ဗုဒ္ဓဟူးနေ့ဖွားတို့ရဲ့ မြန်မာနှစ်သစ် ကံဇာတာ

ယခုနှစ် ၁၃၈၀ ကတော့ ဗုဒ္ဓဟူး ရာဟုဖွားများအတွက် ဘ၀ရုန်းကန်ရမှုတွေ၊ အခက်အခဲတွေ၊ စိတ်ဖိစီးမှုတွေနဲ့ တာဝန်ယူရမှုတွေ များပြားမယ့်နှစ်လို့ ဆိုရပါလိမ့်မယ်။

လူတွေက ကိုယ့်ကိုမြင်လိုက်တာနဲ့ အလိုလိုနေရင်းကို တာဝန်ယူစေလို၊ ခိုင်းလို၊ နှိမ်လို၊ အမုန်းပွားလို စိတ်တွေ ပေါ်လာနေတတ်သောနှစ် ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဆိုးထဲမှာ အကောင်းတွေလည်း ရှိနေနိုင်တာမို့ ဗုဒ္ဓဟူးနေ့ဖွားတို့ ကံဇာတာကို အသေးစိတ်အားဖြင့်  ကဏ္ဍ အနည်းငယ် ခွဲခြားပြီး အောက်မှာ ဆက်လက် ရေးသားပေးလိုက်ရပါတယ်။

အလုပ်အကိုင်

အတိုက်အခံ အပြိုင်အဆိုင် သိပ်များမယ့် ကာလပါ။ အကျိုးစီးပွားကို အားပြိုင်မှုတွေနဲ့အတူ၊ လုယက် ယူငင်နေရတတ်သော နှစ်ပါပဲ။ နေရာတိုင်းမှာ မိမိအကျိုးစီးပွားကို ရန်သူ အားပြိုင်ဘက်တွေကြားက တိုက်ခိုက်ယူရမယ့်ကာလမျိုးလို့ ဆိုနိုင်ပါတယ်။ တစ်ချို့နေရာတွေမှာဆို ကိုယ့်ကိုယ်ပါ အနာခံပြီးမှ ကိုယ်လိုချင်တဲ့ အကျိုးစီးပွားကို ရမယ့် အနေအထားတွေပါ ကြုံလာရတတ်ချိန်ပါ။

မေတ္တာရေး

မေတ္တာရေးကံမှာ ကောင်းမွန်တတ်သောကာလ ဖြစ်ပါတယ်။ အချစ်ရှာဖွေနေသူများအဖို့တော့ ဒီနှစ်ထဲမှာ ကိုယ် တစ်ကယ် မြတ်မြတ်နိုးနိုး ချစ်ရမယ့် ချစ်သူမျိုး တွေ့လွယ်လာတတ်ချိန်ပါ။ ငယ်ငယ်ချောချော၊ လှလှပပ ချစ်သူမျိုးနဲ့လည်း ဆုံဆည်းရတတ်ချိန်မို့၊ ဒီတစ်နှစ်တော့ ဖူးစာရေးနတ်က မျက်နှာသာပေးလာသော နှစ်လို့ ဆိုရလိမ့်မယ်။ မေတ္တာရေး အဆင်ပြေလိုသူများအဖို့ အနက်ရောင်ကို အထူး ရှောင်ကျဉ်သင့်ပါတယ်။

ပညာရေး

ပညာရေး မှာ အထောက်အပံ့ ရတတ်သော ကာလ ဖြစ်ပါတယ်။ မိမိကိုယ်တိုင်ကလည်း တိုးတက်အောင် လုပ်ဆောင်ပြနိုင်စွမ်း ပိုမိုရလာတတ်သော နှစ်ပါပဲ။ ဒါပေမယ့် မှတ်ဥာဏ်အား ကျဆင်းမှုကို ဗုဒ္ဓဟူးနေ့ဖွားအချို့ ရင်ဆိုင်ရတတ်လို့ တစ်ကြိမ်နဲ့ ပြီးမြောက်ရမယ့် နေရာတွေမှာ ၂ ကြိမ်၊ ၃ ကြိမ် အပြန်ပြန် လုပ်နေရတာမျိုးတွေ ရှိလာနိုင်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး အရေးကြီးသော စာမေးပွဲ စသည် ဖြေဆိုဖို့ ရှိရင် အဖြူရောင်နဲ့ နံသာရောင်ကို အဓိက အသုံးပြုသင့်ပြီး အစိမ်းရောင်နဲ့ အနက်ကို လျှော့သုံးပါလို့ အကြံပြုချင်ပါတယ်။

