ယတြာမချေတဲ့ ဆရာ

ဗေဒင်ယတြာ ဆိုတဲ့အတိုင်း ဗေဒင်ဟောပြောမှုရဲ့ နောက်မှာ ယတြာလေးက လိုက်ပါလာစမြဲပါ။ ဗေဒင်တွေ မေးကြတဲ့အခါ ယတြာလေးပါ ချေဖို့ ဆရာဖြစ်သူက စကားကမ်းသလို ဗေဒင်မေးသူကလည်း ယတြာ ချေဖို့ လိုဦးမလားလို့ ဆရာကို ပြန်မေးတတ်ကြပါတယ်။ ယတြာ၊ ဓာတ်ရိုက်ဓာတ်ဆင်တွေကို သည်းသည်းမည်းမည်း လုပ်တဲ့ ဗေဒင်ဆရာတွေ ပေါများသလိုပဲ ယတြာလုံးဝ မချေတဲ့ ဆရာမျိုးတွေလည်း ရှားရှားပါးပါး ရှိပါတယ်။

သူကတော့ တစ်ခေတ်တစ်ခါက မြန်မာနိုင်ငံမှာ လက္ခဏာပညာရပ်နဲ့ နာမည်ကျော်ကြားခဲ့တဲ့ ဆရာကြီးစန္ဒြရဲ့ သားဖြစ်သူ ဆရာဒေဝ (နက္ခတ်နဲ့ လက္ခဏာဗေဒပညာရှင်) ပါပဲ။ ဆရာဒေဝဟာ ယတြာ မချေတဲ့ ဆရာလို့ ပေါ်တင် ကြွေးကြော်ပြီး ဟောပြောလုပ်ကိုင်နေသူပါ။  ယတြာ မချေပေမယ့် ဗေဒင် ဟောပြောရာမှာတော့ အနုပညာရှင် အသိုင်းအဝိုင်းဆီကနေ မှန်ကန်ကြောင်း ထောက်ခံချက်တွေ ရရှိထားသူ ဖြစ်ပါတယ်။

(ဆရာဒေဝ၏ ဗေဒင်လုပ်ငန်း Website စာမျက်နှာ)

ယတြာ၊ ဓာတ်ဆင်ဓာတ်ရိုက်ကိစ္စတွေနဲ့ ပတ်သက်လို့ ဆရာဒေဝရဲ့ အမြင်ရှုထောင့်နဲ့ အာဘော်တွေကို မြန်မာ့ နက္ခတ်ပညာရှင်ကြီးများ၏ ပြောကြားချက်များ စာအုပ်ကနေ ပြန်လည် ကောက်နုတ် တင်ပြလိုက်ပါတယ်။

ဆရာဒေဝရဲ့ ပြောဆိုချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်…

မြတ်စွာဘုရားတောင် ဒီအတိုင်းကြည့်နေရတဲ့ ကံတရားကို ဗေဒင်ဆရာတွေက အမှုဖြစ်ရင်နိုင်အောင်၊ ယတြာ ချေပေးနိုင်တယ်လို့ ကြော်ငြာကြ၊ လုပ်ပေးနေကြတာဟာ ဖြစ်နိုင်၊မဖြစ်နိုင်၊ ဟုတ်မဟုတ်၊ သဘာဝကျမကျ စဉ်းစားကြည့်ပါ၊

