ရာသီဖွားအလိုက် သူ့အကြိုက်

ကိုယ် သဘောကျနေတဲ့ Crush နဲ့ အပြင်မှာ ဆုံခွင့်ရမယ်ဆိုရင် ၊  ဒါမှမဟုတ် ပထမဆုံး စ Date လုပ်တဲ့နေ့မှာ ဘယ်သွား ဘာလုပ်ကြမလဲ ဝေခွဲရခက်နေရင် သူက ဘာရာသီခွင်မှာ မွေးဖွားခဲ့သလဲ ဆိုတာ တစ်ချက် စုံစမ်းပြီး အောက်ပါနည်းလမ်းတွေကို စမ်းသုံးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒီနည်းလမ်းတွေဟာ လူတစ်ယောက် မွေးဖွားတဲ့ ရာသီခွင်တွေအရ သူ ဘာတွေ ကြိုက်တတ်လဲ၊ ဘယ်လိုတွေ နေချင်သလဲ ဆိုတာကို ဗေဒင် ရှုထောင့်ကနေ ဖော်ထုတ်ထားတာ ဖြစ်ပြီး သူ့အလို၊ သူ့အကြိုက် ဆောင်ရင်း နီးစပ်ခွင့်နဲ့ နားလည်မှုတွေ ပို ရဖို့ ရည်ရွယ်ပါတယ်။ ရာသီဖွားအလိုက် သူတို့ ဘာတွေကို ဘယ်လို ကြိုက်သလဲ ဆိုတာ လေ့လာကြည့်ရအောင်…။

မိဿ (မတ် ၂၁ မှ ဧပြီ ၁၉ ) – မိဿရာသီဖွားတစ်ယောက်နဲ့ တွဲတဲ့အခါ မသွားဖူး၊ မရောက်ဖူးတဲ့ နေရာသစ်တွေ သွားလာ လည်ပတ်ကြတာ၊ ၊ အားကစားပွဲတွေ အတူ ကြည့်တာ အသစ်အဆန်းတွေ စမ်းကြည့်ကြတာကို သူ သဘောကျပါလိမ့်မယ်။ ဒါပေမယ့် သူ့ကို ပြိုင်ဘက်လို သွားမမြင်ဘဲ အသင်းဖော်ကစားဖက်လိုပဲ မြင်ယောင် သဘောထားနိုင်ဖို့တော့ လိုအပ်ပါလိမ့်မယ်။

ပြိဿ (ဧပြီ ၂၀ မှ မေ ၂၀) – အစားကောင်းကြိုက်ပြီး နားအေးပါးအေး ဇိမ်ယူချင်တာ ပြိဿတွေရဲ့ ဝါသနာပါပဲ။ အစားအသောက် ကောင်းပြီး ဇိမ်ကျတဲ့ နေရာမျိုးကို အတူ သွားစား၊ အနားယူမယ်ဆိုရင် ပြိဿရာသီဖွားတွေက သိပ် အကြိုက်တွေ့သွားမှာပါ။ သူနဲ့ ချိန်းတဲ့ နေရာလေးက လှပဆိတ်ငြိမ်ပြီး အစားအသောက်တွေ ကောင်းမယ်ဆိုရင် အမှတ်တွေ ပိုရပါလိမ့်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

မေထုန် (မေ ၂၁ မှ ဇွန် ၂၀) – မေထုန်တွေမှာ ဘာအကြိုက်ဆုံးဆိုတာ သိပ်မရှိကြပါဘူး။ ဒါပေမယ့် သူတို့နဲ့အတူ ဂီတဖျော်ဖြေပွဲတွေ သွားတာ၊ စာပေပွဲတော်၊ စာအုပ်ရောင်းပွဲတွေ သွားကြည့်တာဟာ သူတို့နဲ့ စိတ်သဘောချင်း ထပ်တူ ကျဖို့ နီးစပ်ပါတယ်။ ပေါက်ကရတွေ ပြောတာ၊ စကားဖောင်ဖွဲ့တာနဲ့ အငြိမ်မနေဘဲ ဟိုဟိုဒီဒီတွေ လျှောက်သွားတာတွေကလည်း သူတို့အကြိုက်ပါပဲ။

