာမှာ အနောက်တိုင်းနက္ခတ်ဗေဒင်အရ ဓာတ်ကြီး ၄ ပါး ရာသီခွင်သမားတွေကို ခုလို ခွဲခြားထားပါတယ်။

မီးဓာတ်ရာသီဖွားများ (မိဿ၊ သိဟ်၊ ဓနု) – မီးဓာတ်ရာသီဖွားဆိုတဲ့အတိုင်း ရုပ်ရောစိတ်ပါ ခွန်အားကြီးတယ်။ ရုပ်ပိုင်းအရ ကျန်းမာဖြတ်လတ်ကြသလိုပဲ စိတ်ဓာတ်ပိုင်းမှာလည်း တက်ကြွထက်သန်ကြတယ်။ ပြင်းပြတဲ့ ဆန္ဒတွေနဲ့ ထက်မြက်တဲ့ စိတ်ထားတွေကြောင့် ပတ်ဝန်းကျင်မှာ ဘဝင်ကိုင်သူ၊ မာန်တက်သူလို့ အပြောခံရတတ်တယ်။ ဒါပေမယ့် ကိုယ့်ကြိုးစားမှုတွေကြောင့် ထိပ်တန်းကို တက်လှမ်းနိုင်တာလည်း မီးဓာတ်သမားတွေပါပဲ။ တခါတလေမှာ စိတ်ဓာတ် ပြင်းထန်လွန်းလို့ ဒေါသအိုးတွေလည်း ဖြစ်သွားတတ်ပါတယ်။ ဘဝမှာ အောင်မြင်ရေးဆိုတဲ့ ဆောင်ပုဒ်ကို နှလုံးသားမှာ စွဲမြဲ ကြိုးစားကြပြီး အောင်မြင်တဲ့ ဘဝအခြေအနေ ကိုလည်း မရ ရအောင် တက်လှမ်းနိုင်ကြပါတယ်။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

ရေဓာတ်ရာသီဖွားများ (ကရကဋ်၊ ဗြိစ္ဆာ၊ မိန်) – ရေဓာတ်ရာသီဖွားကတော့ မီးဓာတ်သမားနဲ့ ဆန့်ကျင်ဘက်ပါပဲ။ ဝုန်းဒိုင်းကြဲ၊ တဇွတ်ထိုးတဇောက်ကန်းတွေ လျှောက်လုပ်တာထက် စိတ်ချမ်းသာရင် ပြီးရောဆိုတာကို ဦးထိပ်ပန်ဆင်ကြပါတယ်။ စိတ်ကူးတွေ ကောင်း၊ အိပ်မက်တွေ လှပေမယ့် လက်တွေ့ပိုင်းမှာ အားနည်းတတ်ကြပါတယ်။ ဒါပေမယ့် တကယ် လုပ်ပြီဟေ့ဆိုရင် သူများထက် နှာတစ်ဖျားမက သာတဲ့ အရည်အချင်းကောင်းတွေ ပိုင်ဆိုင်နေပါတယ်။ ဒေါသ နည်းပေမယ့် ပေါက်ကွဲပြီဟေ့ဆိုရင် ပင်လယ်ပြင်က မုန်တိုင်းတွေလိုပဲ အင်အားပြင်းပြင်းနဲ့ တိုက်ခတ်သွားကြပါလိမ့်မယ်။ များသောအားဖြင့်တော့ မိသားစုနဲ့ ခင်မင်ရသူတွေကို အလေးထားပြီး စိတ်ခံစားမှုအတိုင်း နေထိုင်ကြပါတယ်။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

မြေဓာတ်ရာသီဖွားများ (ပြိဿ၊ ကန်၊ မကာရ) – ပထဝီမြေကြီးကို ကိုယ်စားပြုသူတွေမို့ တည်ငြိမ်သူကြီးလို့ ဆိုရမှာ ဖြစ်သလို စိတ်ပါဝင်စားရာတစ်ခုခုနောက်ကို စိုက်လိုက်မတ်တပ် အဆုံးထိတိုင် လုပ်ကိုင်လေ့ရှိပါတယ်။ ဆုံးဖြတ်ချက်တွေ ခိုင်မာကြသလို ဇွဲလုံ့လလည်း ကောင်းကြသူတွေမို့ အောင်မြင်မှုကို အရယူနိုင်ကြပါတယ်။ မကောင်းတာက မကြာခဏ တရားသေသမား၊ ခေါင်းမာသူကြီး၊ ဖင်ပိတ်ငြင်းသူလို့ ကင်ပွန်းတပ်ခံရတာမျိုးပါ။ မြေဓာတ်သမားတွေရဲ့ ဇွဲက မီးဓာတ်သမားလို ခဏတာ ထတောက်ရုံ မဟုတ်ဘဲ တာရှည်ခံနိုင်စွမ်း ရှိတာကြောင့် အာရုံ စူးစိုက်မှုကောင်းကောင်းနဲ့ လုပ်တဲ့အခါ အမှားနည်းပြီး အသပ်ယပ်ဆုံးပညာရှင်တွေ ဖြစ်လာပါတယ်။ ဥာဏ်ပညာပိုင်းမှာလည်း မခေကြသူတွေပါပဲ။

လေဓာတ်ရာသီဖွားများ (မေထုန်၊ တူ၊ ကုမ်) – လေဓာတ်ဆိုတဲ့အတိုင်း တစ်ခုထက်မကတဲ့ အတွေးအမြင်တွေနဲ့ ပညာရပ်ပေါင်းစုံတွေနောက်ကို လိုက်စား တတ်မြောက်ကြသူတွေ ဖြစ်ပါတယ်။ ဖြတ်ထိုးဥာဏ် ကောင်းသလို ဘဝကို ဟာသအမြင်နဲ့လည်း ကြည့်တတ်၊ မြင်တတ်တာမို့ ပျော်ပျော်နေ သေခဲတွေ ဖြစ်ကြပါတယ်။ ထူးခြားဆန်းပြားတဲ့ အတွေးအခေါ်နဲ့အတူ အများနဲ့ ကွဲပြားခြားနားတဲ့ စရိုက်လက္ခဏာတွေလည်း လေဓာတ် ရာသီဖွားတွေမှာ ရှိနေပါတယ်။ အကြံအစည် ကြီးပြီး တီထွင်မှု အားကောင်းကြသလို ထော်လော်ကန့်လန့်တွေလည်း လုပ်တတ်ကြပါတယ်။ လွတ်လပ်မှုကို ခုံမင်ပြီး ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းဖို့က လေဓာတ်သမားတွေရဲ့ အန္တိမရည်မှန်းချက်တွေ ဖြစ်နေတတ်ပါတယ်။

ရာသီခွင်အားလုံး ဓာတ်ကြီးလေးပါးနဲ့ လိုက်လျောညီထွေ ရှိနိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)