ဗုဒ္ဓဟူးနဲ့ ရာဟုနေ့ဖွားတို့ ကံဇာတာ (၁၃၈၃ခုနှစ်)

ဒီနှစ် မြန်မာနှစ် ၁၃၈၃ ခုနှစ်သည် ဗုဒ္ဓဟူး/ ရာဟုဖွားတွေ အားလုံးအတွက် ကြီးမားသော အပြောင်းအလဲကံတွေ သက်ရောက်လာတတ်သော နှစ်တစ်နှစ် ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအရပဲ ဖြစ်ဖြစ် ၊ ရုပ်ပိုင်းဆိုင်ရာအရပဲ ဖြစ်ဖြစ် မပြောင်းလဲလို့ကို မရတော့သည့် နှစ်သည် သည်နှစ်မျိုးပါပဲ။

မူလဇာတာ သို့မဟုတ် ရောက်ဆဲအသက်ပိုင်းများအရ အားနည်းချက် ရှိနေသည့်  ဗုဒ္ဓဟူး / ရာဟု ဖွားများ အတွက်တော့ သည်တစ်နှစ်သည် အခက်အခဲများ မုချ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ထားတော့..။ ကောင်းနိုင်တဲ့အပိုင်းလေးတွေ ရွေးပြောကြပါစို့။ ဒီနှစ်ကနေရာထိုင်ခင်းကံ ကောင်းနိုင်တဲ့နှစ်မျိုးပါ။ လူနေသည့် အိုးအိမ်နေရာထိုင်ခင်းက အစ၊ အလုပ်အကိုင် ရာထူးနေရာမျိုးအဆုံးသည်တစ်နှစ်မှာ ကံကောင်းမှု ကြုံလာနိုင်ပါတယ်။

အထူးသဖြင့်  ဗုဒ္ဓဟူးနေ့ဖွား ဖြစ်နေပြီး အသက်အားဖြင့် . ၂၆နှစ် ၊ ၃၃နှစ် ၊ ၄၀နှစ်၊ ၄၇နှစ်၊ ၅၄နှစ်၊ ၆၁နှစ် ၊ ၆၈နှစ်၊ ၇၅နှစ် စသော အသက်ပိုင်းခြား ကာလမျိုး ဖြစ်နေတယ်ဆိုရင် နေရာထိုင်ခင်းကံ ပိုမို အကျိုး ခံစားခွင့်ရှိပါမယ်။

ရာဟုဖွားများအတွက်ကတော့ သည်တစ်နှစ် သိပ်ပြီး နေရာကံမကောင်းလှပါ။ သို့သော် ရာဟုဖွားများအဖို့ သည်တစ်နှစ်မှာ ကိုယ်မထင်မှတ်ထားဘဲ၊ မမျှော်လင့်ထားဘဲ ရတတ်သည့် ကောင်းကျိုးပေးကံမျိုးကိုတော့ မျှော်လင့်ခွင့် ရရှိနိုင်ပါလိမ့်မယ်။

စနေဂြိုဟ်ဟာ သည်တစ်နှစ်မှာ ဗုဒ္ဓဟူး/ရာဟုဖွားတွေအတွက် ဆိုးကျိုးအပေးနိုင်ဆုံး ဂြိုဟ်အဖြစ် ရပ်တည်ထားပါတယ်။ ဒါကြောင့် အချို့သော ဗုဒ္ဓဟူးနေ့ဖွားတွေ ကျန်းမာရေးဆိုင်ရာ အသည်းအသန် အခြေအနေမျိုး ရင်ဆိုင်ကြရတတ်ပါတယ်။

အချို့သော ရာဟုဖွားတွေ အတွက်တော့ နေရာထိုင်ခင်းနဲ့ နေရေးထိုင်ရေးဆိုင်ရာ အခက်အခဲမျိုး ရင်ဆိုင်ကြရတတ်ချိန်ပါ။ တစ်ချို့သော ရာဟုဖွားများ  မပြီးနိုင်မစီးနိုင် အရစ်ရှည်ရှည် ရင်ဆိုင်နေရမယ့် အခက်အခဲတချို့ကို မုချ ရင်ဆိုင်ကြရပါမယ်။

ဗုဒ္ဓဟူး/ရာဟု ဖွားများ ဖြစ်ကြပြီး နာမည်ရဲ့နောက်ဆုံးမှာ တနင်္ဂနွေနံ သို့မဟုတ် တနင်္လာနံနဲ့ အဆုံးသတ် မှည့်ခေါ်ထားသော အမည်ရှင်များအဖို့ကတော့ သည်တစ်နှစ် အဆိုးကံတွေထဲမှာမှ အကောင်းတွေကိုလည်း မျှော်လင့်ခွင့် ရနိုင်ကြမှာ ဖြစ်ပါတယ်။ (ဥပမာ – ဝင်းအောင်၊ ရွှေရည်ဦး၊ လှမျိုးအောင် စသဖြင့်)

ယုံသည်ဖြစ်စေ..မယုံသည်ဖြစ်စေ.သည်တစ်နှစ် ကံကောင်းချင်ကြတယ်ဆိုရင်ဖြင့် မိမိတို့ ကိုယ်ပေါ်၊ သို့မဟုတ်၊ ပိုက်ဆံအိတ်ထဲ သို့မဟုတ် အမြင့်တစ်နေရာမှာ  အမျိုးသမီး အကြီးအကဲတစ်ယောက်ယောက်ရဲ့ ဓါတ်ပုံကို ဆောင်ထားခြင်း  သို့မဟုတ် ချိတ်ဆွဲထားခြင်း ပြုသင့်လှပါတယ်။

အားလုံးပဲ အပြောင်းအလဲ များပြီး ခက်ခဲမယ့်နှစ်တစ်နှစ်ကို ကျော်လွှားဖြတ်သန်းနိုင်စွမ်း ရရှိကြသည် ဖြစ်ကြပါစေခင်ဗျား။

လေးစားလျက် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း 09 789 333 791

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)