လုပ်ငန်းစီးပွားကောင်းစေရန် ဣစ္ဆာသယဆွမ်းကပ်ခြင်း

ထိုနေ့က ဆရာနှင့် ဘုရားမှ ပြန်လာပြီး သန်းကြွယ်လက်ဖက်ရည်ဆိုင်ဘက် လက်ဖက်ရည်သောက် ထွက်ခဲ့၏။ ဆရာ့ထံ ရောက်တိုင်း လောကီပညာများ လေ့လာမှတ်သား သင်ယူဆဲကာလများဖြစ်၍ သိလိုသည်များ မေးမြန်း သင်ယူခဲ့ရ၏။

ထိုစဉ် ကျွန်တော်တို့ ထိုင်နေသော လက်ဖက်ရည်ဝိုင်းသို့ ဆင်းရဲနွမ်းပါးသော အဖွားအိုတစ်ဦး လာရောက် အလှူခံနေရာ ကျွန်တော်လည်း ငွေအချို့ လှူဒါန်းလိုက်၏။ အဖွားအိုအား ကြည့်ရင်း သက်ပြင်းချမိလိုက်ရာ ဆရာက..

“ဘာဖြစ်လို့လဲ မောင်လင်းဝေအောင်” “ဘာမှမဖြစ်ပါဘူးဆရာ… စိတ်ထဲမကောင်းလို့ပါ. .ဒီအသက်ရွယ်မှာ သားသမီး ကျောထောက်နောက်ခံ မရှိဘူးလား မသိပါဘူး”

“အင်း ရှေးအတိတ်ကံနည်းတယ်လို့ ဆိုရမယ့် ဘဝတွေပေါ့ကွာ။ ဒါနနည်းခဲ့တဲ့ အကြောင်းတရားတွေကြောင့်ပေါ့။ ဒါကြောင့် ကုသိုလ်ကံ အဆက်မပြတ်စေဖို့ အမြဲမပြတ် သတိပေးနေရတာ ပေါ့ကွာ”

“ဟုတ်ကဲ့ဆရာ” ဆရာ့အဆုံးအမကို နာယူရင်း သောက်လက်စလက်ဖက်ရည်ကို ဆက်သောက်လိုက်၏။

“တစ်ခါတစ်ရံ လူတွေမှာ စီးပွားရေး အရမ်း ကျပ်တည်းတဲ့ အခိုက်အတန့်မျိုး ကြုံရလေ့ရှိတယ်ကွ၊ အဲဒီလိုမျိုး အချိန်မှာ လုပ်ဆောင်ရတဲ့ ရှေးဆရာကြီးတွေ လမ်းညွန်သွားတဲ့ ဣစ္ဆာသယဆွမ်းကပ်နည်း ဆိုတာ ရှိတယ်”

“ဟုတ် ဆရာ..ကျွန်တော် မှတ်သားထားပါ့မယ်..လိုအပ်ရင် တကယ် အခက်အခဲ အကျပ်အတည်း ကြုံတဲ့လူတွေကို လမ်းညွန်ပေးနိုင်တာပေါ့”

“အေးပေါ့ကွာ…အတတ်ပညာဆိုတာ သင်ယူပြီး လက်တွေ့အသုံးချမှု မရှိရင်လည်း မသွေးတာကြာတဲ့ ဓားတစ်လက်လိုပဲ အသုံးမဝင်တော့တာမျိုး ဖြစ်သွားတတ်တာပဲပေါ့”

“ဟုတ်ကဲ့ ဆရာ…လက်တွေ့အသုံးချနိုင်အောင် ကျွန်တော် ကြိုးစားပါ့မယ်…”

ဤသို့ဖြင့် ဆရာသခင် သင်ကြားပြသပေးခဲ့သော ဣစ္ဆာသယဆွမ်းကပ်နည်းအား စီးပွားရေး အကျပ်အတည်း ကြုံတွေ့နေသူများကို ညွှန်ပြခဲ့ရာ လက်တွေ့ အောင်မြင် အကျိုးများစေခဲ့ပါသည်။ ဤပညာခန်းသည် မူလ အစက ပထမံဘိုးဘိုးအောင်ထံမှ ဆင်းသက်လာခဲ့သည်ကိုလည်း မှတ်သား သိရှိခဲ့ရဖူးပါသည်။

