မိသားစုတိုင်းအတွက် အခိုက်ဓာတ် ဖယ်ခွာ အစီအရင်

အိမ်တစ်အိမ် ၊ မိသားစုတစ်စုမှာ ကုသိုလ်ကောင်းမှုတွေ၊ ဘာသာရေးတွေ လုပ်နေတဲ့ကြားကကို တခါတလေမှာ မိသားစုအတွင်း စိတ်ဝမ်းကွဲစရာပြဿနာတွေ ၊ အလိုလိုနေရင်း အချင်းချင်း အပြစ်တင်လွယ် ရန်ရှာမိတာတွေ၊ တစ်ယောက်ပြီး တစ်ယောက် အလှည့်ကျလို ကျန်းမာရေး ညံ့လာတာတွေ၊ ကုမရ ဆေးမတိုးဘဲ ငွေကုန်လူပန်း ဖြစ်ရတာတွေ ကြုံတတ်ပါတယ်။

ဒါမျိုးတွေ ဖြစ်လာရင် ဒီအချက်တွေကို အရင် သတိထားကြည့်ပါ။

(၁) မှန်ကွဲတွေ၊ မီးချောင်းမီးလုံးအကျွမ်းတွေ၊ သုံးလို့မရတော့တဲ့ အသုံးအဆောင်အပျက်အစီး အကျိုးအပဲ့တွေ အိမ်ထဲမှာ ရှိနေသလား၊ ရှိနေရင် မြန်မြန်သာ စွန့်ပစ်လိုက်ပါ။ သုံးမရတာတွေကိုမှ သိမ်းဆည်းမိ ပစ်ထားမိရင် အခိုက်ဓာတ်တွေ စုပုံလာပြီး အမင်္ဂလာတွေ၊ စိတ်ပျက်ဝမ်းနည်းဖွယ်ရာတွေကို ဆွဲငင်တတ်ပါတယ်။

(၂) မကောင်းတဲ့အတိတ်နိမိတ်ကို ပြနေတဲ့ ပန်းချီကားတွေ၊ Vinyl ဒီဇိုင်းရုပ်ပုံတွေ၊ ပြူးတူးပြဲတဲနဲ့ အမြင်ဆိုးတဲ့ ရုပ်သဏ္ဍာန်တွေကို မတော်တဆ ချိတ်မိသိမ်းမိထားရင် အမြန် စွန့်ပစ်ပါ။ ကံကောင်းနေချိန်မှာ မသိသာပေမယ့် ကံနိမ့်လာချိန်မှာ မကောင်းတဲ့ဓာတ်တွေကို ဖြစ်ပေါ်စေတတ်ပါတယ်။ အိပ်ခန်းထဲမှာ ရေတံခွန်ပုံ ၊ ရေပန်းပုံတွေ ထားမိရင်လည်း ဖြုတ်ပစ်သင့်ပါတယ်။ ငွေကြေးပိုင်း၊ စိတ်ပိုင်းဆိုင်ရာမှာ ကံညံ့စေတတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၃) ဘုရားကျောင်းဆောင်က ပန်းအိုးပဲ ဖြစ်ဖြစ်၊ ဧည့်ခန်းထဲက ပန်းအိုးမှာဖြစ်ဖြစ် ပန်းတွေကို ညိုးခြောက်တဲ့ထိ ထားမိရင်လည်း ကံဆိုးစေတတ်ပါတယ်။ ညိုးနေတဲ့ပန်းတွေကို လန်းဆန်းတဲ့ပန်းနဲ့ အမြန် လဲလှယ်ပါ။ ရေတွေ ဖြည့်ပေးပါ။ အိမ်ရှေ့တွေ၊ ဧည့်ခန်းတွေမှာ ဆူးပါတဲ့အပင်တွေကို အလှစိုက်မိရင်လည်း ကံဆိုးတတ်ပါတယ်။

(၄) မဝတ်ဖြစ်တော့တဲ့ အဝတ်အစားအဟောင်းအနွမ်းတွေ၊ စုတ်ပြဲ (သို့)မီးလောင်ထားတဲ့ အဝတ်ဟောင်းတွေနဲ့ စီးမရဘဲပစ်ထားမိတဲ့ ဖိနပ်ဟောင်းတွေကလည်း မေတ္တာရေးရာကံဆိုးမှုတွေကို ဖြစ်ပွားစေတတ်ပါတယ်။ အဲလို ဆွေးမြေ့အဝတ်ဟောင်းတွေက မိသားစု၊ အိမ်တွင်းမှာပါ အခိုက်ဓာတ်တွေကို ဖန်တီးဖြစ်ပေါ်စေတတ်ပါတယ်။

ဖော်ပြပါအချက်တွေကို ရှင်းသင့်တာရှင်း၊ စွန့်သင့်တာ စွန့်ထုတ်ပြီးရင်တော့ အောက်ဖော်ပြပါ အချက်တွေကို ဆက်လက် လုပ်ဆောင်ပေးဖို့ လိုပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၁) အိမ်ထဲကို နေရောင် ဝင်နိုင်သမျှ ဝင်အောင် လုပ်ပါ။ နေရောင် တိုက်ရိုက် မကျရင်တောင် လေဝင်လေထွက် ကောင်းအောင် ရှိသမျှ ပြတင်းပေါက်တွေ၊ တံခါးတွေကို အကုန် ဖွင့်ပေးပါ။ အထူးသဖြင့် မနက်ခင်းလိုအချိန်မှာ ဖွင့်ပေးထားပါ။ နေရောင် ၊ သဘာဝအလင်းရောင်ဟာ မကောင်းတဲ့ဓာတ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

(၂) အိမ်ထဲမှာ မှောင်ရိပ်ကျတဲ့နေရာ မရှိအောင် သတိထားပါ။ အရမ်း မှောင်လွန်းတဲ့ထောင့်တွေမှာ မီးထွန်းပါ။ အလင်းရောင်တစ်ခုခုနဲ့ ရောက်အောင် ထွန်းလင်းပေးထားပါ။ နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် လင်းချင်းအောင် ထားပါ။

(၃) အိမ်သူအိမ်သားတွေ ချိုးတဲ့ရေထဲမှာ ပင်လယ်ဆား အနည်းငယ် ခပ်ပြီး ချိုးပါ။ အိမ်ကို ဆေးကြောတဲ့အခါ ဆားနည်းနည်းခပ်ပြီမှ ဆေးကြောသန့်ရှင်းပစ်ပါ။ ဆားက မကောင်းတဲ့ဓာတ်တွေကို ရှင်းထုတ်နိုင်စွမ်း ရှိပါတယ်။

(၄) သံပရာသီးတစ်လုံးကို လေးစိတ်ခြမ်းပြီး အစိတ်တိုင်းမှာ ဆားသိပ်ပါ။ ဆားသိပ်ထားတဲ့ သံပရာခြမ်းတွေကို အိမ် ၊ အခန်း အဝင်တံခါးမနားမှာ ၃-၄ ရက်လောက် ချထားလိုက်ပါ။ ကိုယ့်အိမ်၊ မိသားစုအပေါ် ကျလာနိုင်တဲ့ မကောင်းတဲ့ အခိုက်ဓာတ်တွေကို ဖယ်ရှားနိုင်ပါတယ်။ ၃ -၄ ရက်ထားပြီးရင်တော့ ပြန်စွန့်ပစ်လိုက်ပါ။

မိသားစုတိုင်း ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)