ယူရေးနပ်စ် Retro နဲ့ (၁၂) ရာသီခွင်ဟောကိန်း

ဂဏန်းဗေဒင်ပညာမှာ (၄) ဂဏန်းကို စိုးမိုးပြီး နက္ခတ်ဗေဒင်မှာတော့ တော်လှန် ပုန်ကန်မှုတွေကို ကိုယ်စားပြုတဲ့ ယူရေးနပ်စ်ဂြိုဟ်ဟာ သြဂုတ် ၁၅ ကနေ နောင်နှစ် ၂၀၂၁ ၊ ဇန်နဝါရီ ၁၄ ရက်နေ့အထိ အသွားမမှန်ဘဲ Retro သွားနေပါတယ်။ ဂြိုဟ်အသွားအလာ မမှန်တဲ့အခါ (၁၂) ရာသီခွင်အပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်လာမလဲ ဆိုတာ ဟောကိန်းအဖြစ် လေ့လာဖတ်ရှုနိုင်ပါတယ်။ ဒီဟောကိန်းတွေက နောင်နှစ် ဇန်နဝါရီ ၁၄ အထိ သက်ရောက်မှု ရှိနေပါလိမ့်မယ်။

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အတွင်း မွေးဖွားသူများ) – လက်ဖွာအသုံးကြမ်းမိနေရာက ကိုယ့်စရိတ်စက ကိုယ်ပြန် သုံးသပ်မိပြီး ထိန်းချုပ်လာနိုင်ပါလိမ့်မယ်။ စုမိဆောင်းမိလေးလည်း ဖြစ်လာနိုင်ပါတယ်။ မိသားစုထဲမှာ ထူးခြားတဲ့ အဖြစ်အပျက်မျိုးတွေ ပေါ်လာတတ်ပါတယ်။ လွှတ်ခနဲ ပြောမိတဲ့ စကားတွေ မှန်နေတတ်ပါတယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အတွင်း မွေးဖွားသူများ) – ပုံမှန်ရိုးရိုးကြီး လုပ်နေကျ ၊ နေ့စဉ် ကြုံတွေ့နေကျ ဘဝဖြစ်စဉ်ကနေ ခွဲထွက်ပြီး အသစ်အဆန်းတွေ ရှာဖွေစဉ်းစား လုပ်မိလာလိမ့်မယ်။ အရင်က မလုပ်ရဲမကိုင်ရနဲ့ ဖြစ်ခဲ့တာတွေ စမ်းကြည့်လာမိမယ်။ အရင်လို ခေါင်းငုံ့ခံမနေဘဲ ဆတ်ဆတ်ကြဲစတိုင်မျိုး ဖြစ်လာတတ်တယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ယူရေးနပ်စ်ဂြိုဟ် သင်္ကေတ

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အတွင်း မွေးဖွားသူများ) – လူအများနဲ့ လုံးလားထွေးလား ခင်ခင်မင်မင်ကြီး ပေါင်းသင်းတတ်တဲ့ စရိုက်သဘာဝ နည်းသွားပြီး တစ်ကိုယ်တော် နေချင်စိတ်တွေ ပိုများလာမယ်။ ကိုယ့်ဖာသာ နေရင် ပိုအေးချမ်းတယ်လို့ ထင်လာမိမယ်။ တစ်ဖက်မှာ ဘာမှန်း မသိတဲ့ အကုန်အကျတွေလည်း များလာမယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်း မွေးဖွားသူများ) – လုပ်နေတဲ့ စီးပွားရေးမှာ အမြတ်အစွန်းပိုင်း နဲ့ ပတ်သက်လို့ စိတ်ညစ်စရာ ပေါ်လာနိုင်တယ်။ များများလုပ်ပြီး နည်းနည်း ကျန်သလို ခံစားရမယ်။ မိတ်ဆွေနဲ့ ဆက်ဆံရေးမှာ ကျဲသွားတတ်တယ်။ ကိုယ်နဲ့ ပတ်သက်နေကျ လူမှုဝန်းကျင်မှာ အထီးကျန်သလို ဖြစ်လာမယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အတွင်း မွေးဖွားသူများ) – အလုပ်နဲ့ ပတ်သက်တဲ့ အပြောင်းအလဲ ၊ နေရာဌာန ရာထူးကိစ္စ အပြောင်းအလဲတွေ ဖြစ်ပျက်လာလိမ့်မယ်။ ကောင်းတဲ့ ပြောင်းလဲခြင်းပဲ ဖြစ်လိမ့်မယ်။ တခါမှ မရဖူး မကြုံဖူးတဲ့ အခွင့်အရေးကောင်းတွေ ပေါ်လာမယ်။ ကိုယ့်ဘက်ကသာ အသင့်ပြင်ဆင်ထားပါ။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၁၂ ရာသီခွင် ကြယ်စုများ

