ရာသီဖွားအလိုက် အထူးချွန်ဆုံးအချက်များ (၂)

ရာသီဖွားအလိုက် အကောင်းဆုံးစွမ်းရည်နဲ့ အထူးချွန်ဆုံး အချက်တွေက ဘာတွေလဲ ဆိုတာကို အရင် တင်ပြီးသား ဆောင်းပါးရဲ့ နောက်ဆက်တွဲအဖြစ် ဆက်လက် ဖော်ပြချင်ပါတယ်။ ဒီတခေါက်မှာတော့ သိဟ်ရာသီကနေ ဗြိစ္ဆာရာသီအထိ တင်ပြပေးချင်ပါတယ်။ ကိုယ်ဟာ ဘယ်လိုနေရာမှ အထူးချွန်ဆုံး ဖြစ်နေလဲ ဆိုတာ သိထားရင် ဘဝအောင်မြင်ရေးအတွက် အသုံးတည့်မှာ အသေချာပါပဲ။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အထိ) 

အာကာသအဖွဲ့အစည်းအရဲ့ အဓိကပင်မဂြိုဟ်ကြီး ဖြစ်ပြီး သူမပါရင် ဘယ်နေရာမှ မပြီးတဲ့ နေမင်းကြီးဟာ သိဟ်ရာသီမှာ အထိုင်ချ အုပ်စိုးပါတယ်။ သိဟ်ရာသီဖွားတွေဟာ နေကို ကိုယ်စားပြုတဲ့အတွက် အားလုံးရဲ့ အထက်စီးကနေပဲ နေကြပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ ပြင်းထန်ပြီး အင်တိုက်အားတိုက် ကြိုးစား ရုန်းကန်ပြီဆို ကျန်တဲ့သူတွေအားလုံးကို နောက်ကောက်ချပစ်နိုင်ပါတယ်။ စည်းရုံးသိမ်းသွင်းနိုင်စွမ်းနဲ့အတူ ခေါင်းဆောင်နိုင်စွမ်းတွေလည်း ပြည့်စုံကြပါတယ်။ သြဇာအာဏာကို ထိရောက်စွာ သုံးနိုင်သူတွေပါပဲ။

သိဟ်ရာသီဖွားတွေထဲမှာ နာမည်ကျော်သူတွေကတော့ မြင်လိုက်တာနဲ့ ရှိန်သွားရပြီး စကြာဝဠာမောင်အဖြစ် စံချိန်တင် ရွေးချယ်ခံရဖူးတဲ့ ဟောလိဝုဒ်အက်ရှင်မင်းသားကြီး အာနိုး၊ The Hunger Game ဇာတ်ကားတွဲတွေနဲ့ နာမည်ကြီးလာတဲ့ မင်းသမီး ဂျနီဖာလောရန့်စ်၊ ပြင်သစ်ဧကရာဇ် နပိုလီယံ၊ လက်ရှိ မြန်မာရုပ်ရှင်လောကရဲ့ ကြယ်ပွင့်တစ်ခု ဖြစ်တဲ့ မင်းသမီး ဖွေးဖွေးတို့ပဲ ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အထိ)

ဘက်စုံထူးချွန် လူရည်ချွန် ဆိုတာ ကန်ရာသီဖွားတွေပါပဲ။ တစ်ခုတည်း တော်နေတာ မဟုတ်ဘဲ ဘာသာစုံနဲ့ ကဏ္ဍစုံမှာပါ တက်ကျွမ်း နားလည်တတ်ကြတာ ကန်ရာသီဖွားတွေရဲ့ ပါရမီဓာတ်ခံပါ။ ဘဝကို ပျော်ပျော်ကြီးနဲ့ ပွင့်ပွင့်လင်းလင်း ဖြတ်သန်းတတ်ကြတာ သူတို့ အရည်အချင်းပါပဲ။ လွတ်လပ်မှုကို မြတ်နိုးကြသလို ဘဝကို အကောင်းမြင်စိတ်နဲ့ ရှုမြင်တတ်ကြပါတယ်။ ဥာဏ်ရည် သွက်ပြီး စကားပြော ကောင်းတာလည်း သူတို့ပါပဲ။

ဒီရာသီဖွားတွေထဲမှာ နာမည်ကြီးတာက တစ်ခေတ်တစ်ယောက် ပေါ့ပ်အဆိုတော် မိုက်ကယ်ဂျက်ဆင်၊ လက်ရှိ ပေါ့ပ်အဆိုကျော် ဘီယွန်စေး၊ ဟောလိဝုဒ်သရုပ်ဆောင်ကြီး အက်ဒမ်ဆမ်းဒလား၊ မကြာခင်မှာ Mulan အဖြစ် မြင်တွေ့ရတော့မယ့် ပုရိသ ပရိတ်သတ်ရဲ့ အသည်းကျော် တရုတ်မင်းသမီး ဂူဂူးတို့ဟာ ကန်ရာသီဖွားတွေပဲ ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အထိ)

