အစာစားရင် သတိယှဉ်ပါ

လူတစ်ယောက် အစာစားပုံ အထူးသဖြင့် ထမင်းစားပုံကို ကြည့်ပြီး ဒီလူရဲ့ စရိုက်သဘာဝကို ခန့်မှန်းနိုင်သလိုပဲ သူ့ရဲ့ ကံဇာတာ အဆိုးအကောင်းကလည်း ထမင်းစားသောက်ပုံကနေ ထင်ဟပ် ပေါ်လွင်စေပါတယ်။ ဥပမာ ထမင်းစားတဲ့အခါ ဟင်းဖတ်တွေကို ထမင်းနဲ့ ရောမစားဘဲ ထမင်းအောက် မြှုပ်ထည့်ပြီးမှ စားတတ်ရင် ဒီလူဟာ လျှို့ဝှက်တတ်သူလို့ ယူဆနိုင်ပါတယ်။ တချို့ကတော့ ထမင်းကို ပလုတ်ပလောင်း စားရင်းကနေ စကားတွေ ဖောင်ဖွဲ့ လျှောက်ပြောနေတတ်ကြပါတယ်။ ပါးစပ်ထဲမှာ ထမင်းလုပ်အပြည့်နဲ့ စကားကို မပီမသ ပြောသူတွေကို ရှေးလူကြီးတွေက ဆင်းရဲ တာရှည်တတ်တယ် ဆိုပြီး ဆုံးမလေ့ ရှိပါတယ်။

ထမင်းစားရင် ထမင်းမှာသာ အာရုံပြုဖို့၊ ဟင်းအရသာကို သေချာခံစားပြီး စားဖို့ ၊ အရိုးများတဲ့ ဟင်းတွေဆိုရင် သတိထား စားတတ်ဖို့ ဆိုဆုံးမတာလည်း ဖြစ်နိုင်ပါတယ်။ ပညာရပ်ရှုထောင့်က ပြောရရင် လူ့ဘဝမှာ အရေးပါ အခရာ ကျတဲ့ အသက်ဓာတ်ကို ပေးအပ်သော ထမင်းကို အလေးအနက်ထား စားတတ်ဖို့ မှာကြားတာလို့လည်း ယူဆရပါတယ်။

အဲသလို ထမင်းစားရင်း စကားဖောင်ဖွဲ့ လျှောက်ပြောနေတတ်သူတွေဟာ သူ့တို့ရဲ့ အတိတ်ဘဝ အကျိုးပေးတွေနဲ့ လက်ရှိဘဝရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် အောင်မြင်ချမ်းသာနေကြရင်တောင် သူဌေးက သူဌေးလို မနေတတ်တဲ့၊ နေရာတကာ ဝင်ပါ၊ သူဌေးလည်း ငါ၊ အလုပ်သမားလည်း ငါ ဆိုတဲ့ အပင်ပန်းခံတတ်တဲ့ ဆင်းရဲဇာတာမျိုး ပါလာကြသူတွေ ဖြစ်နေတတ်ပါတယ်။

(ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ) တကယ်ဆို နေ့စဉ် ရှင်သန်ရုန်းကန်မှုအတွက် အသက်ဓာတ် အင်အားကို ပေးစွမ်းသော ထမင်းဟင်းနှစ်နပ်ကို သုံးဆောင်ကြရာမှာ အေးအေးဆေးဆေး အာရုံအပြည့်နဲ့သာ စားသုံးသင့်ပါတယ်။ ထမင်းစားနေပါတယ်ဆိုပါမှ လက်ရော၊ ပါးစပ်ပါ မအားရအောင် ပြောဆို ရှုပ်ယှက်ခတ်နေမယ်ဆိုရင် ဘယ်လိုမှ မသင့်တော်ပါဘူး။ အလုပ်နဲ့ လက် မပြတ်အောင် ပင်ပန်းရသူလို့ ကိုယ့်ဖာသာ နိမိတ်ဖတ်သလို ဖြစ်နေပါပြီ။

နောက်တစ်မျိုး ရှိပါသေးတယ်။ ထမင်းစားနေရင် ဖင်အငြိမ်မနေဘဲ ဟိုထ ဒီထ၊ ဟိုဘက်ဝိုင်း ပြောင်းထိုင်၊ ဒီဘက် ရွှေ့ထိုင်နဲ့ နေရာမျိုးစုံ ပြောင်းစားတတ်သူပါ။ ကိုယ့်ပန်းကန် ကိုယ်ကိုင်ပြီး တစ်နေရာတည်းမှာ အငြိမ် မနေနိုင်ဘဲ လျှောက်သွား စားသောက်တတ်သူတွေဟာ ဘဝမှာလည်း အတည်တကျနဲ့ နေထိုင် လုပ်ကိုင် စားသောက်ခွင့် နည်းပါးသူတွေ ဖြစ်လာတတ်ပါတယ်။ ဆင်ခြင်ကြဖို့ လိုပါတယ်။

ပြီးတော့ ဟင်းကို ချေးများ (ဂျီးများ) တတ်သူတွေပါ။ ဟိုဟာလည်း မကြိုက်၊ ဒီဟာလည်း သဘောမကျနဲ့ ဟင်း မျိုးစုံ တစ်ခုမှ စိတ်တိုင်း မကျနိုင်တဲ့ (တနည်းအားဖြင့်) ဇီဇာကြောင်တဲ့ သူတွေဟာ စိတ်အပြောင်းအလဲ  မြန်ဆန်သူတွေ၊ စိတ် မမှန်သူတွေ ဖြစ်နေတတ်ပါတယ်။ ဒီအကျင့်ကလည်း ကောင်းကျိုး မပေးပါဘူး။

လိုရင်းကို ပြောရရင်တော့ တနေရာတည်း အိနြေ္ဒရရ ထိုင်၊ တခါတည်း အဝစားဖို့နဲ့ စားသောက်တဲ့အခါ ကိုယ် စားတဲ့ ထမင်းနဲ့ ဟင်းပေါ်မှာ အာရုံစိုက် သုံးဆောင်ကြဖို့ပါပဲ။ ရှေးလူကြီးများရဲ့ အဆုံးအမနဲ့အတူ မင်္ဂလာ ရှိသော အနေအထိုင် အပြုအမူတွေကို ကျင့်ယူနိုင်ကြပါစေဗျာ။

ဗေဒင်သုတ စာဖတ်သူများ အစားစားခြင်း အရေးပါပံကို သိမြင် နားလည်နိုင်ကြပါစေ – ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)