အနောက်တိုင်းနက္ခတ်ဗေဒင်အရ ကောဇာစနေဂြိုဟ်ဟာ မတ်လ ၇ ရက်နေ့မှာ မိန်ရာသီကို စတင်ကူးပြောင်းပြီး ၃ နှစ်နီးပါး ရပ်တည်နေမှာ ဖြစ်ပါတယ်။
အများအားဖြင့် စနေကို ဂြိုဟ်ဆိုးအဖြစ် ယူဆကြပေမယ့် တကယ်တော့ စနေဂြိုဟ်ဟာ စည်းကမ်း တင်းကျပ်မှုတွေ၊ ချုပ်တည်းသည်းခံမှုတွေ၊ ခါးသီးတဲ့ဘဝသင်ခန်းစာတွေကို လေ့ကျင့် သင်ကြားပေးတတ်တဲ့ လောကုတ္တရာဂြိုဟ်ပဲ ဖြစ်ပါတယ်။
ဒီတစ်ခေါက် စနေဂြိုဟ်ဟာ မိန်ရာသီမှာ ၂၀၂၃ ၊ မတ်လ ၇ ရက်နေ့ကနေ ၂၀၂၆ ၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ အထိ ရပ်တည်နေမှာ ဖြစ်လို့ စနေဂြိုဟ် အစီးအနင်းက ဘယ်ရာသီဖွားတွေအပေါ် အများဆုံး သက်ရောက်မှု ရှိလာမလဲ ဆိုတာကို အသေးစိတ် ဟောဆိုပေးလိုက်ပါတယ်။
မိန်ရာသီဖွား
စနေဂြိုဟ်ဟာ မိန်ရာသီမှာ သုံးနှစ်နီးပါး အထိုင်ချရပ်တည်နေမှာ ဖြစ်လို့ မိန်ရာသီဖွားတွေဟာ စနေရဲ့ရိုက်ခတ်မှု ဒဏ်ကို အများဆုံး ခံစားရတတ်ပါတယ်။ စနေဂြိုဟ် စီးနင်းတဲ့ ၂၀၂၃ မတ်ကနေ ၂၀၂၆ ဖေဖော်ဝါရီလဆန်းထိ မိန်ရာသီဖွားတွေဟာ အမျိုးမျိုးသော လောကဓံ ရိုက်ချက်တွေကို ရင်ဆိုင်ရတတ်ပါတယ်။
တာဝန်ဝတ္တရားတွေ၊ ဖိအားမျိုးစုံတွေ ကိုယ့်ခေါင်းပေါ်တည့်တည့် ကျလာပြီး စိတ်ရောကိုယ်ပါ မွန်းကြပ်စရာတွေ များလာနိုင်ပါတယ်။ စနေဂြိုဟ်ဟာ ကိုယ်ထမ်းနိုင်တဲ့ဝန်ကို အဆုံးစွန်ထိ ချပေးတတ်လို့ ပေါ့ပေါ့ဆဆ နေမရဘဲ အင်တိုက်အားတိုက် ကြိုးစားရုန်းကန်ရပါလိမ့်မယ်။ တစ်ဖက်မှာလည်း စနေရဲ့ကောင်းကျိုးဖြစ်တဲ့ ကြိုးစားမှုရဲ့ရလဒ်တွေကို ပြန်လည် ခံစားရမှာ ဖြစ်ပြီး ဘဝအတွေ့အကြုံကောင်းတွေကိုလည်း ရရှိလာမှာ ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
မေထုန်ရာသီဖွား
စနေဂြိုဟ်ဟာ မေထုန်ရာသီဖွားတွေရဲ့ အရေးပါတဲ့ ကမ္မဘာဝကို ဖြတ်သန်းစီးနင်းလာမှာ ဖြစ်လို့ ဖော်ပြထားတဲ့ သုံးနှစ်နီးပါးကာလအတွင်း အသက်မွေးဝမ်းကျောင်းမှု ၊ အလုပ်အကိုင်၊ စီးပွားရေးပိုင်းတွေမှာ အရင်ကထက်ကို ပိုပြီး အားစိုက်ရုန်းကန်ရတတ်ပါတယ်။
