ဗုဒ္ဓဟူးနဲ့ ရာဟုနေ့ဖွားများအတွက် ကံဇာတာ (၁၃၈၄ခုနှစ်)

ဒီတစ်နှစ်သည် ဗုဒ္ဓဟူး/ရာဟုများအတွက် ရင်းနှီးမြုပ်နှံမှုကို အထူးပြုရမယ့် ကာလ ဖြစ်လာပါတယ်။ ငွေ ၊ အချိန် ၊ ပညာ ဘယ်အရာကို ဘယ်နေရာမှာ ရင်းနှီးမြုပ်နှံရမလဲဆိုတာ ….ချိန်ဆကြရမယ့် ကာလပါပဲ။

မိမိတို့ရဲ့ စိတ်ထဲမှာလည်း …ငါ ဒီအလုပ်လုပ်ရင် ကောင်းမလား၊ အရင်းအနှီးဘယ်လောက်ရှိမလဲ၊ ရင်းနှီးသင့် မရင်းနှီးသင့် စသည်ဖြင့် ချိန်ဆမှု များလာတတ်ချိန် လို့ ဆိုရပါမယ်။

အချို့သော ဗုဒ္ဓဟူးနေ့ဖွားများအဖို့ တစ်ချိန်က မအောင်မြင်ခဲ့သည့် အလုပ်မျိုးမှာတောင် ပြန်လည် ရင်းနှီးမြုပ်နှံကြည့်ဖို့  ပြန်စွန့်စားကြည့်ဖို့ စိတ်အားထက်သန်လာတတ်ကြပါတယ်။ ရာဟုဖွားတွေကတော့  အဆိုပါရင်းနှီးမြုပ်နှံများမှာ အကူညီကောင်းလေးတွေပါ ရရှိတတ်ကြချိန်ပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

စီးပွားရေး

အထက်မှာ ဆိုခဲ့သည့်အတိုင်း ရင်းနှီးမြုပ်နှံမှုကဏ္ဍတွေ အရေးပါလာချိန်ဖြစ်ပါတယ်။ အထူးသဖြင့် စပ်တူ အစုစပ် ပူးပေါင်းလက်တွဲပြီး အလုပ်စပ်တူလုပ်ဖို့ စတင်ရင်းနှီးမြုပ်နှံရသည့် အခန်းကဏ္ဍမျိုးတွေ ကြုံတွေ့လာကြရတတ်ပါတယ်။

သာမန် ၀န်ထမ်းတွေသော်မှ… မင်းနဲ့ငါ ဘယ်မှာအလုပ်သွားလုပ်ကြရအောင် စသည်ဖြင့်….အတူတစ်ကွ ကြိုးစားအားထုတ်ရခြင်းမျိုးကို ပိုမို နှစ်လိုလာတတ်ကြပါတယ်။ စီးပွားရေးသမားတွေ အနေနဲ့ကတော့ ဒီတစ်နှစ်သည် …လက်တွဲလုပ်ဆောင်ရေး ကဏ္ဍတွေမှာ အရဲကိုးပြီး စမ်းသပ်လုပ်ကြည့်ရမယ့် အခြေအနေတွေ ပေါ်ပေါက်လာတတ်ချိန်။ စွန့်ပြီး ရင်းနှီးမြုပ်နှံကြည့်ဖို့ လှုံ့ဆော်မှုတွေ ကြုံလာရတတ်ချိန်ပါပဲ။

အမည်ရဲ့ နောက်ဆုံးမှာ (အင်္ဂါနံ/ စ၊ဆ၊ဇ၊ဈ၊ည) ဖြင့် မှည့်ခေါ်ထားသော ဗုဒ္ဓဟူး/ရာဟုဖွားများ အဆိုပါရင်းနှီးမြုပ်နှံမှု စွန့်စားမှုတွေကနေ ပိုမိုအခွင့်အလန်းသာလာတတ်ကြပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

လူမှုရေး

အဆင်မသင့်လိုက်တာနဲ့ အိမ်ထောင်သည်လည်းဖြစ်နေမယ်ဆိုရင်၊ ယောက္ခမတွေ နဲ့ နောင်ဂျိန် တွယ်ရတတ်ချိန်မျိုးပေါ့။ လူမှုရေးကဏ္ဍမှာ သူတစ်ပါး ချောက်တွန်းခံရတာ ၊ သူတစ်ပါးက သေချာအကွက်ချပြီး မကောင်းကြံခံရတာမျိုးတွေ သတိထားရမယ့်အချိန်ပါ။

ငွေကြေးကို အကြောင်းပြုပြီး …မိမိ ဂုဏ်သိက္ခာကို ထိခိုက်မှုလည်း ကြုံလွယ်တတ်သော ကာလမို့ ငွေကြေးကဏ္ဍကို အလွန်ကို သတိပြု လုပ်ကိုင်ကြဖို့ လိုအပ်ပါလိမ့်မယ်။အထူးသဖြင့် ရာဟုဖွားများ ငွေကြေးပြဿနာ တက်လိုက်တာနဲ့ တစ်ကြိမ်နဲ့ မပြီးဘဲ. နောက်ထပ်အခါခါ ပြန်ခါလှန်ခါ ပြဿနာလေးတွေ တက်နေရတတ်ပါတယ်။

