အမျိုးသမီးများ၏ “ခြေမ” နှင့် အိမ်ထောင်ရေးကံ

ဧပြီလ၏ ဆွတ်ပျံ့ကြည်နူးဖွယ်နံနက်ခင်းတွင် သင်္ကြန်တေးသွားအချို့ ပျံလွင့်နေခဲ့၏။ ဆရာသည် သူ၏မွေးနံထောင့်တွင် အဓိဌာန်ပုတီး စိပ်ပြီး မေတ္တာပို့အမျှဝေနေ၏။ ပြီးသောအခါ  လောကီပညာတို့၏ လျှို့ဝှက်ချက်နှင့် စောင့်ထိန်းရမည့် သစ္စာတရားတို့အား ကျွန်တော့်ကို ညွှန်ပြနေခဲ့၏။

ထိုစဉ် အမျိုးသမီးတစ်ဦးမှာ ကျွန်တော်တို့နားတွင် မက်တပ်ရပ်ပြီး ဘုရားပန်းလှူနေ၏။ ပြီးနောက် ဘုရားရှိခိုးပြီးသောအခါ ကျွန်တော်နှင့် ဆရာရှိရာဘက် လှည့်ပြီး”ဆရာတို့က ဗေဒင်တတ်တာလား…ကျွန်မကို အိမ်ထောင်ရေးတစ်ချက် ကြည့်ပေးပါ။ ကျွန်မလက်တွေ့မှ ယုံတာရှင့်”ဟု ပြောလေတော့၏။

ထိုအခါ ဆရာက “အိမ်ထောင်ရေးကြည့်ရမယ်ဆိုရင် သေချာတာက ညည်းက အိမ်ထောင်နှစ်ဆက်ပဲ ကလေးမ”ဟု နာမည်မမေး၊ ဇာတာ မတွက်ဘဲ တစ်ခါတည်းတန်း၍ ပြောလိုက်လေ၏။ အဆိုပါ အမျိုးသမီးသည် အံသြမှင်တက်သွားပြီးနောက် ဆရာ့အား ဦးချ ကန်တော့လေတော့၏၊ ဆရာက မည်သည့်စကားမျှ မဆိုတော့ဘဲ စီးကရက်တစ်လိပ်အား မီးညှိ၍ ရှိုက်ဖွာနေတော့၏။

ယင်းအမျိုးသမီးက “ကျွန်မ ရှေ့ရေးဟောပေးပါ ဆရာကြီး”ဟု ဆက် ပြောသော် “ဒါက အသေးစိပ်ကြည့်ချင်ရင် အိမ်ကဓာတ်ခန်း လာခဲ့ကွယ့်…ဒါက ပညာရပ် အပေါ် ကလေးမ စော်ကားလာလို့ ဟောပေးခဲ့တာ…နောင်ကို ဆင်ခြင်ပါကွယ်…”ဟု ဆရာက ပြန်ပြော၏။ ထို့နောက် အဆိုပါအမျိုးသမီးသည် ဆရာ့ကို တောင်းပန်၍ နူတ်ဆက်ကာ ပြန်သွားလေ၏။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

“ဆရာ …သူ့ရဲ့မွေးနေ့ ဘာမှမမေးဘဲ အဲ့လိုဟောလို့ရလား”ဟု ကျွန်တော်က မေးလိုက်ရာ ဆရာက တစ်ချက်ပြုံးပြီး “သိပ်ရတာပေါ့ကွာ အင်္ဂါရုပ်ပညာထဲက ပညာရပ်တစ်ခုပေါ့…သူက တို့နားမှာ မတ်တပ်ရပ်ပြီး ဘုရားပန်း လှူတုန်းက သူ့ခြေဖ၀ါးဟာ တပြေးတည်း မဟုတ်ဘူးကွ…သူ့ခြေထောက်မှာ ခြေမဟာ ကြမ်းပြင်နဲ့ မထိဘူး…နည်းနည်း လွတ်နေတယ်…ဒါဟာ အိမ်ထောင်တစ်ဆက်တည်းနဲ့ မမြဲနိုင်ခြင်းကို ပြတာပဲ…” ဟု ဆရာက ဆိုလေ၏။

ဆက်လက်၍ “မင်းလည်းမှတ်ထားပါ …မိန်းမတစ်ယောက်ဟာ ပြင်ညီနေတဲ့ကြမ်းပြင်ပေါ်မှာ ခြေထောက်ရပ်ကြည့်လို့ ခြေမဟာ ကြမ်းပြင်နဲ့မထိဘဲလွတ်နေတဲ့အမျိုးသမီးတွေဟာ အိမ်ထောင်အနည်းဆုံးနှစ်ဆက်ပဲ…”ဟု ဆို၍ ကျွန်တော်လည်း အသေအချာ မှတ်သားခဲ့ဖူးလေတော့၏။ တွေးဆဆင်ခြင်နိုင်ကြပါစေသတည်း….။

အာစရိဂုဏအဟံဝန္ဒာမိ – ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)