အမေရိကန်သမ္မတများနှင့် ဂြိုဟ်ကြီးနှစ်လုံး

၁၈၄၀-ပြည့်နှစ်တွင် ကြာသပတေးဂြိုဟ်နှင့် စနေဂြိုဟ်တို့သည် မကာရရာသီတွင် တွေ့ဆုံမိကြစဉ် “ဝီလီယံဟင်နရီဟာရစ်ဆင်” သည် အမေရိကန်ပြည်၏ (၉) ယောက်မြောက် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည်။ သမ္မတဟာရစ်ဆင်သည် သမ္မတရာထူးကို လက်ခံပြီးနောက်၊ (၃၁)ရက်အကြာ ၁၉၄၁-ခုနှစ်တွင် နမိုးနီယားရောဂါဖြင့် ကွယ်လွန် အနိစ္စရောက်သွားခဲ့သည်။

၁၈၆ဝ ပြည့်နှစ်တွင် ကြာသပတေးဂြိုဟ်နှင့် စနေဂြိုဟ်တို့သည် ကန်ရာသီ အပျိုကညာရုပ်ထဲတွင် တွေ့ဆုံမိနေစဉ် “လင်ကွန်း ” သည် အမေရိကန်ပြည်ထောင်စု၏ ( ၁၆ )ယောက်မြောက် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသည်။ လင်ကွန်းသည် ဒုတိယအကြိမ် သမ္မတ သက်တမ်း အတွင်း ၁၀၆၅-ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်ခြင်း ခံရသည်။

၁၈၈ဝ ပြည့်နှစ်တွင် “ဂျိမ်းအေဂါဖီး” သည် အမေရိကန်ပြည်ထောင်စု၏ (၂၀) ယောက် မြောက် သမ္မတအဖြစ် တင်မြှောက်ခြင်း ခံရသည်။ ထိုအချိန်တွင် ကြာသပတေးဂြိုဟ်နှင့် စနေဂြိုဟ်တို့သည် ပြိဿရာသီ နွားထီးရုပ်ထဲ၌ ဆုံမိနေကြသည်။ ထိုသမ္မတသည် ၁၈၈၁ – ခုနှစ်၌ လုပ်ကြံသတ်ဖြတ်ခြင်းခံရသည်။

၁၉၀၀ ပြည့်နှစ်တွင် ကြာသပတေးဂြိုဟ်နှင့် စနေဂြိုဟ်တို့သည် မကာရရာသီ မကာရ်းရုပ်ထဲ၌ တွေ့ဆုံမိကြပြန်သည်။ ထိုအချိန်တွင် “ဝီလီယံမက်ကလေး” သည် အမေရိကန်ပြည်ထောင်စု၏ (၂၅)ယောက်မြောက် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသည်။ ထိုသမ္မတသည်လည်း ၁၉၀၁-ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်ခြင်းကို ခံရပြန်သည်။

၁၉၂ဝ ပြည့်နှစ်တွင် ကြာသပတေးဂြိုဟ်နှင့် စနေဂြိုဟ်တို့သည် ကန်ရာသီ အပျိုကညာရုပ် ထဲ၌ တွေ့ဆုံမိကြပြန်သည်။ ထိုအချိန်တွင် “ဝါရင်းဂျီဟာဒင်း ” သည် အမေရိကန်ပြည်ထောင်စု၏ (၂၉)ယောက်မြောက် သမ္မတအဖြစ် တင်မြှောက်ခြင်း ခံရကာ ၁၉၂၃-ခုနှစ်တွင် သမ္မတအဖြစ်နှင့်ပင် ကွယ်လွန်အနိစ္စ ရောက်သွားခဲ့သည်။

၁၉၄ဝ ပြည့်နှစ်တွင် ကြာသပတေးဂြိုဟ်နှင့် စနေဂြိုဟ်တို့သည် ပြိဿရာသီ နွားထီးရုပ်ထဲ၌ တွေ့ဆုံမိကြပြန်သည်။ ထိုအချိန်တွင် “ရူးစဗဲ့” သည် အမေရိကန် ပြည်ထောင်စု၏ (၃၂) ယောက် မြောက်သမ္မတအဖြစ် တတိယအကြိမ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည်။ သို့ရာတွင် ၁၉၄၅-ခုနှစ် တွင် သမ္မတအဖြစ်နှင့်ပင် ကွယ်လွန်သွားခဲ့ပြန်သည်။

၁၉၆ဝ ပြည့်နှစ်တွင် ကြာသပတေးဂြိုဟ်နှင့် စနေဂြိုဟ်တို့သည် မကာရရာသီ မကာရ်းရုပ်၊ အနောက်တိုင်းအခေါ် ဆိတ်ရုပ်ထဲ၌ တွေ့ဆုံမိကြပြန်သည်။ ထိုအချိန်တွင် “ကနေဒီ’ သည် အမေရိကန်ပြည်ထောင်စု၏ (၃၅)ယောက်မြောက် သမ္မတအဖြစ် တင်မြှောက်ခြင်း ခံရသည်။ သမ္မတ ကနေဒီသည် ၁၉၆၃-ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်ခြင်း ခံရပြန်သည်။