နံပါတ်တစ်အနေနဲ့ ဗိမ္ပိသာရဘုရင်ကြီးပေါ့ဗျာ။ အဲဒီဘုရင်ကြီးဟာ မြတ်စွာဘုရားကို အကြွင်းမဲ့ ယုံကြည်သူ၊ ကိုးကွယ်ဆည်းကပ်သူ၊ သရဏဂုံတည်သူငါးပါးသီလထိန်းသိမ်းသူ၊ အဲ..နောက်တစ်ခါ ဆွမ်း၊ သင်္ဃန်း၊ ကျောင်း၊ ဆေးဆိုတဲ့ ပစ္စည်းလေးပါးနဲ့ ဘုရားရှင်ကို အလုပ်အကျွေးပြုနေသူ ဖြစ်ပါတယ်။ အဲဒီလောက် အကြောင်းတရား အကောင်းစားတွေနဲ့ ကျင့်ကြံအားထုတ်ပြုမူ နေထိုင်သူဖြစ်ပါရက်နဲ့ ထောင်ကျရရှာတယ်။ သူသတ်လည်း မဟုတ်၊ ဓားပြလည်းမတိုက်၊ သူတစ်ပါးသားမယားလည်း မပြစ်မှား၊ သောက်စား မူးရူးရမ်းကားသူလည်း မဟုတ်ပါဘဲနဲ့ ထောင်ကျရရှာတယ်။

အဲဒီမှာ မြတ်စွာဘုရားဟာ သာမန်လူနတ်ဗြဟ္မာတို့ထက် မနှိုင်းယှဉ်လောက်အောင်သာတဲ့ မဟာကရုဏာရှင် ဖြစ်ပါတယ်။ ဒီတော့ မြတ်စွာဘုရားဟာ ဒီဘုရင်ကြီးကို ထောင်ကျကိန်းရှိတယ်ဆိုတာကို ဥာဏ်တော်နဲ့ ကြိုတင် သိမြင်တော်မူပါတယ်။ သူ့ရဲ့ဥပသကာတစ်ဦး ဒီလိုထောင်ကျကိန်းရှိတာကို ကြိုတင်သိမြင်တော်မူပေမယ့် ထောင်မကျအောင် ယတြာချေပေးပါသလား၊ ဓာတ်ရိုက်ဓာတ်ဆင် လုပ်ပေးပါသလား၊ မလုပ်ပေးခဲ့ဘူးလေဗျာ။ ဒီဘုရင်ကြီးဟာ ထောင်ထဲမှာပဲ သောတာပန်ဖြစ်ပြီး နတ်ရွာစံခဲ့တာပါ။ နောက်တစ်ခါ ထောင်ထဲမှာရှိနေစဉ်မှာပဲ မြတ်စွာဘုရားဟာ သူ့ဥပသကာကြီးကို ထောင်က လွတ်အောင် ဘာတစ်ခုမှ လုပ်မပေးခဲ့တာ အထင်အရှားပါ။ အဲဒီတော့ဗျာ တိုတိုပြောရရင် သုံးဆယ့်တစ်ဘုံမှာ အတုလံ၊ အတု မရှိတဲ့ မြတ်စွာဘုရားတောင် ဘယ်လိုမှ ပြုပြင်ပေးခြင်း မရှိခဲ့ဘူးဆိုရင်…။

မြတ်စွာဘုရားတောင် ဒီအတိုင်းကြည့်နေရတဲ့ ကံတရားကို ဗေဒင်ဆရာတွေက အမှုဖြစ်ရင်နိုင်အောင်၊ ယတြာ ချေပေးနိုင်တယ်လို့ ကြော်ငြာကြ၊ လုပ်ပေးနေကြတာဟာ ဖြစ်နိုင်၊မဖြစ်နိုင်၊ ဟုတ်မဟုတ်၊ သဘာဝကျမကျ စဉ်းစားကြည့်ပါ၊ အဲ..တကယ်လို့များ ဟုတ်တယ်။ ဖြစ်တယ် ဆိုရင်တော့ ထောင်ထဲမှာ လူတစ်ယောက်မှ ရှိမှာမဟုတ်တော့ပါဘူး။ လုပ်ပေးနိုင်သူဟာလည်း မြတ်စွာဘုရားရှင်ထက်တောင် တန်ခိုးကြီးသူလို့ ဆိုရပါလိမ့်မယ်။