ကရကဋ်(ဇွန် ၂၁ မှ ဇူလိုင် ၂၂) – အိမ်၊ မိသားစုကို ခင်တွယ်တဲ့ ကရကဋ်တွေအတွက် ဆူညံပွက်လောရိုက်နေတဲ့ ပြင်ပလောကထဲ သွားလည်တာ မကြိုက်ပါဘူး။ အစားအသောက်တွေ အတူ ချက်ပြုတ်ရင်း ခံစားချက်ချင်း ဖလှယ်ကြည့်တာ ပိုကောင်းပါတယ်။ သူတို့နဲ့ ဆုံတဲ့အခါ အချိန်အေးဆေး ယူသင့်ပါတယ်။ အလောတကြီး အလျင်စလို လုပ်တာကို မကြိုက်ကြပါဘူး။

သိဟ် (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂) – နေရာပေးခံချင်၊ လူရာဝင်ချင်တဲ့ သိဟ်တွေအတွက် ခမ်းနားကြီးကျယ်တဲ့ အပြင်အဆင်နဲ့ နေရာ အခင်းအကျင်း လိုအပ်ပါလိမ့်မယ်။ သူ့ဦးဆောင်မှု နောက်ကို လိုက်ဖို့နဲ့ ပြန် အငြင်းအခုံ မလုပ်ဖို့လည်း သတိထားသင့်ပါတယ်။ ပျော်ပွဲရွှင်ပွဲတွေ အတူ သွားတာ၊ လက်ချင်းချိတ် ရင်ကော့ ခေါင်းမော့ အတူ လမ်းလျှောက်တာတွေကိုလည်း  သဘောကျပါတယ်။

ကန် (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂) – ကန်တွေနဲ့ ချိတ်မိသူတွေကတော့ ကံကောင်းပါတယ်။ သိပ် ဂဂျီဂဂျောင် မကျဘဲ သဘာဝဆန်တဲ့ နေရာလေးနဲ့ ရိုးရိုး ပျော်ပွဲစားလေးကတင် သူတို့ကို ဆွဲဆောင်နိုင်ပါလိမ့်မယ်။ ချိန်းတွေ့ရာမှာ ငွေသိပ်သုံးဖို့ မလိုအပ်ဘဲ ရှိတာ ဖြစ်တာလေးနဲ့ နေတတ် ပျော်တတ်ကြသူတွေ ဖြစ်ပြီး တပါးသူ အခက်အခဲကို နားလည်သိမြင်နိုင်ကြပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

တူ (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂) – စူးစမ်းလေ့လာရတာ ဝါသနာထုံတဲ့ သူတွေ ဖြစ်လို့ သမိုင်းဝင် နေရာတွေမှာ စိမ်ပြေနပြေ အတူတူ လည်ပတ်သွားလာတာ သူတို့ အကြိုက် ဖြစ်ပါတယ်။ လှတပတလေးတွေ ဝတ်စားဆင်ယင်ပြီး အစီအစဉ်တွေ ချ၊ လျှောက်သွားရတာမျိုးကို သူတို့က သဘောကျပါတယ်။ သစ်ပင်တွေနဲ့ စိမ်းလန်းစိုပြေတဲ့၊ အစားအသောက် ကောင်းတဲ့ နေရာတွေကို သွားလည်ပါ။

