နိဒါန်းအစ ခက်ခဲသူများအတွက်

အတိတ်အတိတ်ဘ၀တွေက….မသိတော့…..စားဦးစားဖျားလည်း စားချင်စားမိခဲ့မယ်။ ထောပတ်ဆီဦးကိုလည်း ကိုယ့်ထက် မြတ်သူတွေကို ကျော်လွန်ပြီး ဦးဦးဖျားဖျား နှိုက်ချင်နှိုက်ခဲ့မိမယ်။ ကိုယ့်ထက် မြင့်မြတ်သော ပုဂ္ဂိုလ် အချို့ကိုလည်း …ပြစ်မှားချင် ပြစ်မှားခဲ့မိပါလိမ့်မယ်။ သူတစ်ပါး တစ်ခုခု လုပ်ကိုင်ဖို့ အစပျိုးနေချိန်မှာ ကိုယ်က နှောက်ယှက်ချင်လည်း နှောက်ယှက်မိခဲ့ပါလိမ့်မယ်။

ပြောရရင် ..ဒီဘ၀ မှာ ကြုံနေခဲ့ရသမျှ..အစခက်ခဲခြင်း ကံတွေဟာလည်း ၀ဋ်ကြွေးတွေပါပဲ။ ထိုသို့သော ကံအမှားလေးတွေ ပြုမိ မှားခဲ့ဖူးတာကြောင့်လည်း ဒီဘ၀မှာ ဘာပဲလုပ်လုပ် ကနဦးအစ ကာလတွေမှာ အခက်အခဲတွေကို သူများထက် ပိုကြုံပြီး သူများထက် နောက်ကျရတဲ့ ကံမျိုးတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။

မြန်မာ့ရိုးရာမဟာဘုတ်ပညာအရ တွက်ဆရရင်တော့ ဇာတိပုညစရစဉ်မှာ ၀ဋ်ကြွေးနဲ့ဆိုင်တဲ့ မရဏဌာနမှာ တနင်္ဂနွေဂြိုဟ်.. ရပ်တည်နေသည့် ၅ခုကြွင်း နှစ်မျိုးတွေမှာ ဒီလိုကံ ကြုံရသူတွေ အများဆုံး ဖွားမြင်ကြပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

ကောင်းပြီ..အတိတ် အတိတ်တွေက မသိလို့လုပ်ခဲ့မိတာ ပြန်ပြင်မရနိုင်ပေမယ့်..မျက်မှောက်ဘ၀ကံကတော့ မိမိ လက်ထဲမှာသာ ရှိပါတယ်။ ဒီဘ၀မှာတော့ ပုံစံတူအမှားမျိုးတွေ မကျူးလွန်မိအောင် …ဂရုစိုက်ပေးရပါမယ်။ ထို့အတူ ကံတစ်ခုကို ပြောင်းချင်ရင် …ဖြေချင်ရင်… ထိုအကုသိုလ်ကံနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ကောင်းမှုကံကို ပြုရပါတယ်။

ဒီတော့…..အောက်ပါယတြာလေးတွေကို သေချာမှတ်ထားပါ။

(၁) ဝင်ငွေအဦးအဖျားကို ထိုက်သင့်စွာ ဖယ်ထားပြီး ကျေးဇူးရှိသူတို့ကို အမြဲ ကန်တော့ပါ။
(၂) စားသောက်စဉ်ကာလတိုင်းတွင်လည်း မိမိထက် အသက်၊ ဂုဏ်၊ ကျေးဇူး စသည်ဖြင့် …ကြီးမြတ်သော သူများကို ဦးစွာ ဦးချပြီးမှ စားပါ။
(၃) နေ့တစ်နေ့၏ ကနဦးအစ…(နံနက်ခင်းကာလများ) မှာ ကုသိုလ်စိတ်ဖြင့်သာ အစပျိုးပါ။
(၄) ကျေးဇူးရှိသူတို့၏ ထိုကျေးဇူးတရားကို ပြန်မဆပ်နိုင်သေးသော်မှ…ကောင်းစွာ အသိမှတ်ပြုပေးပါ။
(၅) ဗုဒ္ဓဘာသာဝင်များအဖို့…တနင်္ဂနွေထောင့်ရှိ ရုပ်ပွားတော်မြတ် ကို ..ရွှေဆိုင်းကပ်လှုပါ။ မီးပူဇော်ပါ။ ထိုကုသိုလ်အဖို့ဘာဂအဝဝကို…အမျှပေးသည့်အခါတွင်လည်း တနင်္ဂနွေဂြိုဟ်နတ်မင်းကြီးကို…ကောင်းစွာ အမျှဝေပေးပါ။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

ကဲ….ကျွန်တော် အလုပ်မအားတဲ့ကြားကနေ… နိဒါန်းအစမှာ ခက်ခဲပင်ပန်းရသူတွေအတွက် အသေးစိတ် သေချာ လမ်းညွှန်ပေးလိုက်ပါပြီ။ ထိုက်တဲ့သူတွေ ကံကို ပြုပြင်ဖြေနိုင်ကြပြီး တိုးတက်အောင်မြင်ခြင်းလမ်းကို ဖြောင့်တန်းချမ်းသာစွာ ရောက်ရှိကြပါစေသတည်း။

မှတ်ချက် – မည်သည့် မဟာဘုတ်အကြွင်းဖွားမဆို..အစကနဦး အခက်အခဲကြုံနေသူတိုင်းလည်း အထက်ပါ နည်းစနစ်များကို ပြုလုပ်နိုင်ပါတယ်။

ဆရာဝေသာလီမောင်ဖုန်း (ခေါ်) ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)