မသိဘူး၊ စားမယ်ဆိုတဲ့အစားတစ်လိုင်း ရာသီခွင်များ

ဘဝမှာ ကျန်တာတွေ ဘေးခေါက်ထား၊ အစားတစ်လိုင်းကိုပဲ အားသန်တဲ့…၊ စားချင်တာသာ စားရမယ်ဆိုရင် ကျန်တာအကုန် မေ့ထားနိုင်တဲ့ ရာသီခွင်တွေ ရှိပါတယ်။ သူတို့တွေကတော့..

ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀)

အစားအသောက် သိပ်ခုံမင်သူတွေ ဖြစ်ပြီး တစ်ခုခု စားပြီဆိုရင်လည်း အစားအသောက်တွေရဲ့အဆင်းအနံ့ရော အရသာရောကို သေချာလေး အာရုံခံပြီးမှ ကျကျနန စားသောက်တတ်ကြသူမျိုးတွေ ဖြစ်ပါတယ်။ ဘယ်နေရာ ဘယ်ဆိုင်မှာ အစားအသောက်ကောင်းလဲ ဘယ်လောက်ဝေးဝေး ဘာတွေ ဖြစ်ဖြစ် လက်လွှတ်မခံဘဲ ရအောင် စားတတ်သူတွေ ဖြစ်ပါတယ်။ ဈေးကြီးသလောက် စားကောင်းရင် ပြဿနာ မရှိပေမယ့် ဈေးနည်းပြီး စားလို့ မကောင်းရင်တော့ ညည်းညူ ပြစ်တင် နှမျောတသလို့ မဆုံး ဖြစ်တတ်ပါတယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂)

အစားကောင်း ကြိုက်သူတွေ ဖြစ်ပြီး တစ်ခုမဟုတ်တစ်ခု စားနေရမှ ၊ ပါးစပ်နဲ့ အစား မပြတ်မှ အဆင်ပြေသူတွေ ဖြစ်ပါတယ်။ တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် စားတတ်ကြပြီး ဘယ်လောက်ပဲ စားရစားရ ဗိုက်ထဲ ပြည့်ပြီလို့ကို မထင်ကြသူတွေပါ။ စားချင်တာလေးများ တီးထည့်လိုက်ရရင် နေသာထိုင်သာရှိပြီး ဘ၀ကြီးက သာယာလှပပြီ လို့ ယုံကြည်ကြသူတွေပါပဲ။ ဘ၀မှာ နံပါတ်တစ်က အစားအသောက် ဖြစ်ပြီး စားနိုင်မှ လုပ်နိုင်မယ်လို့ ခံယူကြသူတွေလည်း ဖြစ်ပါတယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂)

အရာရာကို အကောင်းဆုံးပဲ လိုချင်ကြသူတွေ ဖြစ်လို့ အစားကောင်းကိုလည်း ကြိုက်တတ်ကြတာ မဆန်းပါဘူး။ ဈေးကြီးပြီး တခမ်းတနား ပြင်ဆင်ထားတဲ့အစားအသောက်တွေကိုမှ နှစ်သက်သူတွေ ဖြစ်ပါတယ်။ အလှအပနဲ့ အဆင့်အတန်းကို မက်မောကြသူတွေ ဖြစ်လို့ အစားအသောက် ကောင်းရုံနဲ့မရဘဲ ဆိုင်ကလည်း အဆင့်ရှိတဲ့ ဆိုင်ကြီးကန္နားကြီးတွေမှ တက်စားရမှ ဗိုက်ထဲ ပိုဝင်သလို စားရတာ တန်သလို ခံစားကြသူတွေ ဖြစ်ပါတယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀)

အစားတစ်လိုင်းထဲမှာ နောက်ဆုံးကနေ ပါဝင်သူတွေ ဖြစ်ပြီး ခံစားရသမျှကို အစားနဲ့ ဖြေသာတတ်သူတွေပါပဲ။ စိတ်ထဲ နင့်နင့်နဲနဲ ခံစားလိုက်ရပြီဆို ခေါင်းထဲအရင် ၀င်လာတာ စားဖို့သောက်ဖို့ ဖြစ်နေပါတယ်။ စားမယ်ဆိုရင် လမ်းဘေးဆိုင်လည်း ရတယ်၊ ဆိုင်ကြီးဆိုလည်း အိုကေတယ် ဆိုသူတွေ ဖြစ်ပြီး စားကောင်းဖို့သာ အဓိကလို့ ခံယူထားသူတွေ ဖြစ်ပါတယ်။ စိတ်ထဲပေါ်ရင် ပေါ်သလို ထစားတတ်သူတွေလည်း ဖြစ်ပါတယ်။

ကျန်တဲ့ရာသီဖွားတွေကလည်း အနည်းနဲ့အများဆိုသလို အစားအသောက် ကြိုက်တတ်ကြတာ မှန်ပေမဲ့ အခု ဖော်ပြထားသူတွေကတော့ အစားတစ်လိုင်းမှာ သူများထက် အားသန်သူတွေ ဖြစ်နေတတ်ကြပါတယ်ဗျား..။ ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)