ချိန်ခွာလျှာနဲ့ ဖော်ပြတဲ့ တူရာသီ ကြယ်စုအတွင်း မွေးဖွားသူတွေမို့ အရာရာကို ဘက်မလိုက်ပဲ မြင်တတ်ပါတယ်။ အကောင်းအဆိုး ဝေဖန်ပိုင်းခြားနိုင်စွမ်းက သူတို့ရဲ့ မွေးရာပါအရည်အချင်းပါ။ မျှမျှတတ တွေးပေးတတ်သလိုပဲ မဟုတ်မခံတဲ့ နေရာမှာလည်း ရှေ့ဆုံးက ရပ်တည်ပါတယ်။ အောင်မြင်မှုကို ရချင်တဲ့အခါ ကိုယ်တိုင်ကိုယ်ကျပဲ ဦးဆောင် ဖောက်ထွက်ပါတယ်။ အများက အလေးစားခံရတဲ့ နေရာအဆင့်အတန်းတစ်ခုထိ ရောက်ရှိပါတယ်။

တူရာသီဖွားတွေထဲက နာမည်ကျော်တွေကတော့ ကမ္ဘာကျော် ရပ်ပ်အဆိုတော် အင်မီနန်၊ လူမည်းမင်းသား ဟောလိဝုဒ်စတား ဝီလ်စမစ်၊ တိုက်တန်းနစ်ဇာတ်ကားနဲ့ နာမည်ကျော်ခဲ့တဲ့ မင်းသမီးကြီး ကိတ်ဝင်းစလက်၊ အမေရိကန်အဆိုကျော် ဘရူနိုမားစ်တို့ပဲ ဖြစ်ပါတယ်။ တခြား နာမည်ကျော်တွေလည်း ရှိပေမယ့် မြန်မာသိတွေကို ပိုပြီးတော့ ဦးစားပေးထားပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အထိ)

အင်မတန် တော်တဲ့ စုံထောက်တွေ၊ ထောက်လှမ်းရေးသမားတွေ၊ လျှို့ဝှက်နက်နဲတဲ့ အတတ်ပညာမှန်သမျှ လိုက်စား တတ်မြောက်သူတွေဟာ သူတို့ပါပဲ။ အကြမ်းတမ်းဆုံး ရာသီခွင်တစ်မျိုး ဖြစ်ပေမယ့် တိတ်တဆိတ်နဲ့ လျှို့ဝှက်သိုသိပ်တတ်ခြင်းဟာ သူတို့စွမ်းအားတစ်ခုပါ။ အေးရာအေးကြောင်း နေတတ်ပြီး ကိုယ်လုပ်ချင်တာကို လုပ်ချရင်း အောင်မြင်တတ်ကြပါတယ်။ ရည်မှန်းချက်ကို စိုက်စိုက်မတ်မတ် သွားနိုင်တဲ့ လူတော်တွေပါပဲ။

ကင်းမြီးကောက်ရာသီခွင်ထဲမှာ မွေးဖွားခဲ့တဲ့ နာမည်ကျော်တွေကတော့ တိုက်တန်းနစ်ဇာတ်ကားနဲ့ နာမည်ရ အောင်မြင်ခဲ့တဲ့ လီယိုနာဒို ဒီကာပရီယို၊ ဘောလိဝုဒ်နာမည်ကျော်မင်းသား ရှရွတ်ခန်း၊ အမေရိကန်အဆိုတော် ကေတီပယ်ရီ၊ Avengers ဇာတ်ကားတွေနဲ့ Lucy ဇာတ်ကားတွေမှာ နာမည်ကြီးလာတဲ့ မင်းသမီး စကားလက် ဂျိုဟန်ဆန်တို့ပဲ ဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ ရာသီဖွားတွေရဲ့ ထူးချွန်ထက်မြက်မှုအပိုင်းတွေနဲ့ နာမည်ကျော် ဘယ်သူဘယ်ဝါက ဘယ်ရာသီဖွား ဖြစ်တယ်ဆိုတာတွေကို ဆက်လက် ဖော်ပြပေးသွားမှာမို့ စောင့်မျှော်ဖတ်ရှုပေးပါဦး..။

ရာသီခွင်ဖွားအားလုံး ထူးချွန်တဲ့အချက်တွေကို ထုတ်ယူ အသုံးပြုနိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)