အလုပ်အရေးပေါ် လိုအပ်နေသူများအတွက်

တစ်ခါတုန်းက မောင်ဖုန်း အလုပ်လက်မဲ့ ဖြစ်နေခဲ့ဖူးပါတယ်။ အဲဒီ့တုန်းက အခုလိုလည်း ဗေဒင်ပညာရပ်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် အသက်မွေးနိုင်ခြင်း မရှိသေးတာကြောင့် ယောင်ချာချာ ဖြစ်နေရတာပေါ့လေ။

ဒါနဲ့ ဒီအတိုင်းနေလို့တော့မဖြစ်သေးဘူး။ ကြံစည်ဦးမှ ဆိုပြီး ( ၁+၆ ) အာလပ္ပနကာရက ယတြာလေးတစ်ခုကို လုပ်ပါတော့တယ်။ ဘာရယ်ညာရယ်လုပ်မနေဘူး။ ရေမိုးချိုး ကိုယ်လက်သန့်စင်၊ တနင်္ဂနွေနေ့ နံနက်ခင်း ပိုင်းမှာ (ကျွန်တော်တို့မြို့က မြတ်ညီနောင်ဘုရားကို ) စသွားပါတယ်။

တနင်္ဂနွေထောင့်မှာ အကျအနနေရာယူ။ တနင်္ဂနွေနေ့ဖွား ပွင့်တော်မူပြီးသော ဘုရားရှင်အပေါင်းကို ရိုရိုသေသေ ရည်မှန်းပြီး ကန်တော့။ ပြီးတာနဲ့ မေတ္တာသုတ်ကို တနင်္ဂနွေ ဂြိုဟ်သက်အလိုက် စရွတ်တော့တာပါပဲ။ နောက်တစ်နေ့ တနင်္လာနေ့မှာ တနင်္လာထောင့်ဂြိုဟ်သက် အလိုက် မေတ္တာသုတ် ရွတ်ပြန်ရောခင်ဗျ။ နောက်တစ်နေ့ အင်္ဂါနေ့ ၊ အင်္ဂါထောင့်မှာ ဂြိုဟ်သက်အလိုက် မေတ္တာသုတ် ရွတ်ပြန်တယ်ခင်ဗျ။ ရှင်းအောင် ပြရရင် ဟောသလိုပါပဲ။

  • (၁) တနင်္ဂနွေနေ့ +++ တနင်္ဂနွေထောင့် မေတ္တာသုတ်(၆) ခေါက်
  • (၂) တနင်္လာနေ့ +++ တနင်္လာထောင့် မေတ္တာသုတ် (၁၅) ခေါက်
  • (၃) အင်္ဂါနေ့ +++ အင်္ဂါထောင့် မေတ္တာသုတ် ( ၈) ခေါက်
  • (၄) ဗုဒ္ဓဟူးနေ့ +++ ဗုဒ္ဓဟူးထောင့် မေတ္တာသုတ် (၁၇) ခေါက်
  • (၅) ကြာသာပတေးနေ့ +++ စနေထောင့် မေတ္တာသုတ် ( ၁၀) ခေါက်
  • (၆) သောကြာနေ့ +++ ကြာသာပတေးထောင့် မေတ္တာသုတ် (၁၉) ခေါက်
  • (၇) စနေနေ့ +++ ရာဟုထောင့် မေတ္တာသုတ် (၁၂) ခေါက်
  • (၈) တနင်္ဂနွေနေ့ +++ သောကြာထောင့် မေတ္တာသုတ် (၂၁) ခေါက်

ပြီးပြီ။ ဒီရှစ်ရက်ကလေးပါပဲ။ ဟာ… လွယ်လှချေလားဗျာ။ ကိုဖုန်းတို့ ဒါလေးနဲ့ အလုပ်မရှိရာက အလုပ်ရသွားရောလားလို့ မေးလိုကြပါလိမ့်မယ်။

(၁) လွယ် မလွယ် ကိုယ်တစ်ကယ် လုပ်ကြည့် သိပါလိမ့်မယ်။ ခွေရူးလိုက်သလို ပြီးပြီးရော အမြန် ရွတ်နေရင်တော့ မပြောတတ်၊ သေသေချာချာ သံနေသံဖြတ် မှန်မှန်နဲ့ မေတ္တာစိတ်ကို ရှေးရှုပြီး မှန်မှန် ရွတ်မယ်ဆိုရင် ဂြိုဟ်သက်နည်းတဲ့နေ့တွေမှာ တော်ပါသေးတယ်။ ဂြိုဟ်သက်များတဲ့ ရက်တွေဆို အာအရင်းမှာ တံတွေးမျိုရင်တောင် ခြောက်ကပ်ကပ် နာလာတဲ့အထိ ပင်ပန်းတတ်ပါတယ်။

