နဝင်းဆင့်၍ ဆုတောင်းပြည့်ခြင်း

မှတ်မှတ်ရရ .. ဒီဇင်ဘာလ ဆောင်းဦးမနက်ခင်းတစ်ခုတွင် ဆရာနှင့် တွေ့ဆုံစဉ် ဖြစ်၏။

“ဂျိုကာယတြာတွေနဲ့ပက်သက်လို့ ဆရာသင်ပေးတာတွေ ကျနော်သေချာမှတ်ထားပါတယ်” “ဟေ… ဘယ်လိုဖြစ်လို့ဂျိုကာယတြာ ဖြစ်သွားရတာတုန်း”

“ဟုတ်တယ်လေဆရာ… မည်သည့်ကိစ္စအတွက်မဆို သုံးလို့ရတယ်..တနည်းပြောရရင် ဆန္ဒပြည့်ယတြာ အစီအရင်တွေ ဆိုတော့ ဂျိုကာယတြာလို့ ခေါင်းစဉ်တပ်လိုက်တာပါ”

“သြော် .. ကြံဖန်စဉ်းစားတတ်သားပဲ မင်းက…တစ်ခုတော့ရှိတယ်နော်..လုပ်တိုင်းတော့မဖြစ်ဘူးဆိုတာလည်း မမေ့နဲ့ဦး.. အကြောင်းကံလည်းရှိမှ …သဘာဝကျပြီး ဖြစ်နိုင်မှလည်းလုပ်ပေးရမှာ။ လိုတရသလို လျှောက်လုပ်နေတာတွေ ဒီနေ့ခေတ်တစ်ပုံကြီး မောင်လင်းဝေအောင်ရ.. အဲ့ဒီထဲတော့ ကိုယ်မပါစေနဲ့ ”

“ဟုတ်ကဲ့ ဆရာ.. ကျနော်မှတ်သားလိုက်နာပါ့မယ်…”

“ခုပြောမှာက ရှေးမြန်မာ့ရိုးရာနည်းစနစ်တစ်ခုပေါ့ကွာ… န၀င်းဆင့်ယတြာလို့ ခေါ်တယ်..တစ်ကြိမ်လုပ်ရင် လိုချင်တာ တစ်ခုဆုတောင်းနိုင်တယ်…ဆုတောင်းဟာ သဘာဝကျရမယ်… ဖြစ်နိုင်တဲ့ဆုတောင်း ဖြစ်သင့်တဲ့ ဆုတောင်းပဲဖြစ်ရမယ်.. စာမကြိုးစားပဲ စာမေးပွဲအောင်မြင်ချင်တာမျိုး၊ အလုပ်မလုပ်ပဲ ငွေဝင်ချင်တာမျိုး၊ ကိုယ့်ဖက်ကဖောက်ပြန်ပြီး အိမ်ထောင်နဲ့ အဆင်ပြေချင်တာမျိုး၊ နိုင်ထက်စီးနင်း တဖက်သက်ပြုမူပြီး အိမ်ထောင်ရေးသာယာချင်တာမျိုး စသဖြင့် ကြောင်းကျိုး မညီညွတ်တာတွေတော့ မလုပ်ရဘူး”

“ဟုတ်ကဲ့ဆရာ”

“လုပ်ဆောင်ရမဲ့နေ့က ဘယ်သူပဲဖြစ်ဖြစ် တနင်္လာနေ့ မနက် ၉း၄၅ နာရီမှာ လုပ်ရမယ်..ယတြာလုပ်ဖို့လိုအပ်တဲ့ပစ္စည်းတွေကတော့…

တွေပဲ..။ လုပ်ဆောင်ရမယ့်ပုံစံက….. ပန်းအိုးထဲကို နေကြာပန်း (၉)ပွင့် ရေဖြည့်ပြီး ထိုးရမယ်…နောက်ပြီး ကြွေပန်းကန်ပြား တစ်ချပ် ထဲမှာ နေကြာစေ့ (၉)ပုံပုံ…နောက်ပန်းကန်တစ်ချပ်ထဲမှာ ဗယာကြော် (၉)ခုထည့်…ပန်းကန်ပြားနောက်တစ်ချပ်မှာပဲ ဆွမ်းဖြူ (၉)ပုံ ပုံပြီးထည့်ရမယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

အဲ့တော့ ပန်းကန်ပြားက သုံးခုဖြစ်သွားမယ်.. ဆိုလိုတာက နေကြာတစ်ပန်းကန်၊ ဗယာကြော်တစ်ပန်းကန်၊ ဆွမ်းဖြူတစ်ပန်းကန်ပေါ့ ပြီးရင် သောက်တော်ရေ (၉)ခွက်ကို ရေဖြည့်၊ အမွှေးတိုင် (၉)တိုင်၊ ဖယောင်းတိုင် (၉) တိုင်ကို အဆင်သင့်ပြင်ထားရမယ်… အဲ့ဒါတွေကို စားပွဲဝိုင်းကြီးတစ်ခုပေါ်မှာ ပိတ်ဖြူခင်းပြီး လုပ်နိုင်ရင်တော့ အကောင်းဆုံးပဲ… ဒီထိနားလည်လား မောင်လင်းဝေအောင်”

“ဟုတ်ကဲ့ … နားလည်ပါတယ်ဆရာ…”

“ကောင်းပြီ ၊ ဒါဆို အထက်ကပြောခဲ့တဲ့အတိုင်း တနင်္လာနေ့မနက် ၉း၄၅ နာရီမတိုင်ခင် အဆင်သင့် စီမံထားရမယ်…၉း၄၅ နာရီကို ရောက်ပြီဆိုတာနဲ့ ဖယောင်းတိုင်(၉)တိုင်နဲ့ အမွှေးတိုင်(၉)တိုင်ကို မီးစတင် ထွန်းညှိလိုက်ရမယ်… (၅)ပါးသီလ ခံယူဆောက်တည်ပြီး ၁၀၈ လုံးပုတီးနဲ့ ဂုဏ်တော်(၉)ပါးပုတီးစိပ်ရမယ်.. ဂုဏ်တော်တစ်ပါး ပုတီးတစ်ပတ်နဲ့ (၉)ပတ်ပေါ့… အားလုံးပြီးရင် မေတ္တာပို့ အမျှဝေပြီး ကိုယ်လိုရာ ဆုတောင်းတစ်ခုကို လေးလေးနက်နက် (၃)ကြိမ် ဆုတောင်း.. အဲ့ဒါ န၀င်းဆင့်ဆုတောင်းပြည့် ယတြာပေါ့ကွာ”

ကျွန်တော်လည်း ဆရာပြောသည်များ ကို သေသေချာချာ မှတ်သားရ၏။  ထို့နောက်.. “ကဲ မနက်စာ သွားစားကြရအောင်ကွာ…” ဟူသော ဆရာ့စကားသံနှင့်အတူ လက်ဖက်ရည်ဆိုင်ဘက်သို့ ဦးတည် ထွက်လာခဲ့ကြပါသည်။

ဗေဒင်သုတပရိတ်သတ်များ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ။

အာစရိဂုဏအဟံဝန္ဒာမိ – ဆရာလင်းဝေအောင် (ဆန်းကျမ်းနှင့် နက္ခတ်ဗေဒင်ပညာရှင်)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)