ဣစ္ဆာသယဆွမ်းကပ်လှူနည်း

နေ့သားအလိုက် မိမိမွေးနေ့ မနက်အရုဏ်တက်ချိန်တွင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးနှင့် ဝိဇ္ဇာပုဂ္ဂိုဟ်ကြီးများအား ဆွမ်းကပ်လှူရပါမည်။ ဆွမ်း ၉-ပွဲ ပြင်ဆင်ရမည်။ ဆွမ်းတစ်ပွဲစီတွင် အုန်းသီး တစ်စိတ်၊ သကြားတစ်ဇွန်း၊ ဆီဆိမ်လက်ဖက် တစ်ပုံ၊ အခွံနွှာ ငှက်ပျောသီး တစ်လုံးဖြင့် ဆွမ်းပွဲ ပြင်ရပါမည်။ ဆွမ်းပွဲတစ်ပွဲစီ၏ ဘေးတွင် သောက်တော်ရေ ၁ ခွက်စီပါ ပြင်ဆင်လှူဒါန်းပါ။ (ဗေဒင်သုတ၏ မူပိုင် ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ပြီးလျှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးအတွက် လှူဒါန်းသော ဆွမ်းပွဲဘေးတွင် ဖယောင်းတိုင် အကြီးတစ်တိုင် ထွန်းညှိပူဇော်ပါ။ ကျန်ဝိဇ္ဇာပွဲ ၈ ပွဲဘေးတွင် ဖယောင်းတိုင် အသေးတစ်တိုင်စီ ပူဇော်ပါ။ ပြီးလျှင် ဆွမ်းတစ်ပွဲစီကို လက်နှစ်ဖက်ဖြင့် ကိုင်မြှောက်ပြီး လိုရာ ဆုတောင်းရပေမည်။  ဆုတောင်းရာတွင် အောက်ပါအတိုင်း ရွတ်ဆိုရမည် ဖြစ်ပြီး (….) နေရာတွင် မိမိနေ့နံကို ထည့်သွင်းရပါမည်။

“အို ဘုရား… ပစ္စေကဗုဒ္ဓါ ရဟန္တာလည်း ပညာဓိက သဒ္ဒါဓိက ဝိရိယဓိကတည်းဟူသော ပုဗ္ဗေနိဝါသဉာဏ် ဒိဗ္ဗစက္ခုဉာဏ် အာသဝက္ခယဉာဏ် ဤဉာဏ်တော် ၃ပါးဖြင့် ဘုရားသခင် စေတော်မူသည်… အိုဝိဇ္ဇာဒိဝိဇ္ဇာ သဗ္ဗဝိဇ္ဇာဧဟိ စတုသမ္ဘန္နဝိဇ္ဇာ ဆေးဝိဇ္ဇာ ပြဒါးဝိဇ္ဇာ သံဝိဇ္ဇာ အင်းဝိဇ္ဇာ စမဝိဇ္ဇာ မနောမယဝိဇ္ဇာ ဝိဇ္ဇာအပေါင်း ထောင်သောင်းလာ၍ အကျွန်ုပ် (…..) သား/သမီးအား တစ်နေ့မပြတ် စောင့်ရှောက်မစတော်မူပါ ” ဟု (၃) ကြိမ် ရွတ်ဆိုရမည်။

ဤသို့ ဣစ္ဆာသယဆွမ်းကို ကပ်လှူ ဆောင်ရွက်ခြင်းဖြင့် အတိတ်ကုသိုလ်ကံများ ပြန်လည် ဆက်မိပြီး စီးပွားရေး အကျပ်အတည်းမှ လွတ်မြောက် အောင်မြင်စေမည် ဖြစ်သည်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာ ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)