၁၉၈ဝ ပြည့်နှစ်တွင် “ရီဂင်” သည် အမေရိကန်ပြည်ထောင်စု၏ (၄၀) ယောက်မြောက် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။ ထိုအချိန်တွင် ကြာသပတေးဂြိုဟ်နှင့် စနေဂြိုဟ် တို့သည် ကန်ရာသီ အပျိုကညာရုပ်ထဲ၌ ဆုံမိကြသည်။

ထိုဂြိုဟ်နှစ်လုံးတို့သည် ကညာပျိုရုပ်ခေါင်း ထဲ၌ တွေ့ဆုံနေခြင်းကို တွေ့မြင်နေရသည်။ ၁၉၈၁ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့တွင် သမ္မတရီဂင် လုပ်ကြံခံရသည်။ သို့ရာတွင် မသေပါ။ စာရေးသူသည် သမ္မတရီဂင် လုပ်ကြံခံရမည်ကို ကြိုတင် သိနေသည့်အလျောက် မိတ်ဆွေအပေါင်းအသင်း အတော်များများကို ကြိုတင်ပြောပြခဲ့သည်။

ကြာသပတေးဂြိုဟ်နှင့် စနေဂြိုဟ်တို့သည် ကျွန်ုပ်တို့ နေစကြဝဠာအတွင်း၌ အကြီးဆုံးဂြိုဟ်ကြီးများဖြစ်သည်။ . ထိုဂြိုဟ်နှစ်လုံးသည် အနှစ် (၂၀) လျှင်တကြိမ် တွေ့ဆုံမိကြသည်။ ထိုဂြိုဟ်နှစ်လုံးဆုံမိစဉ် တက်လာသည့် အမေရိကန်သမ္မတများသည် သမ္မတသက်တမ်းအတွင်းတွင် ကွယ်လွန်ခဲ့ကြသည်ကို တိုက်ဆိုင်မှုဟု ဆိုကြမည်လော။

အမှန်စင်စစ် မိုးကောင်းကင်မှ နေ၊ လ၊ ဂြိုဟ်၊ နက္ခတ် ကြယ်တာရာတို့သည် ကမ္ဘာကြီး နှင့်တကွ ကမ္ဘာပေါ်ရှိ တိုင်းပြည်အားလုံး လူသတ္တဝါအားလုံးအပေါ်တွင်သာမက သက်မဲ့အရာ ဝတ္တုများအပေါ်ထိ လွှမ်းမိုးနေကြသည်မှာ အမှန်ပင်ဖြစ်သည်။

ကမ္ဘာကြီး၏ ကောင်းကျိုး၊ ဆိုးကျိုးကိုလည်းကောင်း၊ တိုင်းပြည်တပြည်ချင်း၏ ကောင်းကျိုး ဆိုးကျိုးကိုလည်းကောင်း၊ လူသတ္တဝါတဦးချင်းစီ၏ ကောင်းကျိုးဆိုးကျိုး ကံကြမ္မာကိုလည်းကောင်း၊ ထိုနေလ၊ ဂြိုဟ်၊ နက္ခတ်တာရာတို့က လွှမ်းမိုးချယ်လှယ်ကြိုးကိုင်နေကြသည်ဟု ဆိုလျှင်လည်း မှားအံ့မထင်ပေ။

သို့ရာတွင် လူသားသည် ထိုနက္ခတ်တာရာတို့၏ စီမံဖန်တီးရာကို ခေါင်းငုံလည်စင်း၍သာ ခံနေကြရန်မဟုတ်ပါ။ ရှေ့၌ နက်ရှိုင်းသော ချောက်ကမ္ဘားရှိနေကြောင်း တင်ကြိုသိနေလျှင် ကွင်းရှောင်လို့ရနိုင်ပါသည်။ မီးကို ပူမှန်းသိထားလျှင် မကိုင်မဖြစ် ကိုင်ရသည့်တိုင် အပူသက်သာအောင် ကိုင်လို့ရပါသည်။

ထိုနည်းအတူ ဂြိုဟ်နက္ခတ်တာရာတို့မှ ပေးလာတော့မည့် မကောင်းသော ကံကြမ္မာကိုလည်း တတ်သိနားလည်သော နက္ခတ္တဗေဒ ဆရာများ၏ အကူအညီဖြင့် ရှောင်ရှားနိုင်သလောက် ရှောင်ရှားနိုင်ပါသည်။ ဥပမာ- အမေရိကန်ပြည်ထောင်စု၏ သမ္မတရွေးချယ်တင်မြှောက်ပွဲများကို ကြာသပတေး ဂြိုဟ်နှင့် စနေဂြိုဟ်တို့ ဆုံဆည်းမည့်နှစ်များတွင် မကျင်းပဖြစ်အောင် ပြောင်းလဲပြစ်လို့ရနိုင်ပါသည်။

မှန်ကန်စနစ်ကျသော နာမပညတ်ချက်ဖြင့်လည်း မကောင်းသော ကံကြမ္မာများကို ရှောင်ရှားနိုင် သလောက် ရှောင်ရှားနိုင်ကြပါသည်။ Original Writer ပေါင်းတည်ဘုန်းကြည် (နက္ခတ်ကြည့်ရှုနည်းနှင့် ကြယ်ပုံပြင်များ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)