အချစ်ရေး..အိမ်ထောင်ရေး

ပျိုရွယ်သူများ …ခပ်ထက်ထက် ပါဖြောင့်ဖြောင့်လေးတွေ နဲ့ နဖူးစာရွာလည်တတ်ချိန်ဆိုပါစို့။  ဘာပဲဖြစ်ဖြစ် ဒီတစ်နှစ်တော့ မြားနတ်မောင်က … အလန်းစားလေးတွေနဲ့ ချိတ်ပေးတတ်ပါတယ်။ အချစ်ရေးမှာ အပြိုင်အဆိုင် ကဏ္ဍတွေလည်း ပါလာတတ်ပါတယ်။ အထူးသဖြင့် ရာဟုဖွားများ …ရှိရင်းစွဲချစ်သူအပြင် အချစ်သစ် အတက် ထွက်လာတတ်။ အားပြိုင်မှုတွေ ၊ ရန်သတ်ရတာလေးတွေလည်း မကင်းတတ်သော ကာလ ဖြစ်ပါလိမ့်မယ်။

အိမ်ထောင်သည်များအဖို့ ….ဒီတစ်နှစ် အိမ်တွင်းရေး၊ အိမ်ထောင်ရေးမှာ အနည်းငယ်ဆူပူလာပါလိမ့်မယ်။ အထူးသဖြင့် ဆွေရေးမျိုးရေးတွေပါလာရင် နောင်ဂျိန်တွေလည်း စိတ်လာတတ်ပါတယ်။ ယခင်က တော်တော် နားအေးပြီး စကားနားထောင်ပါတယ်ဆိုတဲ့ အိမ်ထောင်ဖက်မျိုးသော်မှ….ယခုနှစ်ကာလမှာတော့  နာခံမှု နည်းပြီး ပြန်လည် တုန့်ပြန်လာတတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

တနည်းအားဖြင့် အိမ်ထောင်ရေး အနည်းငယ် သတိပြု ကိုင်တွယ်ရမယ့် အချိန်ကာလပါ။ အထူးသဖြင့် အမည်ရဲ့ နောက်ဆုံးမှာ တနင်္ဂနွေနံ (အ၊ဥ) ဖြင့် ၀င်းအောင်၊ ဝေနှင်းအေး ၊ ယင်းမာအောင် စသည်ဖြင့် မှည့်ခေါ်ထားသော အိမ်ထောင်ရှင်များ ….အိမ်ထောင်ရေး ပြဿနာ ပေါ်ပေါက်လာတတ်ချိန်လို့ ဆိုရပါမယ်။

အထူးသဖြင့် တနင်္ဂနွေနေ့တွေမှာ ပြောဆို ဆက်ဆံ.မှုကို အထူးဂရုစိုက်ရမယ့် နှစ်တစ်နှစ်ဖြစ်ပါတယ်။ ယတြာအနေဖြင့် တနင်္ဂနွေနေ့တိုင်း အပတ်စဉ်… ဘုရားရေသပ္ပယ်ခြင်း ၊ သန့်ရှင်းရေးကုသိုလ်များ ဆောင်ရွက်ခြင်း ပြုသင့်ပါကြောင်း။

ကျန်းမာရေး

အသည်း ၊ကျောက်ကပ် ၊ သားအိမ် နှင့် ပတ်သက်ပြီး ပိုမိုဂရုစိုက်ရမယ့် ကာလ ဖြစ်ပါတယ်။ ရောဂါအခံရှိသူများ မပေါ့ဆသင့်သော ကာလ ဖြစ်ပါလိမ့်မယ်။  ဒုတိယအားဖြင့်ကတော့ သွေး၊ အစာအိမ်၊ ရင်ဘတ်၊ ခြေ၊ ခါး တို့နှင့် ပတ်သက်ပြီး ရောဂါဘယ တို့ သွေးတိုးစမ်းလာတတ်ပါတယ်။ ယတြာအားဖြင့်. လစဉ်လတိုင်း လပြည့်နေ့တွေမှာ သံဃာတော်များကို ဆွမ်းနှင့်ဆေး တွဲပြီး လှူသွားပေးသင့်ပါတယ်။

