အင်္ဂါနေ့ဖွားများအတွက် ၁၃၈၄ ခုနှစ်ကံဇာတာ

သည်တစ်နှစ်မှာတော့ အင်္ဂါနေ့ဖွားများ အများစုအဖို့ ကံဇာတာတိုးတက်ကောင်းမွန်နိုင်ကြချိန်ဖြစ်ပါတယ်။ ထူးထူးခြားခြား သိသာလာမှာကတော့ ရှေးယခင်က မိမိတို့ကို မသိကျိုးကျွံ ပြုထားသူတွေကတောင် ထူးထူးခြားခြား နှစ်ကူးပြီးချိန်ကစလို့ စတင်အသိမှတ်ပြုလာကြပါမယ်။ မခေါ်မပြော မဆက်ဆံချင်သလို လုပ်ခဲ့ဖူးသူတွေတောင် ဘယ်သွားမလို့လဲ ခင်ဗျ၊ နေကောင်းရဲ့လား စသည်ဖြင့် ဖြစ်လာတတ်ချိန်ပါ။

တနည်းအားဖြင့် …မိမိတို့ရဲ့ အရှိန်အ၀ါတစ်မျိုးကြောင့် …မိမိတို့ပတ်ဝန်းကျင်က မိမိတို့ကို သတိမမူလို့ မရတော့ဘဲ စတင် အသအိမှတ် ပိုမိုပြုလာရတတ်သော ကာလဖြစ်ပါတယ်။ ဆောင်ရွက်လုပ်ကိုင်သမျှ (ဆိုးသည်ဖြစ်စေ../ ကောင်းသည်ဖြစ်စေ.) အောင်မြင်ထွန်းပေါက်ရန် လွယ်ကူနေသော ကာလဖြစ်ပါတယ်။ ပန်းချီဆရာတစ်ဦး ရဲ့ ဆေးစက်ကျရာဟာ အရုပ်ထင်တတ်သလို ဒီတစ်နှစ်မှာတော့ အင်္ဂါနေ့ဖွားတွေ လုပ်သမျှဟာ ချီးကျူးခံရမှုတွေ ဝေဆာနေရတတ်ပါတယ်။

သြဇာအာဏာ တိုးတက်မှုကို လည်း ….သတိထားကြည့်မယ်ဆိုရင် ပိုမိုသိမြင်နိုင်မယ့် ကာလဖြစ်ပါတယ်။ ရှေးစဉ်က ပြောရဆိုရခက်နေသူတွေကိုတောင် အာဏာသုံးပြီး ဟန့်ကြည့်လိုက်ရင် …တန့်သွားစေမယ့် ကာလပါပဲ။ ကံတရားအရ ရရှိလာမယ့် ..ရာဇသံလျက်ကို …မာန်တက်မယ့်အစား အကျိုးရှိအောင် အသုံးချနိုင်ဖို့ပဲ လိုအပ်လှပါတယ်။

(၁) စီးပွားရေး

ဒီတစ်နှစ် မိမိတို့ ရှာဖွေနေသမျှ အကျိုးစီးပွား ကဏ္ဍတွေမှာ ပိုမိုတိုးချဲ့နိုင်ခြင်း၊ ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ခြင်း မုချရှိနေပါပြီ။ တနည်းအားဖြင့် ဒီတစ်နှစ် စမ်းသပ်လုပ်ဆောင်မှုတွေ၊ စွန့်စားလုပ်ဆောင်မှုတွေသည် လမ်းပေါက်လာတတ်ပါတယ်။ ကိုယ်ထင်သလို ဖြစ်လာတယ်ဆိုတာမျိုး အင်္ဂါနေ့ဖွားတွေ အများဆုံး ကြုံရတတ်သည့် နှစ်တစ်နှစ်ပါပဲ။

တစ်လှေထဲစီး တစ်ခရီးတည်းသွား …သင့်ရဲ့လုပ်ငန်းတူများ သို့မဟုတ် သင့်ရဲ့လုပ်ငန်းဖော်များကို လည်း အသိမှတ်ပြုပါ။  သူတို့နဲ့ အတူတစ်ကွ လက်တွဲပြီး စုပေါင်းအင်အားနဲ့ ..တိုးတက်မှု ကို ဖော်ဆောင်ပါ။ အကျိုးရှိလှတဲ့ ဒီတစ်နှစ်ရဲ့ ကံတွန်းအားမျိုးကို နောက်တစ်ဖန်သင်ပြန်ကြုံဖို့အတွက် ခုနှစ်နှစ်တိတိ ပြန်စောင့်ရပါလိမ့်မယ်။

