သင်္ကြန်ပန်းအိုး နှင့် သင်္ကြန်မင်းအား ကြိုဆိုခြင်း (၁၃၈၅ ခုနှစ်)

မြန်မာသက္ကရာဇ်နှစ်တစ်ခု၏ နောက်ဆုံးရက်ဖြစ်သော မဟာသင်္ကြန်ရက်များတွင် အကြို၊ အကျ၊ အကြတ်၊ အတက် ရက်များသည် ကောဇာနှစ်တစ်ခု၏ နောက်ဆုံးရက်များဖြစ်သည်။

သင်္ကြန်စာများတွင် ဘာဏုရာဇာဟုခေါ်သော တနင်္ဂနွေဂြိုဟ်မင်းကို သင်္ကြန်မင်းဟု ခေါ်တွင်သည်။ အနောက်တိုင်းအလိုအရဆို Appolo (Sun) ဟုခေါ်သော နေနတ်သား ကိုကိုယ်စားပြုသည်။

အများသူငါ ပြောသကဲ့သို့ သင်္ကြန်ရက်များတွင် သိကြားမင်းဆင်းသည် ဟူသော စကားသည် သင်္ကြန်စာအရ မှားယွင်းလှ၏။ အမှန်မှာ သင်္ကြန်မင်း ဖြစ်သည်။ သင်္ကြန်မင်းကို သူပြောလူပြောနှင့် သိကြားမင်းဟု အခေါ်အဝေါ်များ အစားထိုးခေါ်လာခဲ့ကြခြင်းသည် အယူအဆမှားတစ်ခု ဖြစ်ပါသည်။

သင်္ကြန်အကြိုနေ့တွင် သင်္ကြန်မင်းအား တနင်္ဂနွေမှ ရာဟုနံသင့်ထိ (၈) မျိုးသော ပန်းအညွန့်များနှင့် အတာအိုး ထိုးပြီး ကြိုဆိုခြင်းဓလေ့ ရှိခဲ့ကြသည်။

ယခုနှစ် အတွက် သင်္ကြန်အကြိုနေ့သည် ၁၃.၄.၂၀၂၃ (ကြာသပတေး) နေ့ဖြစ်ပါ၏။ ၁၃၈၅-ခုနှစ် သင်္ကြန်စာ အရ “ဘာနုရာဇာခေါ် တနင်္ဂနွေဂြိုဟ်မင်း (သင်္ကြန်မင်း) သည် ရွှေ အဆင်းနှင့်တူသော အ၀တ်တန်ဆာကို ၀တ်ဆင်လျက်

နွားလားဥဿဘကို စီး၍ လက်တစ်ဖက်ကား ပုဆိန်၊ ကျန်လက်တစ်ဖက်ကား တစည်းကို ကိုင်၍ ၊ အရှေ့တောင်ထောင့်ကသည် အနောက်သို့ ၀င်၏ ။ ဤကား သင်္ကြန်မင်းလာမည့်လမ်းကို ဖော်ပြထားခြင်း ဖြစ်သည်။

စနစ်တကျ ပန်းအိုးထိုးပြီး သင်္ကြန်မင်းအား ကြိုဆိုခြင်း

အတာအိုးအတွင်း ထိုးရမည့် နေ့နံသင့်ပန်းများကိုဖော်ပြပေးလိုက်ပါသည်။

သင်္ကြန်ပန်းအိုးဖြင့် ကြိုဆိုရာတွင် ၄င်းနေ့နံသင့် ပန်းတစ်မျိုးစီကို အတာအိုးအတွင်း တစ်ညွန့်စီ (၈)မျိုး ရေခံပြီး ထိုးရမည်။ ထို့ပြင် နေအိမ်ရှိ နေ့သားအလိုက် နေ့သင့်နံသင့် ထပ်ထိုးရမည်။

ဥပမာ-နေအိမ်တွင် တနင်္ဂနွေ ၂ ယောက်၊ ၃င်္ဂါ ၁ ယောက်ရှိသည်ဆိုပါက ၄င်းပုံမှန်ပန်း (၈)မျိုးအပြင် အုန်း ၂ညွန့်၊ ဇီး ၁ညွန့် ထပ်မံ ထိုးပေးရပါမည်။ ကျန်နေ့သားများလည်း နေအိမ်ရှိ နေ့သားအလိုက် နံသင့်ပန်းကို ထပ်မံ ထိုးပေးရမည်ကို နားလည် သဘောပေါက်မည်ဟု မျှော်လင့်ပါသည်။

သင်္ကြန်မင်းသည် အရှေ့တောင်အရပ်မှ ၀င်မည်ဖြစ်ပေရာ အလုပ်နေရာ နေအိမ် ဧည့်ခန်းများ၏ အရှေ့တောင် အရပ်တွင် အတာအိုးထားရှိရပေမည်။ ဤသည်မှာ မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းအရ သင်္ကြန်မင်းအား သင်္ကြန်ပန်းဖြင့် စနစ်တကျကြိုဆိုခြင်းပင် ဖြစ်ပါသည်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ

ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)