အိပ်မက်မကောင်းလျှင် …

အိပ်မက်နှင့်ပက်သက်၍ နက်နဲသောဆန်းကျယ်မှုအချို့ရှိသည်မှာကား အသေချာပင်ဖြစ်သည်။ သို့သော် အိပ်မက်တိုင်းသည် နိမိတ်ကို ဖော်ပြနေသည်ကား မဟုတ်သေးပါချေ။ အိပ်မက်မက်ခြင်းနှင့် ပက်သက်ပြီး အောက်ပါအတိုင်း ခွဲခြမ်းစိတ်ဖြာကြည့်နိုင်သည်။

(၁)စိတ်အစွဲအလမ်းမရှိဘဲ မြင်မက်ခြင်း (၂)စိုးရွံ့ထိတ်လန့်မှုကြောင့် မြင်မက်ခြင်း (၃)သိမြင် ကြားတွေ့ဖူးသည်ကို စိတ်စွဲမြင်မက်ခြင်း (၄)စိတ်ပျော်ရွှင်မှုကို အကြောင်းပြုမြင်မက်ခြင်း (၅)ရာသီဥတုနှင့် ခန္ဓာဗေဒ ချို့ယွင်းချက်ကြောင့် မြင်မက်ခြင်း ဟူ၍ ယေဘုယျ ခွဲခြားနိုင်ပေ၏။

အထက်ပါအချက်များထဲမှ နံပါတ် (၁) စိတ်အစွဲလမ်းခြင်းမရှိဘဲ မြင်မက်သော အိပ်မက်သည်သာ အနာဂတ်နိမိတ်အတွက် ပုံဖော်ခြင်း ဆောင်ပေသည်။ စိတ်အစွဲ မရှိဘဲ အိပ်မက်ရာတွင်လည်း အိပ်မက် မက်သည့် နေ့အလိုက် ကောင်းကျိုး၊ မကောင်းကျိုး ဖန်တီးမည့် သက်ဆိုင်ရာ ဆက်စပ်ရာ သဘောကိုလည်း သိထားသင့်သည်။ သတ်မှတ်ချက်အရ…

*တနင်္ဂနွေနေ့တွင် မြင်မက်လျှင် ဇနီးမယားအတွက် ဖြစ်သည်။ *တနင်္လာနေ့တွင် မြင်မက်လျှင် သားချင်းဆွေမျိုးအတွက်ဖြစ်သည်။ *အင်္ဂါနေ့တွင် မြင်မက်လျှင် မိမိကိုယ်တိုင်အတွက်ဖြစ်မည်။ *ဗုဒ္ဓဟူးနေ့တွင် မြင်မက်လျှင် မိတ်ဆွေသူငယ်ချင်းများအတွက်ဖြစ်မည်။ *ကြာသပတေးနေ့တွင် မြင်မက်လျှင် ဆရာသမားများအတွက်ဖြစ်မည်။  *စနေနေ့တွင် မြင်မက်လျှင် မိမိကိုယ်တိုင်အတွက် ဖြစ်မည်။ ဤကား အိပ်မက်မက်သောနေ့နှင့် အကျိုးအပြစ် သက်ရောက်မည့်သူကို ညွှန်းဆိုခြင်းပေတည်း။

အိပ်မက်မကောင်းသောအခါ မကောင်းသော အတိတ်ဆိုး နိမိတ်ဆိုးများအား ခြေဖျက်ရန် လောကီပညာအရ တရော်ကင်ပွန်းနှင့် ဦးစွာ ခေါင်းဆေးမင်္ဂလာပြုပြီး ကိုးကွယ်ရာ ဘာသာအရ ဝတ်ပြုဆုတောင်းခြင်း ပြုပါ။ ဗုဒ္ဓဘာသာမြန်မာများအနေဖြင့် ပုဗ္ဗဏ္ဏသုတ်တော်ကို သက်စေ့ ရွတ်ဖတ်ပူဇော်သင့်ပါသည်။

အထူးအစီအရင်အနေဖြင့် ပြည်တောင်းတစ်ခုထဲတွင် ပိတောက်ရွက်ခင်းပြီး ဆန်လက်၁၅ဆုပ် ထည့်ပါ။ သုံးညတိတိ ထားပြီးနောက် ၎င်းဆန်များကို ငှက်စာကျွေးခြင်း၊ စီးဆင်းနေသောရေတွင် ကြဲပက်ခြင်းများ ပြုရမည်။ ဤသို့ဆောင်ရွက်ခြင်းဖြင့် မကောင်းသော အနိဌာအာရုံများ လွင့်ပျောက်ပြီး ကောင်းကျိုးများ ခံစားရပေမည်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

 

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)