ဒါကြောင့် ခွင့်သာခိုက်မှာ သဘာဝနဲ့လိုက်လျောညီထွေ နေထိုင်ပါ။  စပ်တူ အစုစပ်နဲ့ ရှယ်ယာလုပ်ကိုင်မှုများကနေ ကံကောင်းမှုလည်း ပါဝင်လာတတ်ချိန်ပါ။ ဒါကြောင့် သည်တစ်နှစ်မှာ ဘယ်သူနဲ့လက်တွဲသင့်သလဲ ဆိုတာကိုလည်း ဂရုပြု စူးစမ်းသင့်လှပါတယ်။

(၂) လူမှုရေး

အများက အသိမှတ်ပြုခံရမှု ရှိလာတတ်ချိန်မှာ…လူမှုဆက်ဆံရေးနယ်ပယ်လည်း ပိုမိုကျယ်ပြန့်လာမှာ အမှန်ပါ။ ဒီအခြေအနေမှာ …ကုန်ကျစရိတ် ပိုမိုများပြားနိုင်မယ့် အခြေအနေတွေ ပေါ်လာတဲ့အထိ …လူမှုရေးနယ်ပယ် လည်း ကျယ်ပြန့်လာတတ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဒီတစ်နှစ် …လူမှုရေးတည်ဆောက်ထားမှုဟာ နောင်တစ်နှစ် အကျိုးအတွက် မျိုးစေ့ချထားခြင်းပဲ ဖြစ်ပါလိမ့်မယ်။

တစ်ခုသတိထားရမှာက …လူမှုရေးကဏ္ဍမှာ ငယ်ပေါင်းကြီးဖော်အချို့နဲ့ မထင်မှတ်ဘဲ….အခြေအတင် အတိုက်အခံ ဖြစ်ကြရတတ်ပါတယ်။ အထူးသဖြင့် တနင်္ဂနွေနေ့တွေ မှာ ပိုမို ဖြစ်ပွားလွယ်ကူစေတတ်ပါတယ်။

(၃) အချစ်ရေး

အချစ်ရေး …အားနည်းသော ကာလဖြစ်ပါတယ် ။ တော်တော်များများသော ..အင်္ဂါနေ့ဖွားတွေ အဖို့ မေတ္တာရေး မှာ စိတ်ကုန်စရာအခြေအနေတွေ ပေါ်ပေါက်လာတတ်ချိန်ပါ။ (လွယ်သလား ခက်သလား ပြောစမ်း ရာမ…လို့ မေးမယ်ဆိုရင်တော့…) ဒီတစ်နှစ်ဟာ ခက်ခဲသော နှစ်ပါပဲ။  ချစ်သူ နဲ့ ကိုယ်ကြား အဆင်ပြေနေသူအချို့ မှာလည်း ..လူကြီးသူမ မိဘအကြီးအကဲများ အသိမှတ်ပြုရေးမှာ အထစ်အငေါ့ ကြုံရတတ်ပြန်ပါတယ်။

အထူးသဖြင့်…..နာမည်အဖျားစာလုံး (၀ါ) နာမည်တစ်ခု၏ အဆုံးစာလုံးကို တနင်္လာနံနဲ့ မှည့်ခေါ်ထားသော (ဥပမာအားဖြင့် …မြင့်ကိုကို၊ စိုးမြင့်ကျော်၊ စန္ဒီခိုင် ၊ ဆွေဆွေခန့်..စသည်ဖြင့်သော) အမည်ရှင်များ အဖို့ သည်တစ်နှစ် အချစ်ရေး ကံခေမှုကတော့ စာဖွဲ့လို့ မမီနိုင်အောင်ကိုပါပဲ။

ထူးခြားသော ကံတစ်ခုကို ဆိုရမယ် ဆိုရင်ဖြင့် သည်တစ်နှစ်အဖို့ အင်္ဂါနေ့ဖွားတွေရဲ့ မေတ္တာရေးမှာ…မချစ်သင့်သူကို ချစ်မိစေတတ်သော လှည့်စားမှုတစ်မျိုး ကြုံရတတ်ခြင်းဖြစ်ပြီး အဲဒီ့လိုမချစ်သင့်သူကို ချစ်မိစေဖို့အတွက် .မြားနတ်မောင်ရဲ့ လှည့်စားကျီစယ်မှု ကို အသေအချာ ခံလိုက်ရတတ်ခြင်းပဲ ဖြစ်ပါလိမ့်မယ်။