ဒါကြောင့် ရေဗူးလေး ဆောင်သွားပါ။ အရမ်း အပင်ပန်းခံပြီး အဆင်းရဲခံ မရွတ်ပါနဲ့။ ဒီအစီအရင်က အပျော့လိုင်း ပီယနဲ့သွားထားတာမို့ သက်တောင့်သက်သာ နဲ့သာ အလုပ်ပြီးမြောက်အောင် ကြိုးစားပါ။

(၂) အခြေခံအချက်ဖြစ်တဲ့ အလုပ်ပြီးချိန်မှာ အမျှဝေတာ၊ ဘုရားစေတီပေါ်မှာ ဝေရာဝစ္စကုသိုလ်လေးတွေ အားဖြည့်တာ စသည်ဖြင့် တွေကတော့ ကောင်းနိုးရာရာ ကိုယ်နှစ်သက်တာ လုပ်ပါ။ မေတ္တာသုတ်တွေတော့  ၀ရူးဝရူး ရွတ်ခဲ့ပါရဲ့၊ ဘုရားရင်ပြင်တော်ပေါ် နမော်နမဲ့နဲ့ အမှိုက်ရှုပ်ခဲ့ ၊ တံတွေးထွေးခဲ့လို့တော့ မဟန်သေးဘူးပေါ့ဗျာ။ ဒီတော့ ဒါလေးတွေတော့ မိမိတို့ဥာဏ်နဲ့ ဆင်ခြင်ပါ။

(၃) အဓိဌာန်ရက် ပြည့်မြောက်ပြီး တစ်ပတ်လောက်အတွင်းမှာ ချစ်ခင်ကြည်ဖြူသောအားဖြင့် အလုပ် ပေးခံရခြင်း ၊ အလုပ်ကို အထောက်အပံ့ ပြုခံရခြင်းမျိုး ကြုံစေတတ်ပါသဗျာ။

မောင်ဖုန်းတို့တုန်းကတော့ ဦးလေးဖြစ်သူက “ရော့ငါ့တူ မင်းစာအုပ်ဆိုင်ထောင်ချင်တယ်ဆို အစ်မက ဦးထွန်းကိုပြောလို့ အဲဒါဦးထွန်းလည်း စိုက်ပေးမယ်လိုတဲ့ငွေ” ဆိုပြီး လာပြောပါတယ်။ ဒါနဲ့ မောင်ဖုန်း တို့ နယ်မှာနေစဉ်က အလုပ်လက်မဲ့ကနေ စာအုပ်အငှားဆိုင်ပိုင်ရှင်လေး ချက်ချင်း ဖြစ်သွားခဲ့ပါသကောလား။

ဒါနဲ့ ဒီနည်းလေးကို ထပ်ပြီး အကြိမ်ကြိမ် အလုပ်လိုနေသူတွေကို ပေးစမ်းလုပ်ခိုင်းဖြစ်ခဲ့ပါတယ်။ တယ်အလုပ်ဖြစ်သဗျ။ သူ့ဟာနဲ့သူတော့ လမ်းကြောင်းလေးတွေပေါ်လာတာချည်းပါပဲ။

ဒီအဓိဌာန် အစီအရင်ကို ဘုရားမှာ ကျကျနနဆောင်ရွက်တာ အကောင်းဆုံးပါပဲ။ ပြည်ပက မိတ်ဆွေအချို့ အခက်အခဲ ရှိရင် စိတ်ထဲက ဘုရားတည်ပါ။ (ဒါပဲရှိတယ်လေ)

မိမိတို့နဲ့ ဆီလျော်ကိုက်ညီတဲ့ ဟိတ်လက္ခဏာအရသာလျှင် မုချ အကျိုးပေးတတ်ပါတယ်။ ကိုယ်နဲ့ မထိုက်တန်တာ မရပါ။ ဒါလေးကို သတိပြုထားပါ။ တစ်ကယ်တော့ ဒီကာရကယတြာပိုင်းကိုပဲ အာဏာစက်နဲ့ သွားရင် ပိုမိုထက်မြက်တတ်ပါတယ်။ ဒါပေမယ့် ခြိမ်းခြောက်ပြီး တောင်းရသလိုခံစားရလို့ မောင်ဖုန်း မနှစ်သက်ပါ။

ဘာပဲပြောပြော မေတ္တာသည်သာ အကောင်းဆုံးပါ။ ဒါကြောင့် ပီယလမ်းကနေ ကြွမြန်းတော်မူကြပါစို့လား။
သတ္တ၀ါများ ချမ်းသာကြပါစေ။ အလုပ်မရှိသေးသူများ အတွက်သာမက အလုပ်အကိုင် ပိုမို ကောင်းလိုသူများလည်း မုချ လုပ်ကြည့်ပါ။ ဧကန် ထူးခြားသည် ဖြစ်ပါကြောင်း။

လက်တွေ့ဒီနည်းလေးနဲ့ အလုပ်ရသွားကြသူတွေလည်း ဒုနဲ့ဒေးပါခင်ဗျာ။ လေးစားချစ်ခင်စွာဖြင့် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း 09 789 333 79

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)