နာမည်ပါ သရ၊ သံယုဂ်တွေရဲ့ အကြောင်းအကျိုး အဆိုးအပြစ်

မြန်မာ့ဆန်းကျမ်းဗေဒင်ပညာမှာ နာမည်မှာ ပါဝင်တဲ့ သရတွေရဲ့ အဆိုးအကောင်း၊ အကျိုးအကြောင်းတွေကို သုတေသန လုပ် မှတ်တမ်းတင်ထားတာ ရှိပါတယ်။ ဒီနေရာမှာတော့ သရတွေထဲက သတိထားရမယ့် ဆိုးကျိုး ပေးတတ်တဲ့ သရတချို့အကြောင်းကို ပြောပြသွားပါမယ်။ အခုဖော်ပြမယ့် သရတွေဟာ နာမည်ရဲ့ အစစာလုံး ဒါမှမဟုတ် အဆုံးစာလုံးမှာ ရှိနေမှသာ ဒီဟောကိန်းတွေက ပိုပြီး သက်ရောက်မှု ရှိပါလိမ့်မယ်ခင်ဗျား

ဟထိုး  – ကိုယ့်နာမည်ရဲ့ အစစာလုံးမှာ ဖြစ်စေ၊ အဆုံးစာလုံးမှာ ဖြစ်စေ ဟထိုး ပါလာရင် ဥပမာ လှ ၊ နှင်း ၊ မှုံ စသည်မျိုး ပါလာမယ်ဆိုရင် အိမ်ထောင်ရေး သောက သူများထက် ပိုကြုံရတတ်ပါတယ်။ မူလဇာတာမှာပါ အိမ်ထောင်ရေး ကံက အားနည်းမယ်ဆိုရင် အိမ်ထောင် မမြဲတာ၊ အိမ်ထောင်ဆက် များတာ၊ စိတ်ပင်ပန်း ဆင်းရဲရတာတွေ ပို ဖြစ်တတ်ပါတယ်။ လက်တွေ့ သုတေသန လုပ်ရာမှာလည်း နာမည်မှာ ဟထိုး ပါသူတွေဟာ အိမ်ထောင်ရေးရာ စိတ်သောကတွေ ၊ ပြဿနာတွေ၊ အနစ်နာခံရ ၊ ခံစားရတာတွေ ပိုများတတ်တာကို တွေ့ရပါတယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဝဆွဲ – နာမည်မှာ ဝဆွဲ ပါသူတွေဟာ ဘဝမှာ မလုပ်ချင်တာတွေ လုပ်နေရတာ၊ မယူချင်တဲ့ တာဝန်တွေ ထမ်းရတာမျိုး ဖြစ်တတ်ပါတယ်။ ကြိုးစားနေတဲ့ကြားက ဘဝမှာ တက်လမ်း ပျောက်သွားတာမျိုး ၊ မတတ်သာလို့ သူတပါးရဲ့ အလုပ်တွေ အနစ်နာခံ ကူညီရတာမျိုး ၊ အကျိုးမရှိဘဲ လုပ်ပေးနေရတာမျိုးလည်း ဖြစ်တတ်ပါတယ်။ လက်တွေ့ လေ့လာတဲ့အခါမှာ ဝဆွဲ ပါသူတွေ ဥပမာ ပွင့် ၊ လွင် ၊ ထွန်း စတဲ့ နာမည်ရှင်တွေမှာ အခုလို သရအဆိုးအပြစ်ကို အနည်းနဲ့အများ ခံစားနေကြတာ တွေ့ရပါတယ်။

အောက်မြစ် – နာမည်မှာ အောက်မြစ် ပါသူတွေ ဥပမာ နွဲ့ ၊ တင့် ၊ မြင့် ၊ သိမ့် စတဲ့ နာမည်မျိုးတွေဟာ ဘဝမှာ အိမ်ထောင်ရေး ကံဇာတာ အားနည်းတတ်ကြပါတယ်။ ဒါ့အပြင် မထင်မှတ်ဘဲ ဘဝမှာ ဖျက်မရတဲ့ အမည်းစက်တွေ ၊ အမှားတွေ ကျူးလွန်မိတတ်ကြပါတယ်။ စီးပွားရေးမှာဆိုရင်လည်း ရှာသမျှ အဖတ်တင်ဖို့ ခက်တာ၊ လုပ်သမျှ အဆုံးအရှုံး များတာတွေ ကြုံရတတ်ပါတယ်။ ဒါကြောင့်လည်း ဒီသရကို အဆိုးသရထဲမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ တကယ်တမ်းမှာလည်း အောက်မြစ် ပါသူတွေဟာ နာမည်ပျက်ကိန်း ကြုံရတာ၊ အိမ်ထောင်ရေး မသာယာတွေ သူများထက် ပိုကြုံရတတ်တယ်ဆိုတာ တွေ့ရပါတယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

လုံးကြီးတင် ဆံခတ် – နာမည်မှာ လုံးကြီးတင်ဆံခတ်တွေ ပါလာခဲ့ရင် ဥပမာ မီမီ ၊ သီသီ ၊ ရီရီ စသဖြင့် မှည့်ထားမယ်ဆိုရင် အချစ်ရေး အိမ်ထောင်ရေးကံ ကောင်းဖို့ ခက်ပါလိမ့်မယ်။ စိတ်နေသဘာဝအရ အားငယ်တတ်တာ၊ အားကိုးရှာတတ်တာ သိမ်ငယ်သလို ဖြစ်တာတွေ ရှိသလို မိသားစုအရေးအတွက် အနစ်နာခံ ပေးဆပ်ရတာလည်း ရှိတတ်ပါတယ်။ ဒါကြောင့်လည်း လုံးကြီးတင်ဆံခတ် သရဟာ အဆိုးအပြစ်ကို ပေးစွမ်းနိုင်တဲ့ သရထဲ ပါဝင်လာတာ ဖြစ်ပါတယ်။ လက်တွေ့မှာလည်း မိသားစုအတွက် အနစ်နာခံရသူတွေ၊ အိမ်ထောင်ရေးဇာတာ ထူးခြားသူတွေဟာ အဲဒီသရနဲ့ နာမည်မှည့်ခေါ်ထားတာ တွေ့ရပါတယ်။

မြန်မာ့ဆန်းကျမ်းဗေဒင်ပညာမှာ အဆိုးအပြစ်ကို ပေးတတ်တဲ့ သရတွေအကြောင်းကို အားလုံး လေ့လာသိရှိပြီး မှတ်သားနိုင်ကြဖို့ မိတ်ဆက် တင်ပြခဲ့ပါပြီ။ သရတွေအကြောင်း အကောင်းအဆိုးတွေကို နောက်ပိုင်း အခါအခွင့် သင့်ရင် ဆက်လက် တင်ပြပါဦးမယ်။ ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)