အချို့သော အင်္ဂါနေ့ဖွားများကိုတော့ မြားနတ်မောင်ဟာ သူ့ရဲ့ မြားတံကို အဝေးးးအဝေးးကို ချိန်တွယ် ပစ်ခတ်လိုက်ခြင်းကြောင့် ဝေးမြေရပ်ခြားက တစ်စုံတစ်ဦးသော သူအပေါ်မှာ မေတ္တာသက်ဝင် ချစ်ခင်မိသွားစေတတ်ပြန်ပါတယ်။ လူမျိုးမတူ..ဘာသာမတူ…နေရပ်မတူ…ဒေသမတူ….အနေအထားမတူ…စသည်ဖြင့် မတူညီခြားနားမှုတွေများပြားလွန်းတဲ့ အချစ်ရေး အနေအထားတစ်ရပ် ပေါ်ပေါက်လာနိုင်သော ကာလဖြစ်ပါတယ်။

(၄) အိမ်ထောင်ရေး

ဘာပဲပြောပြော …မိမိတို့ရဲ့ မူလအိမ်ထောင်ဖက်အပေါ်မှာ စိတ်ကုန်စရာတွေ ပေါ်လာတတ်သော နှစ်တစ်နှစ် ဖြစ်ပါတယ်။ အနည်းဆုံးအဆင့် ငြီးငွေ့လာတတ်ကြချိန်ပါ။ အချို့သော အင်္ဂါနေ့ဖွားများအဖို့တော့ အိမ်ထောင်ဖက် မကျန်းမမာ ဖြစ်တတ်သောကံ နဲ့ ရင်ဆိုင်ကြရတတ်ပါတယ်။

အိမ်ထောင်ရေးမှာလည်းပဲ….…..နာမည်အဖျားစာလုံး (၀ါ) နာမည်တစ်ခု၏ အဆုံးစာလုံးကို တနင်္လာနံနဲ့ မှည့်ခေါ်ထားသော (ဥပမာအားဖြင့် …မြင့်ကိုကို၊ စိုးမြင့်ကျော်၊ စန္ဒီခိုင် ၊ ဆွေဆွေခန့်..စသည်ဖြင့်သော) အမည်ရှင်များ အဖို့ ..အဟောင်းကိုပစ်ပြီး အသစ်နဲ့တွေ့ဖို့ ..ကံအင်အား ပိုမိုသက်ရောက်လာတတ်ချိန်ပါ။ မူလဇာတာမှာပါ ….ခိုင်လုံတဲ့အချက်အလက်တွေ ရှိနေခဲ့ရင်တော့ …ဒီတစ်နှစ်မှာ အဆိုပါနာမည်ရှင်များ အိမ်ထောင်ရေးကို အထူးသတိထားပြီး ကိုင်တွယ်ကြရပါလိမ့်မယ်။

(၅) ကျန်းမာရေး

ဒီတစ်နှစ် ရောဂါဘယ တစ်ခုခု ဖြစ်ပွားခံစားလာရမယ်ဆိုရင် ပျောက်ကင်းအောင်ကုသဖို့ အချိန်တော်တော် ကြာမြင့်တတ်ပါတယ်။ မပြီးနိုင်မစီးနိုင် ဆေးခန်းပြေးနေရတတ်တာမို့….မဖြစ်အောင်သာ ကြိုတင်ကာကွယ်မှု ပြုရမယ့် ကာလမျိုးပါပဲ။ အစပေါ်လာပြီဆိုတာနဲ့ နောက်ဆက်တွဲတွေက အတောမသတ် ဖြစ်လာတတ်ပါတယ်။ ကျန်းမာရေး အားနည်းနေသူများအဖို့ ….လစဉ် လပြည့်နေ့တွေမှာ သံဃာတော်များကို ဆွမ်းနှင့်ဆေးဝါး တွဲပြီး လောင်းလှူပေးကြသင့်ပါတယ်။

(၆) ပညာရေး

မှတ်ဥာဏ် တိုးတက်ကောင်းမွန်တတ်ချိန်ဖြစ်ပြီး…၊ သချာင်္ဥာဏ် တိုးတက်တတ်သော ကာလလည်းဖြစ်ပါတယ်။ အများစုအဖို့ ပညာရေးလည်း ကောင်းမွန်ခြင်း ရှိမယ့်ကာလပါ။ မလိုလားအပ်သော …ဗာရီယ ကိစ္စတွေကိုတော့ လျှော့နိုင်မှ …ပညာရေး အားသာချက်ပိုမိုရရှိနိုင်ကြပါမယ်။ အချို့သော အင်္ဂါနေ့ဖွားများ အဝေးမှ ပညာသင် ထောက်ပံ့ဆုရခြင်း၊ အဝေးမှ ဘွဲ့ကို ရယူနိုင်လာခြင်းမျိုး ကြုံလာတတ်ချိန်လည်း ဖြစ်ပါတယ်။

