အရွတ်အဖတ်နှင့် စပ်လျဉ်းသည့် စံကင်းဆရာတော်ဘုရားကြီး၏ သြဝါဒ

ပဋ္ဌာန်းဒေသနာ ဓမ္မစကြာဒေသနာ နေ့စဉ်ရွတ်နေတဲ့ပုဂ္ဂိုလ်ဟာ ဘေးကင်း ရန်ကင်း အန္တရာယ်ကင်းတာ အမှန်ပဲ။ ပစ္စည်းဥစ္စာလည်း ပေါများနိုင်တာပဲ။

သူတစ်ပါး ရွတ်တာ နာယူရုံမက ကိုယ်တိုင်လည်း အိမ်မှာ တစ်ယောက်တည်း ရွတ်နေနေ၊ အများနဲ့ပေါင်းစပ်ပြီး ရွတ်နေနေ အမြဲတမ်းရွတ်နေဖို့ သတိပြုထားကြဖို့ ကောင်းတယ်။

နိဗ္ဗာန်တိုင်ထိ အကျိုးပေးနိုင်တဲ့ သာတ္ထကဒေသနာ ” ခေါ်တယ်။ ဣဋ္ဌာရုံ အနိဋ္ဌာရုံ = ကောင်း မကောင်း အာရုံကတော့ သတ္တဝါမှန်သမျှ တွေ့နေကြရတာပဲ။ သို့သော်လည်း ဘုရားဟောပါဠိတွေ ရွတ်ဖတ်နေတဲ့ သူကျတော့ အဆိုးနည်းတာပေါ့။ အကောင်းဘက် များများ တွေ့ရမှာပေါ့။

 

နိဗ္ဗာန် မရသေးလို့ရှိရင် ဇာတိဘေးနဲ့ သတ္တဝါတိုင်း တွေ့ရမှာပဲ။ တရားဓမ္မကို လေ့လာဆည်းပူး ရွတ်ဖတ် သရဇ္ဈာယ်ထားတဲ့ ပုဂ္ဂိုလ်ကျတော့ ပဋိသန္ဓေနေရာ မွေးဖွားရာမှာ သက်သာမှု ချမ်းသာမှု ရတယ်။ လွယ်ကူတယ်ပေါ့။

ဇရာဆိုတဲ့ အိုဘေးနဲ့တွေ့ရာမှာလည်း အသက်တမ်းလိုက်ပြီးတော့ မာမာကျန်းကျန်းနဲ့ အသက်ကြီးပြီးတော့ သက်တမ်းစေ့မှ သေရတယ်။ သေပြန်လည်းပဲ သက်တမ်းစေ့မှ သေတယ် ဆိုတော့ ကောင်းကျိုးချမ်းသာ ခံစားရတယ် ခေါ်တာပေါ့။

ဗျာဓိနဲ့ စပ်ပြန်တော့လည်း ခန္ဓာကိုယ်ရလာလို့ ဒီသင်္ခတနယ်ထဲမှာ နာခြင်းတရား ဘယ်ကင်းနိုင်ပါ့မလဲ။ မကင်းနိုင်သော်လည်းပဲ မသွားနိုင် မလာနိုင် မထနိုင် မထိုင်နိုင် ဖြစ်ရတာဟာ ဆိုးကျိုးခေါ်တယ်။

ရောဂါဝေဒနာကင်းပြီး သွားလိုက် လာလိုက် စားလိုက် သောက်လိုက်နဲ့ အသက်ရှည်ရတာ ကောင်းကျိုး ခေါ်တယ်။ တချို့ရောဂါသည်တွေ အော်နေရတာ ရှိသေးတယ်။ အဲဒါ ဗျာဓိဘေး ဆိုတာပဲ။

ဒီလို မပြတ်ထိတွေ့ ဆိုက်ရောက်နေတဲ့ ဇာတိ ဇရာ ဗျာဓိဆိုတဲ့ ဘေးတွေ သက်သာအောင် တစ်ယောက်တည်းလည်း ဘုရားပါဠိတွေ ရွတ်နေကြပါ။ အများနဲ့လည်း ရွတ်နေကြပါလို့ တို့က ခုလိုကြုံတုန်း ပြောရတာ။ စေတနာရှိရှိ စိတ်ပါလက်ပါ ယုံယုံကြည်ကြည် ရွတ်ဖတ်ကြရမယ်၊ နားလည်ကြရဲ့လား… ။ (ကျေးဇူးတော်ရှင် စံကင်းဆရာတော်ဘုရားကြီး၏ သြဝါဒ ဖြစ်သည်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)