ဗြိစ္ဆာ (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁) – ဆွဲဆောင်မှုကောင်းကောင်း လိုအပ်သူတွေ ဖြစ်လို့ ဗြိစ္ဆာတွေနဲ့ ချိတ်တဲ့အခါ နေရာကောင်းနဲ့ အစားအသောက် ကောင်းတွေ လိုအပ်ပါတယ်။ လျှို့ဝှက်ပြီး တိတ်ဆိတ် အေးချမ်းတဲ့ နေရာမျိုးတွေကို သဘောကျတတ်ပါတယ်။ ကလပ်ကို သွားရင်တောင် နားအေး ဆိတ်ငြိမ်ပြီး ဂီတသံ တိုးတိုးလေးနဲ့ ငြိမ့်တဲ့ နေရာတွေမှာ အတူ ဆုံသင့်ပါတယ်။

ဓနု (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁) – စွန့်စားချင်တဲ့၊ လွတ်လပ်မှုကို ခုံမင်တဲ့ ဓနုတွေကို တွဲမယ်ဆိုရင် အားကစားပွဲတွေ သွားတာ၊ နေရာအသစ်တွေ လျှောက်သွားကြည့်တာ၊ ဆန်းသစ်တဲ့ အစားအစာတွေ မြည်းစမ်းကြည့်တာက သူတို့တွေအတွက် ထူးခြားမှု ပေးနိုင်ပါလိမ့်မယ်။ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေကို သူတို့နဲ့အတူ ဖြတ်သန်းပေးရင် သဘောကျပါလိမ့်မယ်။

မကာရ (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉) – အေးဆေး ဆိတ်ငြိမ်သူတွေ ဖြစ်လို့ လူတွေ ပြွတ်သိပ်ပြီး ဆူညံနေတဲ့ နေရာမျိုးတွေကို ခေါ်မသွားပါနဲ့။ အိမ်မှာ ဖြစ်ဖြစ်၊ သီးသန့်ဆန်တဲ့နေရာလေးမှာ ဖြစ်ဖြစ် သက်တောင့်သက်သာ ဆုံတွေ့ စကားဆိုတာ အကောင်းဆုံးပါ။ ခံစားချက်တွေ မျှဝေတတ်သူ ဖြစ်လို့ သူတို့ ခံစားချက်၊ အတွေးအမြင်တွေကို နားထောင်ပေးစေချင်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကုမ် (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈) – ဉာဏ်ကောင်းပြီး စကားကြွယ်တဲ့ ရာသီဖွားလေးမို့ ဟိုဒီအပြင်တွေ လျှောက်လိမ့်ပြီး ပျော်စရာတွေ ဖန်တီးတာကို သူတို့ အကြိုက်တွေ့မှာပါ။ စားသောက်ဆိုင်တွေ၊ ဖျော်ဖြေပွဲတွေ၊ မြူးကြွခုန်ပေါက်ရတဲ့ ပွဲတွေကို အတူ သွားပါ။ ကုမ်ရာသီဖွားတွေက အထူးအဆန်းတွေလည်း လျှောက်လုပ်တတ်လို့ သူတို့အတူ လိုက်ပါနိုင်ဖို့ ပြင်ထားပါ။

မိန် (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀) – ခံစားချက် ပြင်းပြပြီး အေးဆေးလေး နေချင်သူတွေ ဖြစ်လို့ အိမ်မှာ ချက်ပြုတ် စားသောက်ကြတာ၊ လွတ်လွတ်လပ်လပ် ရှိပြီး ဆိတ်ငြိမ်တဲ့ နေရာမျိုးလေးမှာ ဆုံတွေ့တာ ပိုကောင်းပါတယ်။ သိပ် Ro ချင်တဲ့ ရာသီဖွားတွေ ဖြစ်လို့ ခံစားမှု ပြည့်ဝတဲ့ ဂီတ၊ ရုပ်ရှင်တွေကို သူနဲ့ အတူတူ ကြည့်ရှု ခံစားတာကလည်း သူတို့ သဘောကျစေမှာ အမှန်ပါပဲ။ ချစ်သူတွေ အဆင်ပြေကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)