အလုပ် ရဖို့ ခက်ခဲနေတယ်ဆိုရင်

ယခုကာလအတွင်း အလုပ်ရရှိရန် အခက်အခဲကြုံရသူတွေ များလာပါတယ်။ ဗေဒင်ပညာမှာ အလုပ်အကိုင် အသက်မွေးဝမ်းကြောင်းကို တနင်္ဂနွေဂြိုလ်ရဲ့အင်အားနဲ့ သုံးသပ်ဟောပြောပြီး တိုးတက်မှုကိုတော့ ဇာတာရှင်ရဲ့ အညွန့်ဂြိုလ်နဲ့ သုံးသပ် ဟောပြောကြရပါတယ်။ ဒီတော့ မြန်မာ့အင်္ဂဝိဇ္ဇာဗေဒင်ပညာရဲ့ အထက်ဆောင်ပန်းအစီအရင်လေးတစ်ခုကို ကျွန်တော် ပြောပြပေးပါမယ်။ အလုပ်နဲ့ပက်သက်တဲ့ အခက်ခဲကြုံပြီဆိုကတည်းက တနင်္ဂနွေအင်အား ပျက်ပြယ်မှုကြောင့် လို့သာ သတ်မှတ်ရမှာပါ။

တနင်္ဂနွေကို အနှုတ်သဘောဖြစ်ခြင်း ကနေ အပေါင်းသဘော ဖြစ်ဖို့ ဦးစွာ ဆောင်ရွက်ရမှာက တစ်ပိုင်း၊ ပြီးတဲ့အခါ အပေါင်းသဘော ပံ့ပိုးပေးခြင်းနဲ့ အလုပ်အကိုင်ကံကို ပွင့်လန်းစေတဲ့ သဘာဝကို သုံးပါမယ်။

၁။ ဦးစွာ သောကြာနေ့ ညနေ ၄နာရီခွဲကနေ ၇နာရီခွဲအတွင်း အသက်အရွယ်ကြီးတဲ့ အဘိုးအဘွားတစ်ဦးကို အားဆေး ဒါမှမဟုတ် နှလုံးအားတိုးဆေး တစ်ဘူး တစ်ကဒ် တစ်ထုပ် စသဖြင့် တပိုင်တနိုင် လှူဒါန်းပေးပါ။ ဘာမှဆုတောင်းစရာမလိုပါ။ သဒ္ဒါတရားနှင့် စေတနာ ရှေ့တန်းတင်ပြီး လှူရမှာဖြစ်ပါတယ်။

၂။ တနင်္ဂနွေနေ့မနက် ၆နာရီမှ ၇နာရီအတွင်း ရောက်တဲ့အခါ ကြွေပန်းကန်ပြားနှင့် မုန့်ဟင်းခါး တစ်ပွဲကို အိမ်ဘုရားမှာ သက်တော် ထင်ရှားမြတ်စွာဘုရားကို ရည်စူးပြီး လှူဒါန်းပေးပါ။ မုန့်ဟင်းခါး မလွယ်သော နေရာဒေသ ၊ နိုင်ငံခြားနေသူများကတော့ ပေါင်မုန့်တစ်ချပ်ကို သကြားဖြူးပြီး လှူဒါန်းပေးနိုင်ပါတယ်။ ထိုသို့ လှူဒါန်းပြီး အလုပ်နှင့် ပက်သက်သော ဖြစ်နိုင်သောဆုကို တောင်းဆုပြုရမှာပါ။

ဒါဟာ အင်္ဂဝိဇ္ဇာရဲ့ အထက်ဆောင်ပန်းအစီအရင်နဲ့ အလုပ်အကိုင် အသက်မွေးဝမ်းကြောင်း အတွက် စီရင်ခြင်း အပိုင်း ဖြစ်ပါတယ်။ ပထမအစီအရင်ကတော့ အသက်အရွယ်ကြီးသူကို အားဆေးလှူခြင်းဖြင့် အကောင်း အစီအရင်အတွက် ကြိုတင်သန့်စင်စေတဲ့ သဘောပါပဲ။ ယုံယုံကြည်ကြည် နဲ့အချိန်အတိအကျ လုပ်ရင် အကျိုး မယုတ်ပါ။ ကိုယ်တိုင် အခက်အခဲ တွေ့တုန်းအခါက ဆောင်ရွက်ခဲ့တဲ့ နည်းတစ်ခု ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဒီအစီအရင်မှာ Side Effect မရှိပါ။ အစီအစဉ် ၁ ပြီးမှ ၂ ကိုဆောင်ရွက်ဖို့တော့ သတိပြုရမှာပါ။ လုပ်ရမယ့် အကြိမ်ကတော့ တနင်္ဂနွေ ရဲ့ဂြိုလ်သက်အတိုင်း ၆ကြိမ် ဖြစ်ပါတယ်။ အချို့လည်း ၆ကြိမ် မပြည့်ခင် အဆင်ပြေသွားကြပါတယ်။ အစီအရင်လည်း ဆောင်ရွက်သလို တဖက်ကလည်း ကိုယ့်ဥာဏ်ဝီရိယ ထားပြီး ရှာဖွေရမှာ ဖြစ်ပါတယ်။ အလုပ်နဲ့ ပက်သက်တဲ့ အခက်အခဲများ အဆင်ပြေကြပါစေ… ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာ ဆန်းကျမ်းဗေဒင်နှင့်  ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)