အထွေထွေ

ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် …ဒီတစ်နှစ်မှာ အင်္ဂါနေ့ဖွားတွေအဖို့ …အများစုကြားမှာ ပေါ်ပြူလာ ဖြစ်တတ်သော ကာလဖြစ်ပါတယ်။ အများ၏ တစ်ညီတစ်ညွတ်တည်း ချီးမြှောက်မှုကိုလည်း ခံစားကြရတတ်ချိန်ပါ။ ဆုလာဘ် ရရှိတတ်သော ကာလဖြစ်ပြီး…တနည်းဖြင့် ဒီတစ်နှစ်သည် အများစုသော အင်္ဂါနေ့ဖွားများကို သိသိသာသာ ကံကောင်းစေပါလိမ့်မယ်။

နေရေးထိုင်ရေး၊ နေရာထိုင်ခင်းကဏ္ဍနဲ့ ၊ လုပ်ငန်းခွင်နေရာ၊ ရာထူးနေရာ ၊ အလုပ်နေရာ စသည်ဖြင့်တို့နဲ့ ပတ်သက်ပြီးတော့…စိတ်တိုင်းကျမှု နဲပါးရတတ်သော ကာလဖြစ်ပါတယ်။

အများစုသော အင်္ဂါနေ့ဖွား ၀န်ထမ်းတွေ သည်တစ်နှစ်ထဲမှာ ရပ်ဝေးမြေခြားမှာ တာဝန်ကျရောက်တတ်ချိန် ဖြစ်ပါတယ်။ အချို့သော အင်္ဂါနေ့ဖွားတွေကျတော့လည်း .ကိုယ်နဲ့အရမ်းစိမ်းနေတဲ့ဌာနမျိုးမှာ    တာဝန် ထမ်းဆောင်နေရတတ်ခြင်းမျိုး ကြုံလာရတတ်သော ကာလဖြစ်ပါတယ်။ အိုးအိမ်ကိစ္စ၊ နေရာထိုင်ခင်း ကိစ္စတွေမှာတော့ ကံအားနည်းတတ်ချိန်ဖြစ်ပါတယ်။

အကူအညီကောင်းများ လွယ်ကူစွာ ရရှိတတ်သော နှစ်မျိုး ဖြစ်သလို…အများနဲ့ စုပေါင်းလုပ်ဆောင်ခြင်းဖြင့် အကျိုးစီးပွားတိုးတက် စေနိုင်သော နှစ်မျိုးလည်း ဖြစ်ပါတယ်။

ကောင်းပြီ အနှစ်ချုပ်ကြပါစို့..။သည်တစ်နှစ်အတွက် အရေးအကြီးဆုံး အချက်က မိမိရဲ့ ဦးဆောင်နိုင်မှု စွမ်းရည်ကို တိုးမြှင့်နိုင်အောင် ကြိုးစားပါ။ ဗုဒ္ဓဘာသာဝင်များ အဖို့ ဂုဏ်တော်ကိုးပါးကို အနက်ပါ ဆင်ခြင်ပြီး ရသလောက် ပိုမိုပွားများကြပါ။ (ဒီတစ်ချက်ထဲနဲ့ကိုပဲ ….အခြား ယတြာများ ..ဘာမှ မလိုလောက်အောင် တော်တော်ကြီးသိသိသာသာ …ကံအင်အားတိုးတက်လာနိုင်ပါတယ်။)

အထူးသဖြင့် ဘာလုပ်ရမှန်း မသိဘူးဆိုသူ အင်္ဂါနေ့ဖွားများသာမက ..အားလုံးသော နေ့နံပိုင်ရှင်များ သတ္ထဒေ၀မနုဿာနံ ဂုဏ်တော်ကြီးကို အင်္ဂါထောင့်မှာ သေချာ အဓိဌာန်ပြု ပုတီးစိတ်ကြည့်ပါ။ မုချ လမ်းကြောင်းပေါ်လာပါလိမ့်မယ်။

အခြားသူများနဲ့ အတူတစ်ကွ ညီညွတ်စွာ လက်တွဲနိုင်အောင် အထူးကြိုးပမ်းအားထုတ်ပါ။ ဒီအချက်ဟာ အင်မတန် အရေးကြီးလှပါတယ်ဆိုရင်းဖြင့် အင်္ဂါသားသမီးအပေါင်း သူတော်ကောင်းတို့သည် …စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်း ဖြင့် …ပြီးပြည့်စုံနိုင်ကြပါစေသတည်း။

စာဖတ်သူအားလုံးကို လေးစားမြတ်နိုးစွာဖြင့်  – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း – 09 789333791

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)