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်း မွေးဖွားသူများ) – ထူးခြားတဲ့ ခရီးရှည် ခရီးဝေးတွေ သွားလာလည်ပတ်ရတတ်တယ်။ ပညာသင်ကြားရေးနဲ့ ပတ်သက်လို့ အခက်အခဲတွေကြား ဖြတ်သန်းရမယ်။ ချစ်ရေးချစ်ရာကိစ္စတွေမှာ၊ အိမ်ထောင်ဖက်နဲ့ ဆက်ဆံရာမှာ တစ်က ပြန်စရတာမျိုးတွေ ကြုံရတတ်တယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်း မွေးဖွားသူများ) – ဖော်ပြပါ ငါးလတာအတွင်း ရုံး ကုမ္ပဏီဝန်ထမ်းဆိုရင် ဘယ်လို သူများကိစ္စပြဿနာမျိုးထဲမှ ဝင်မပါပါနဲ့၊ ကိုယ်ပါ ဒုက္ခရောက်သွားတတ်ပါတယ်။ ကျန်းမာရေး ဂရုစိုက်ရမယ့် ကာလဖြစ်သလို မတော်တဆ ထိခိုက်မှုမျိုးကိုလည်း ရင်ဆိုင်ကြုံတွေ့ရတတ်တယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်း မွေးဖွားသူများ) – အချစ်ရေးနဲ့ အိမ်ထောင်ရေးမှာ နှစ်ဦးကြား ဆက်ဆံရေးကို ပြန်တည်ဆောက်ဖို့ အကောင်းဆုံးကာလ ဖြစ်ပါတယ်။ နားလည်မှုတွေ ပြန်ယူကြဖို့ ၊ မပြေလည်တာတွေ ညှိနှိုင်းဖို့ အချိန်ကောင်း ဖြစ်ပြီး အားနည်းချက်ကို ပြင်ဆင်ရာမှာ အောင်မြင်ကြပါလိမ့်မယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်း မွေးဖွားသူများ) – လက်ရှိဘဝနဲ့ အခြေအနေကို စိတ်ပျက် ငြီးငွေ့ပြီး ဘာကိုမှ ကြိုးစားချင်စိတ် မရှိဘဲ ဖြစ်လာတတ်ပါတယ်။ အရာရာကို လက်လျှော့ပြီး လုပ်ချင်ကိုင်ချင်တဲ့ စိတ်ဓာတ် နည်းပါးသွားတတ်လို့ ခေါင်းအေးအေးထားပြီး ကိုယ့်ခွန်အားကို ပြန်လည် မွေးယူဖန်တီးရပါမယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်း မွေးဖွားသူများ) – လောင်းကစားဆန်တဲ့ အလုပ်မျိုးတွေ ရှောင်ရပါမယ်။ လုပ်မိကိုင်မိရင် ထင်တာနဲ့ လွဲပြီး အရှုံးများတတ်ပါတယ်။ လူငယ်လူရွယ်တွေမှာ တချိန်တခါက အချစ်ရေးပြဿနာဟောင်းတွေ ပြန်ပေါ်လာတတ်ပါတယ်။ အရှုပ်အရှင်းတွေ ဖြစ်တတ်လို့ ရှောင်ကျဉ်ရပါမယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အတွင်း မွေးဖွားသူများ) – အိုးအိမ်နေရာထိုင်ခင်းကိစ္စမှာ ခက်ခဲ ပင်ပန်းရတာတွေ ဖြစ်လာနိုင်ပါတယ်။ အိမ်ပြင်အိမ်ဆောက်၊ အခန်းငှားတဲ့အခါ စိတ်ညစ်စရာတွေ ဖြစ်လာနိုင်ပြီး မိသားစုထဲမှာလည်း အချင်းများတတ်ပါတယ်။ မမျှော်လင့်တဲ့ ပြဿနာတွေကြောင့် စိတ်ပင်ပန်းရတတ်ပါတယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အတွင်း မွေးဖွားသူများ) – မရောက်ဖူး မကြုံဖူးတဲ့ ဝန်းကျင်အသစ်မှာ ရောက်သွားတတ်ပါတယ်။ လူမှုဆက်ဆံရေးမှာ စကားရောင်းစကားဝယ်တွေကြား ဝင်ပါ ပတ်သက်မိလို့ ကိုယ်ပါ စိတ်ညစ်ရတတ်ပါတယ်။ မဆက်သွယ်တာ ကြာပြီ ဖြစ်တဲ့ လူတွေနဲ့ ပြန်ထိတွေ့ ဆက်သွယ်မှုတွေ ရှိလာပါမယ်။

ယူရေးနပ်စ်ဂြိုဟ် Retro သွားချိန်မှာ အားလုံး အလိုက်သင့် နေထိုင်နိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)