သားသမီးကံနဲ့ ဗုဒ္ဓဟူးဂြိုဟ်

ဗေဒင်ပညာရပ်မှာ သားသမီး နဲ့ ပတ်သက်လို့ ဗုဒ္ဓဟူးဂြိုဟ်ကို  ဖော်ညွန်းဖွင့်ဆိုခဲ့ကြပါတယ်။ အလွယ်တကူ မယုံတတ်သူမို့ ဒီအချက်ကို နှစ်တော်တော်ကြာကြာလေ့လာပြီး နောက်ပိုင်းမှာမှ ကျွန်တော်ကိုယ်တိုင် လက်ခံ ယုံကြည်ခဲ့ပါတယ်။

ဗုဒ္ဓဟူးဂြိုဟ်ဟာ ဝတ်မှုံကူးစေတတ်သောဂြိုဟ် (၀ါ) မျိုးဆက်ပြန့်ပွားရေးမှာ အတိုင်းအတာတစ်ရပ်ထိ ပါဝင် ပတ်သက်နေသော ဂြိုဟ်လည်း ဖြစ်ပါတယ်။ ဗုဒ္ဓဟူးဂြိုဟ်နဲ့ ပတ်သက်သော ကံအကျိုးပေးကို တွက်ယူရတာ စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ သားသမီး ဆိုကတည်းက တစ်ယောက်တည်း မွေးဖို့ဆိုတာက မဖြစ်နိုင်ပါ။

အမိ နဲ့ အဖ နှစ်ယောက်စလုံး ပေါင်းမှသာ ဖွားမြင်နိုင်တာမို့ လင်ယောကျာ်းဇာတာနဲ့ ဇနီးဖြစ်သူ ဇာတာ၊ လင်ယောကျာ်း မွေးနံနဲ့ ဇနီးဖြစ်သူမွေးနံ အချက်လေးချက်စလုံးအရ ဂြိုဟ်အင်အား ပေါင်းရတန်ဖိုးမှာဗုဒ္ဓဟူးဂြိုဟ်ရဲ့ အင်အား ကောင်းနေရင် သားသမီးကောင်း ရတနာ ထွန်းကားနိုင်ခြင်းနဲ့ သားသမီးအကျိုးပေးကံ ရရှိနိုင်ခြင်းလို့ ယျေဘုယျအဆင့် ပထမဆုံး ဆုံးဖြတ်နိုင်ပြီး  ပေါင်းရတန်ဖိုးမှာ ဗုဒ္ဓဟူးဂြိုဟ်အင်အား နိမ့်ပါးနေခဲ့မယ် ဆိုရင်တော့ သားဆိုးသမီးဆိုး မွေးဖွားမိခြင်းနဲ့ သားသမီး အဖတ်မတင်တတ်ခြင်း ကံမျိုးကို ဖြစ်လွယ်လာစေပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

(တစ်လောကကိုပဲ နယ်က စာရေးသူရဲ့ သူငယ်ချင်း အမျိုးသမီး ဇနီးမောင်နှံနှစ်ယောက်ကို မွေးရက်ရွေးပေးရင်း သူတို့ဇာတာမှာ ဗုဒ္ဓဟူးဂြိုဟ် ပေါင်းရကိန်း အားနည်းလှတာကို တွေ့ရပါတယ်။ မထင်မှတ်ဘဲ ဖွားမြင်ပြီး ရက်အနည်းငယ် အကြာမှာပဲ ကလေးငယ် တိမ်းပါးသွားရှာပါတယ်။ စာရေးသူလည်း အတော်ကို စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။)

ထို့အတူ လင်ယောကျာ်းမှာ ဖြစ်စေ၊ ဇနီးမယားဖြစ်သူမှာ ဖြစ်စေ အမည်ကို (စနေနံအစ + တနင်္ဂနွေနံ အဆုံး ဖြစ်စေ) (သောကြာနံအစ + တနင်္လာနံ အဆုံးဖြစ်စေ) (ကြာသာပတေးနံ အစ + အင်္ဂါနံအဆုံးဖြစ်စေ)

မှည့်ခေါ်ထားမိမယ်ဆိုရင်လည်း  သားသမီးအကျိုးပေးကံ ခံစားရခြင်းနဲ့ သားသမီးအဖတ်တင်ခြင်း ကံတွေ အနည်းငယ် အားနည်းစေတတ်ပါတယ်။ အများအားဖြင့်ကတော့ ထိုအမည်ရှင်များအဖို့ သားသမီး အဖတ်မတင်ခြင်း၊ အဖတ်တင်သော်လည်း သားသမီးအတွက် ဒုက္ခသုက္ခ ပိုခံရစေခြင်း၊ သားသမီး အကျိုးခံစားခွင့်ကံ အားနည်းခြင်း စသည်ဖြင့် ရှိတတ်တာကို တွေ့ရပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)


