ယူရေးနပ်စ်ဂြိုဟ်အစီးအနင်းနဲ့ ဗေဒင်အကြံပြုချက်

အရှေ့တိုင်းနက္ခတ်ဗေဒင်မှာ မပါဝင်ပေမယ့် အနောက်တိုင်းနက္ခတ်ဗေဒင်မှာတော့ အထင်ကရဂြိုဟ်ကြီးတစ်လုံး ဖြစ်တဲ့ ယူရေးနပ်စ်ဂြိုဟ်ဟာ ဒီနှစ် သြဂုတ်လ ၁၉ ရက်ကနေ နောင်နှစ် ၂၀၂၂ ၊ ဇန်နဝါရီလ ၂၂ ရက်နေ့အထိ ပြိဿရာသီမှာ အသွားနှုန်း မမှန်ဘဲ နောက်ပြန်လှည့်နေမှာ ဖြစ်ပါတယ်။

ယူရေးနပ်စ်ဂြိုဟ် အသွားမမှန် နောက်ပြန်လှည့်ချိန် ၅ လကျော်အတွင်းမှာ ဘယ်ရာသီခွင်တွေအပေါ် အများဆုံး ရိုက်ခတ်နိုင်သလဲ၊ ဘယ်လိုတွေ နေထိုင်သင့်သလဲဆိုတာကို ဗေဒင်ပညာရှုထောင့်ကနေ မျှဝေပေးပါမယ်။

(၁) ဘယ်ရာသီခွင်တွေက ပိုသတိထား ဂရုစိုက်ရမလဲ

ဒီတခါ ယူရေးနပ်စ်ဂြိုဟ် နောက်ပြန်လှည့်တာဟာ ပြိဿရာသီခွင်မှာ ဖြစ်လို့ ပြိဿရာသီဖွားတွေဟာ ဖော်ပြပါ ကာလအတွင်းမှာ လုပ်နေကျ၊ ကြုံနေကျ မဟုတ်တဲ့ ထူးဆန်းတဲ့အဖြစ်အပျက်တွေကို ကြုံတွေ့ရတတ်ပါတယ်။ ကိုယ့်ရဲ့ အမူအကျင့်၊ အတွေးအခေါ်၊ လုပ်ပုံကိုင်ပုံတွေကိုလည်း မဖြစ်မနေ ပြောင်းလဲရတတ်ပြီး ကိုယ်တိုင်က သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကိုလည်း မတတ်သာလို့ ချိုးဖောက်ရတာမျိုးတွေ ရှိလာနိုင်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဒုတိယအနေနဲ့ သိဟ်ရာသီဖွားတွေဟာ အသက်မွေးဝမ်းကျောင်းမှုနယ်ပယ်မှာ မမျှော်လင့်တဲ့ အပြောင်းအလဲနဲ့ အံ့အားသင့်စရာ အခြေအနေတွေကို ရင်ဆိုင်ရတတ်ပါတယ်။ အပြောင်းအလဲအပေါ်မှာ လိုက်ပါစီးမျောနိုင်ဖို့က အဓိက ကျတဲ့အတွက် ခေါင်းမာနေကျ ကိုယ့်အကျင့်စရိုက်ကိုလည်း မဖြစ်မနေ ပြောင်းလဲပစ်ရတတ်ပါတယ်။

တတိယအနေနဲ့ကတော့ ယူရေးနပ်စ်ဂြိုဟ်ပိုင်ရာသီလို့ သတ်မှတ်တဲ့ ကုမ်ရာသီဖွားတွေဟာ ဖော်ပြပါ (၅) လ အတွင်းမှာ အိုးအိမ်နေရာဌာန အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။ ရုတ်တရက် ရွှေ့ပြောင်းလိုက်ရတာနဲ့ မတတ်သာလို့ နေရပ်စွန့်ခွာရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ စိတ်နှလုံး မတည်မငြိမ်တွေ ပိုဖြစ်လာနိုင်ပါတယ်။

(၂) ယူရေးနပ်စ်ဂြိုဟ်နဲ့ လိုက်လျောညီထွေနေထိုင်ရေး

ရုတ်တရက် အပြောင်းအလဲတွေကို ဖန်တီးတတ်တဲ့ ယူရေးနပ်စ်ဂြိုဟ် နောက်ပြန်လှည့်ချိန် သြဂုတ် ၁၉ ကနေ ဇန်နဝါရီ ၂၂ အတွင်းမှာ ရာသီဖွားအားလုံးအနေနဲ့ အတွေ့အကြုံသစ်တွေ၊ ဘဝမှာ မကြုံဖူးမတွေ့ဖူးတာတွေကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရတတ်ပါတယ်။ အနည်းနဲ့အများပဲ ကွာခြားပါလိမ့်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အပြောင်းအလဲတွေကို အလျင်အမြန် လက်သင့်ခံလိုက်ပြီး ကိုယ့်စိတ်ဓာတ်၊ ကိုယ့်ဘဝပုံစံနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ပြုမူနိုင်မှ နေသားကျပါလိမ့်မယ်။ ဥပမာ – အရင်က ဒီအတိုင်းပဲ လုပ်၊ ဒီလမ်းတိုင်းပဲ သွားနေရာက အခု ဒီတိုင်း ဆက်လုပ်လို့ မရ၊ ဒီလမ်းကနေ သွားမရတော့ဘဲ ပြောင်းလဲပစ်ရတာမျိုး ဖြစ်ပါတယ်။

လုပ်နေကျ အကျင့်တွေ၊ အစွဲအလန်းတွေကို ဘေးခေါက်ထားပြီး ဖြစ်ပေါ်လာတဲ့အခြေအနေနဲ့အလိုက်သင့်လေး ရွေ့လျားရမယ့်ကာလ ဖြစ်ပါတယ်။ ဘဝမှာ မတွေ့ဖူး၊ မကြုံဖူးသေးတဲ့ အတွေ့အကြုံသစ်တွေကိုလည်း ဒီကာလ ဒီအတောအတွင်းမှာ ရင်ဆိုင်ရတော့မှာ ဖြစ်လို့ ကိုယ့်ဘက်ကလည်း ဘာလာလာ ရတယ် ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ အသင့် ဖြစ်နေရပါလိမ့်မယ်။ အသင့်မဖြစ်ဘဲ ခေါင်းမာတင်းခံနေရင်တော့ ကိုယ်ပဲ ခံစားရပါမယ်။

အထူးအဆန်းကိစ္စတွေနဲ့ အပြောင်းအလဲကြီးတွေကို ယူဆောင်လာတတ်တဲ့ ယူရေးနပ်စ်ဂြိုဟ်ရဲ့ အစီးအနင်းမှာ ရာသီခွင်အားလုံး အလိုက်သင့် နေသားတကျ ဖြစ်စေဖို့  ဗေဒင်သုတအဖြစ် အကြံပြုတင်ပြလိုက်ပါတယ်။ ဧက (ဗေဒင်သုတ)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)