ပညာရေး

တစ်ပိုင်းတစ်စ ပညာရေး အခြေအနေတွေကို ဆက်လက်ပြီး အားထုတ်ဖို့ အကောင်းဆုံးကာလမျိုး ဖြစ်ပါတယ်။ အတတ်ပညာတစ်ခုခုကို ဆက်မသင်ဘဲ ထားခဲ့ရာကနေ ပြန်လည်လေ့လာပြီး ပြီးပြည့်စုံအောင် အားထုတ်သင့်တဲ့ကာလမျိုးပါ။ အဝေးကနေ လှမ်းဖြေရတဲ့ စာမေးပွဲမျိုးတွေ၊ အဝေးကနေ ဘွဲ့တစ်ခုခုကို ရအောင် ယူနိုင်ဖို့ ကြိုးပမ်းနေတာမျိုးတွေအတွက်လည်း Chance များတဲ့ကာလ ဖြစ်ပါတယ်။  ပညာရေး အားကောင်းလိုသူများ ….ရေဖန်ခွက်လှလှလေးတစ်ခုထဲမှာ ရေအပြည့်ထည့်ပြီး စာကြည့်စားပွဲပေါ်မှာ ထားပေးသင့်လှပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အထွေထွေ

ဗုဒ္ဓဟူး ရာဟု ဖွားတွေအတွက် …ဒီတစ်နှစ်က ပညာရေးကို ပိုမိုအားပေးတဲ့နှစ်ပါပဲ။ သိပ်မစဉ်းမစား မဆင်ခြင်ပဲ လုပ်ကိုင်တတ်သူတွေတောင် ..သည်တစ်နှစ်တော့ ပညာစရိုက်  ပိုမိုလွှမ်းမိုးလာပါမယ်။ ဆင်ခြင်ပိုင်းခြားနိုင်မှု အနဲနဲ့အများ ပိုမိုရရှိလာမယ့် နှစ်မျိုးလို့ ဆိုရပါမယ်။ အကျိုးစီးပွား ရှာဖွေရရှိရေးမှာတော့ ပုံစံ Position အပြောင်းအလဲတွေ လုပ်လာရပါမယ်။ ခါတိုင်းလို တစ်သတ်မှတ်တည်း လုပ်လို့မရတော့တာမို့ အပြောင်းအလဲတွေကို လက်ခံနိုင်ဖို့ ကြိုးစားကြရပါလိမ့်မယ်။

လုပ်ငန်းရှင်များ ဒီတစ်နှစ်မှာ လုပ်သားကောင်းအချို့ရရှိတတ်ပါတယ်။ နိုင်ငံရပ်ခြားဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်နေသူများ …လူမျိုးကွဲအချို့နဲ့ ရန်အတိုက်အခံ အနည်းငယ် ဖြစ်ရတတ်ပြီး ၊ လုပ်ငန်းစီးပွားတော့ ပိုမိုကောင်းလာနိုင်ပါတယ်။

ဒီတစ်နှစ်အထိန်းရဆုံး အစိတ်အပိုင်းသည် အိမ်တွင်းရေး၊ အိမ်ထောင်ရေး ၊ မိသားစုရေး ကဏ္ဍတွေ ဖြစ်ပါလိမ့်မယ်။ အဆင်မသင့်လိုက်တာနဲ့ အိမ်တွင်းရေးဆူပူမှု ဖြစ်လွယ်နေသည့်ကာလမျိုးပါ။

အိမ်တစ်အိမ် ..မိသားစုတစ်စုမှာ … အကုသိုလ်ကံအကျိုးပေးသည် ထိုမိသားစု ထိုနေအိမ်မှ အသိဥာဏ် အားအနည်းဆုံးပုဂ္ဂိုလ် ၊ သတိအားအနည်းဆုံး မိသားစုဝင်တို့ကို အကြောင်းခံပြီး ၀င်လာတတ်တာမို့. ဒီတစ်နှစ်တော့ သူတို့ကို မျက်ခြေမပြတ် အကဲခတ်နေရမယ့် ကာလပါပဲ။  ကျန်းမာရေးအားနည်းနေသူများ ဒီတစ်နှစ်တော့ အနီရဲရဲအရောင် နဲ့ အပြာ၊ခရမ်း၊ခရမ်းပြာရောင်တို့ကို အနည်းငယ် ရှောင်ဖို့ လိုပါလိမ့်မယ်။

အလုပ်သစ်လျှောက်လိုသူများ၊ ပညာသင်ကြားလိုသူများ၊ ကောင်းသောရည်ရွယ်ချက်တစ်ခုခုကို စတင်လိုသူများ လပြည့်နေ့မျိုးမှာ အထူးကြိုးစားအားထုတ်ကြည့်သင့်လှပါတယ်။ အကယ်၍ လပြည့်နေ့ မဟုတ်သော်မှ…လမပြည့်မီ ၅ရက်ခန့် နဲ့ လပြည့်ပြီး လပြည့်ကျော်၅ရက်ခန့်အတွင်း ကြိုးစားအားထုတ်မှု စိုက်ထုတ်ကြည့်ကြစေလိုပါတယ်။

အားလုံးသော ဗုဒ္ဓဟူး/ရာဟုဖွား အပေါင်း ….စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းတို့ ဖြင့် …ပြည့်စုံပြီး ကောင်းသောနှစ်သစ်မင်္ဂလာ ဖြစ်ကြပါစေခင်ဗျား။ လေးစားစွာဖြင့် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)