ကျန်းမာရေး

ဒီတစ်နှစ်က ရုပ်ပိုင်း စိတ်ပိုင်း ချွတ်ချော်လွယ်လှသော နှစ်မျိုးပါ။ စိတ်ဓာတ်ကျစရာတွေပဲဖြစ်စေ၊ ရုပ်ပိုင်း တစ်ချောင်ချောင် ဖြစ်လာတာမျိုးပဲ ဖြစ်စေ ကြုံလွယ်နေပါတယ်။ ဒီနှစ်ကအဘက်ဘက်မှာ ချွတ်ခြုံကျလာတတ်တာတွေကို တားဆီးမှုပြုနိုင်ဖို့ အရေးကြီးလှတဲ့ နှစ်မျိုးပါ။ ဒါကြောင့် ကျန်းမာရေးနဲ့ ပတ်သက်လို့လည်း မပေါ့ကြဖို့သာ အသိပေးလိုက်ရပါတယ်။ ကျန်းမာရေး အားနည်းသူများအဖို့ ရေနဲ့ နီးစပ်သော နေရာများမှာ မနေအပ်လှပါခင်ဗျား။

အထွေထွေသုံးသပ်ချက်

ဗုဒ္ဓဟူး ရာဟုဖွားတွေအတွက် အခက်အခဲ ဆိုတာတွေကို စိန်ခေါ်ဖြတ်ကျော်ရမယ့် နှစ်မျိုး ဖြစ်ပါတယ်။ ခါတိုင်းထက်ပိုပြီး ခက်ခဲလာမယ်။ ကျပ်တည်းလာမယ်။ ရုန်းကန်လာရပါမယ်။ ဇွဲဆိုတာကိုမှ မပိုင်ဆိုင်ရင် ဒီတစ်နှစ်သည် မလွယ်ကူပါ။ ဇွဲဖြင့် သည်းခံဖြတ်သန်းနိုင်မှသာ အဆုံးမှာ အောင်မြင်မှု ရတတ်သော ကာလမျိုး ဖြစ်ပါတယ်။

ဒီနှစ်ထဲမှာ အမွေအနှစ် ရစရာရှိသော ဗုဒ္ဓဟူး ရာဟုများ အမွေအနှစ် ရရှိတတ်ပါတယ်။ နေရာထိုင်ခင်းကဏ္ဍ ဗုဒ္ဓဟူးတွေ အဆင်ပြေတတ်ပါတယ်။ ရာဟုတွေလည်း နေရာထိုင်ခင်းကံ ကောင်းတတ်ချိန်ပါ။ သို့သော် ရာဟုတွေ အတွက် နေရာထိုင်ခင်းကံ ကောင်းသော်လည်း ကိုယ်လိုချင်နှစ်သက်နေသော အခြားအစိတ်အပိုင်း ကဏ္ဍ တစ်ချို့ကို နေရာထိုင်ခင်းကဏ္ဍကို ငဲ့ကွက်ပြီး စွန့်လွှတ်ခွဲခွာရတတ်ပါတယ်။ ဥပမာအားဖြင့် ရာဟုဖွားတွေ အဖို့ ကိုယ်လိုချင်တဲ့ ရာထူးဌာန နေရာကောင်းမျိုးကိုတော့ ရပါရဲ့၊ ကိုယ်ချစ်တဲ့သူတွေနဲ့တော့ ခွဲနေရတတ်သည့် ကံမျိုးဆန်ဆန် လာကြုံတတ်ပါတယ်။

အရင်းအနှီး ရလွယ်ခြင်း ..၊ ရင်းနှီးမြုပ်နှံမှုမှ အကျိုးခံစားရခြင်းများ ရရှိတတ်သော ကာလဖြစ်ပါတယ်။ တူ၊ တူမ တစ်ဦးဦးရဲ့ ချစ်ခင်သော အကူညီကောင်းမျိုးကိုသော်လည်းကောင်း၊ လက်အောက်ငယ်သား တစ်ဦးဦးထံမှ ချစ်ခင်သဖြင့် ကူညီပံ့ပိုးပေးခြင်း မျိုးကိုသော်လည်းကောင်း ရရှိတတ်ပါတယ်။

အနှစ်ချုပ်ရရင် ဒီနှစ်သည် ဗုဒ္ဓဟူးရာဟုဖွားတွေအတွက် နည်းနည်း ပိုမောလာမယ့် ကာလပါ။ တောင့်ခံထားပါ။ ဇွဲရှိပါ။ ရှေ့နှစ် ၁၃၈၁ ကို ရောက်ပြီဆိုရင်တော့ ဗုဒ္ဓဟူးရာဟုအများစုအဖို့ အမောပြေစရာ ကံလေးတွေ ဆီးကြိုနေပါလိမ့်မယ် ခင်ဗျား။

ကိုဖုန်း / သုတေသီ ဝေသာလီမောင်ဖုန်း / ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
09 789 333 791, 09 318 17 287

ဟောခန်းလိပ်စာ – တိုက် 6 ၊ အခန်း 3 ၊ မြေညီထပ် ၊ မြကန်သာအိမ်ယာ၊ မြကန်သာလမ်း ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်။ အနီးဆုံး မှတ်တိုင် – ဆင်ရေတွင်းမှတ်တိုင်

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)