တာဝန်ကြီးတွေ ထမ်းဆောင်ရတာ၊ အလုပ်တွေ စုပြုံကျလာတာ၊ အလုပ် ဖိအားတွေ များလာတာမျိုး ကြုံရပါလိမ့်မယ်။ အလုပ်နဲ့ပတ်သက်ရင် နည်းနည်းမှ သတိ လက်လွှတ်လို့ မရဘဲ အာရုံ စူးစိုက်မှုတွေ လိုအပ်လာပါမယ်။ စနေရဲ့ရိုက်ချက် ဖြစ်တဲ့ အလုပ်တွေ ဖင့်နှေးတာ၊ စီးပွားရေးအခြေအနေ မကောင်းတာတွေကိုလည်း ရင်ဆိုင်ရတတ်ပါတယ်။ သုံးနှစ်နီးပါး သည်းခံစိတ်ရှည်ဖို့၊ ဇွဲကောင်းဖို့ လိုပါလိမ့်မယ်။
ကန်ရာသီဖွား
မိန်ရာသီရောက် စနေဂြိုဟ်ဟာ ကန်ရာသီရဲ့ မျက်နှာချင်းဆိုင်မှာ ရပ်တည်လာမှာ ဖြစ်လို့ ကန်ရာသီဖွားတွေဟာ သုံးနှစ်နီးပါးအတွင်း မေတ္တာရေးကဏ္ဍ အတက်အကျ၊ အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ပျိုရွယ်သူဆို နှလုံးသားရေးမှာ ကံခေတာ၊ ချစ်ရသူကြောင့် ထိခိုက်ခံစားရတာ၊ အထင်အမြင်လွဲခံရတာတွေ ဖြစ်တတ်ပါတယ်။
ချစ်သူစုံတွဲတွေ၊ အိမ်ထောင်ရှင်တွေဆိုရင်လည်း အချင်းချင်း အပြစ် မြင်လွယ်၊ ပေါက်ကွဲလွယ်တတ်တာကြောင့် စိတ်ရှည် သည်းခံဖို့၊ နားလည်မှုတွေ ပိုပေးတတ်ဖို့ လိုပါလိမ့်မယ်။ ပြင်ပလူမှုဆက်ဆံရေးကဏ္ဍမှာလည်း ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်သူတွေနဲ့ ဆက်ဆံရေးတွေ ကျဲသွားတာ၊ စပ်တူရှယ်ယာတွေ ပျက်တာမျိုး ဖြစ်လာတတ်ပါတယ်။ ဒီကာလကို အထိအခိုက် နည်းနည်းနဲ့ ကျော်ဖြတ်နိုင်ဖို့ မေတ္တာတရားက အလွန် အရေးကြီးပါလိမ့်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
ဓနုရာသီဖွား
ဒီနှစ် ၂၀၂၃ ၊ မတ်လကနေ ၂၀၂၆ ဖေဖော်ဝါရီအထိ စနေဂြိုဟ် မိန်ရာသီမှာ တည်ရှိနေစဉ် ကာလရှည်အတွင်း ဓနုရာသီဖွားတွေဟာ အိုးအိမ်နေရာ ပြန်ပြင်ဆင်ရတာ (သို့) နေရာဌာန ပြောင်းရွှေ့ရတာ၊ မြေယာကိစ္စတွေမှာ အငြင်းပွားရတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
အိမ်နေရာထိုင်ခင်းအတွက်နဲ့ စိတ်ပူပန်သောကတွေ မကြာခဏ ဖြစ်လာတတ်ပါတယ်။ အိမ်တွင်းမိသားစုထဲမှာလည်း ပဋိပက္ခတွေက အရှိန်အဟုန် ကြီးမားလာတတ်ပါတယ်။ အချင်းချင်း နားလည်မှု မယူနိုင်ဘဲ မကြာခဏ အိမ်ပူအိမ်ဆူတာမျိုးပါ ဖြစ်ပွားလာတတ်လို့ သတိထားရပါမယ်။
ဖော်ပြပါ ရာသီဖွား ၄ ခုဟာ မိန်ရာသီရောက် စနေဂြိုဟ်ရဲ့ ရိုက်ခတ်မှုကို အများဆုံး ခံစားရမယ့်သူတွေ ဖြစ်လို့ စနေဂြိုဟ် စီးနင်းနေမယ့် သုံးနှစ်နီးပါးကာလမှာ သတိတရား လက်ကိုင်ထားပြီး ဖြတ်သန်းကြဖို့ကို ဗေဒင်ပညာ ရှုထောင့်ကနေ ကြိုတင် အသိပေးလိုက်ရပါတယ်။
ဧက (ဗေဒင်သုတ)