နောက်တစ်ခုက တန်ခိုးအရာမှာ ဧတဒဂ်ရတဲ့ ရဟန္တာမြတ်ကြီးရှင်မဟာမောဂ္ဂလန်ပါ။ တစ်ခုသောဘဝက မိဘနှစ်ပါးကို တုတ်နဲ့ရိုက်သတ်ခဲ့သူလေ။ သီလအားဖြင့်လည်း စင်ကြယ်တယ်။ တန်ခိုးအရာမှာလည်း ဧတဒဂ်ရတယ်။ ကုသိုလ်အရှိန်အဟုန်ကလည်း အမြင့်ဆုံးမှာ ရောက်နေပြီ။ နောက်ဆုံးနိဗ္ဗန်ဝင်မယ့်ဘဝမှာ ခိုးသားငါးရာက တုတ်နဲ့ရိုက်သတ်လို့ ပရိနိဗ္ဗာန်စံတော် မူရရှာတယ်မဟုတ်လား။ အဲဒီတော့ အဲဒါတွေကို ယတြာချေခဲ့ကြပါသလား။ ချေလို့ကော ရနိုင်ပါသလား။

နောက်တစ်ခု ထပ်ပြောဦးမယ်။ ပညာရပ်နဲ့ပက်သက်လို့ မသိပညာ၊ မတတ်ပညာမရှိလောက်အောင် တစ်ဖက်ကမ်းခတ်အောင် တတ်ကျွမ်းပေါက်မြောက်လို့ ဆိုပြီး မတစ်လုံးကြေ ဆရာတော်ခင်ကြီးဖျော်လို့ ရာဇဝင်တွင်ကာ ကျော်ကြားထင်ရှားတဲ့ အရှင်သူမြတ်ဟာ သူကိုယ်တိုင်အသက် ၃၄ နှစ်မှာ ကံကုန်ခဲ့ရရှာတယ်ဗျာ။ ဆရာတော်ဟာ အဲဒီအဖြစ် အဲဒီကံမကုန်အောင် ဓာတ်ရိုက်ဓာတ်ဆင်နဲ့ ယတြာတွေ ကြိုးစားပမ်းစား လုပ်ခဲ့တယ်လို့ ကျွန်တော်မကြားမိဘူး၊ စာတွေပေတွေမှာလည်း မတွေ့မိဘူး။

ကံကြောင့်ဖြစ်မယ့်ဟာကို ပြောင်းလို့မရပါဘူး။ ဥပမာ ၊ နာမည်မကောင်းဘူး ဆိုပြီးပြောင်းလိုက်တယ်။ အိမ်နံပါတ်၊ ကားနံပါတ်၊ တယ်လီဖုန်းနံပါတ်တွေ ပြောင်းပစ်တယ်ပေါ့။ ဖြစ်မယ့်ကံက ဖြစ်မှာပဲ။ အရက်သောက်တာပဲကြည့်၊ သောက်ခဲ့တဲ့အတွက် ပြီးရင် မူးတယ်။ နာမည်ကြောင့် မူးတာ၊ မဟုတ်ဘူး။ ဆိုင်မှာ သောက်လို့ အိမ်မှာသောက်လို့ ဆိုတဲ့နေရာကြောင့်လည်း မူးတာမဟုတ်ဘူး။ အင်္ဂါနေ့သောက်ရင် မူးတယ်။ ကြာသပတေးနေ့သောက်ရင် မမူးဘူးဆိုတာ မျိုးလည်း မရှိဘူး။

တော်တော်များများ ဗေဒင်ဆရာတွေဟာ ငါဘယ်လို လေ့လာရဦးမယ်၊ ငါဘယ်လောက် မှန်အောင် ဟောရမလဲ ဆိုတာကို လေ့လာတဲ့သူ၊ ပညာစစ်စစ်နဲ့ ရိုးရိုးသားသား အသက်မွေးတဲ့သူ ဆိုတဲ့ ဗေဒင်ဆရာအနေနဲ့ အတော်ကို နည်းလွန်းပါတယ်ဗျာ။ ဥပမာ ၉၅ ရာခိုင်နှုန်းလောက်ရှိတဲ့ ဗေဒင်ဆရာတွေဟာ ယတြာကို အားကိုးနေကြတာ တွေ့ရတယ်။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)