လောလောဆယ်လေးမှာကိုပဲ အွန်လိုင်းပေါ်က မိတ်ဆွေ ညီမတစ်ဦး သားသမီး နှစ်ကြိမ်တိတိ အဖတ်မတင် ဖြစ်နေတာလေး တွက်ပေးဖို့ လာအကူညီတောင်း တာနဲ့ သူတို့ဇာတာ ဘာတစ်ခုမှ မတွက်ရသေးမီမှာကိုပဲ မေးမြန်းချိန် ဂြိုဟ်အင်အားခွဲကြည့်လိုက်တော့ ဗုဒ္ဓဟူးဂြိုဟ်ဟာ ဆိုးအား 100% ရှိနေတာကို တွေ့ရပါတယ်။

ဒါ့အပြင် အမျိုးသမီးရဲ့ နာမည်အစ မှာ အောက်မြစ်သရများ နဲ့ မှည့်ခေါ်ထားတာကိုလည်းတွေ့ရပါတယ်။ (အောက်မြစ်သရများသည် ဘ၀မှာ အဆုံးအရှုံး အကျအပျောက်လေးတွေ များစေတတ်ပါတယ်) အမည်မှာ အောက်မြစ်သရ နှစ်ခုတိတိ ပါနေတာကိုလည်း ၄င်းညီမငယ်ရဲ့ အမည်မှာ ထူးထူးခြားခြား တွေ့ရပြီး ခုချိန်ထိ သားသမီးလည်း နှစ်ယောက်စလုံး အဖတ်မတင် ဖြစ်နေရတာကို တွေ့ရပါတယ်။ အောက်မြစ်သရ ပါတိုင်း သားသမီးအဖတ်မတင်ခြင်း၊ သားသမီးအကျိုးမခံစားရခြင်း ရှိနိုင်သည် မဟုတ်သော်လည်း ဗုဒ္ဓဟူးဂြိုဟ်ပါ အင်အား နိမ့်ကျနေရင်တော့ သားသမီး အဖတ်တင်နိုင်ခြင်းကံမှာ အားနည်းစေနိုင်တာ သေချာလှပါတယ်။

ဖြေရှင်းနိုင်ဖို့ ကြိုးစားခြင်း

သတ္တ၀ါတွေဟာ ကိုယ်သယ်လာသည့် ကံကို ကိုယ်တိုင်ပဲ ပြန်ခံစားကြရတာပါ။ အတိတ်က ကြီးမားသော ကံများ သယ်ယူလာခဲ့ရင် ဘယ်လိုပဲ လုပ်ယူပါစေ သားသမီးအကျိုးခံစားရရှိရန် မလွယ်ကူနိုင်ပါ။ သို့သော် မျက်မှောက်ကံမှာ ပြုနိုင်တာလေးတွေတော့ လမ်းညွှန်ပေးခဲ့ပါ့မယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

နေ့စဉ် နေအိမ်မှာ ဘုရားဆွမ်းတော်တင်သည့်အခါ ပုံမှန်ဆွမ်းများအပြင် ဆွမ်းတစ်ပွဲကို(ဆွမ်းဟင်း ဆွမ်းထမင်း) သီးသန့်ပြင်ပါ။ ထိုဆွမ်းသည် ပွင့်တော်မူပြီးသမျှသော ဗုဒ္ဓဟူးနေ့ဖွား မြတ်စွာဘုရားရှင်အပေါင်းကို ရည်စူးပြီး ကပ်သောဆွမ်း ဖြစ်ပါစေ။

ပြီးတဲ့နောက် ကြိုက်တာရွတ်ဖတ် ဝတ်ပြုပါ။ ပြီးရင် ထိုဆွမ်းလှုရသည့်အကျိုးကို အမျှပေးသည့်အခါမှာ ဗုဒ္ဓဟူးဂြိုဟ်နတ်မင်းကြီးကို အထူးပြုပြီး ရည်စူးအမျှဝေပေးရပါတယ်။ ဆွမ်းပန်ကန်းကို အစိမ်းရောင်ပန်းကန် (ကြွေပန်းကန်မသုံးရ) တစ်မျိုးမျိုး သို့မဟုတ် ပန်းကနုတ်အစိမ်းရောင်ပါတာမျိုး သုံးရပါတယ်။

ဗုဒ္ဓဟူးဂြိုဟ်နတ်မင်းကြီးကို အမျှဝေတာ အကြိမ်ရေ များလာပြီးတဲ့နောက်ပိုင်းမှာ သားသမီး ရရှိခြင်း ၊ အဖတ်တင်ခြင်းနဲ့ပတ်သက်လို့ ဆုတောင်းနိုင်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

ထို့အတူ သားဆိုးသမီးဆိုးများဒဏ် ခံနေရသူများ၊ သားသမီးအကျိုးပေးကံ အားနည်းနေသူများလည်း ဒီအတိုင်း လုပ်ဆောင်ပေးနိုင်ပါတယ်။ နေအိမ်မှာ အစိမ်းရောင်နဲ့ အနက်ရောင် တွဲနေသည့် မည်သည့် ပရိဘောဂမျိုးကိုမှ မသုံးစွဲပဲလည်း ရှောင်ကျဉ်ရပါတယ်ခင်ဗျား။ ဖတ်မှတ်သုတ ရရှိကြ၍ သားသမီးအကျိုး ခံစားရရှိနိုင်ကြသည် ဖြစ်ကြပါစေ

ဆရာဝေသာလီမောင်ဖုန်း (ခေါ်) ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ) 09 789 333 791, 09 318 17 287

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)