အိမ်ဂေဟာမိသားစုတိုင်းအတွက် ဗေဒင်သုတ

တခါတလေ ဗေဒင်ကိန်းခန်းအရ ကံကောင်းမယ့်နှစ်ကာလထဲ ရောက်နေရင်တောင် အလုပ်အကိုင် အဆင်မပြေ အပေါက်အလမ်း မတည့်တာ၊ အလုပ် ကောင်းပြီး ငွေဝင်ပြန်တော့ မိသားစုထဲမှာ စိတ်ဝမ်းကွဲစရာတွေ ဖြစ်တာ၊ ဒါမှမဟုတ် တစ်ယောက်တစ်လှည့် ကျန်းမာရေး ညံ့တာ၊ ငွေဘယ်လောက်ပဲ ဝင်ဝင် စုမိဆောင်းမိ မရှိတာ စတဲ့ အဖြစ်အပျက်တွေ ကြုံလာရတတ်ပါတယ်။ အဲဒီလိုတွေများ ကြုံလာရရင် ကိုယ့်အိမ်ခြံ၊ တိုက်ခန်းမှာ ဒါမျိုးတွေ ဖြစ်နေသလား စစ်ဆေးကြည့်ပါ။ မှားနေတာ ရှိရင် ပြုပြင်လိုက်ပါ။ မိသားစုကံတွေ ပြန်ကောင်းလာပါလိမ့်မယ်။

(၁) ဘုရားကျောင်းဆောင်မှာ တိုလီမုတ်စတွေ၊ ပင့်ကူမျှင်၊ အမှိုက်သရိုက်တွေနဲ့ ဖုန်တလုံးလုံး ဖြစ်နေရင် အဲဒီ အိမ်၊ မိသားစုမှာ ကံကောင်းဖို့ ခက်ပါတယ်။ ချမ်းသာသူဖြစ်စေ၊ နွမ်းပါးသူဖြစ်စေ မိမိကိုးကွယ်ရာ ဘုရားစင်ဟာ သပ်ယပ်သန့်ရှင်းနေရပါမယ်။ ဘုရားကျောင်းဆောင် ကျက်သရေရှိမှသာ ဘဝကလည်း တင့်တယ်ပါလိမ့်မယ်။

(၂) ဘုရားကျောင်းဆောင်ကို သန့်ရှင်းတောက်ပြောင်အောင် ထားပြီးတဲ့အခါ ဘုရားပန်းလဲတဲ့ကိစ္စကို သတိနဲ့ လုပ်ရပါမယ်။ ဘုရားပန်းကို အနွမ်းအခြောက် မခံပါနဲ့။ လာဘ် တိတ်တာ၊စီးပွားမကောင်းတာ ဖြစ်တတ်ပါတယ်။ ဘုရားပန်းတွေ လဲရင်လည်း ခြေရင်းဘက်နဲ့ အနိမ့်ပိုင်းတွေမှာ ပန်းအိုး ချမလဲပါနဲ့။ မိသားစုအပူမိတတ်ပါတယ်။

(၃) အိမ်ရှေ့မျက်နှာစာဟာ ရှင်းလင်းနေရပါမယ်။ တချို့တိုက်ခန်းတွေ၊ အိမ်တွေမှာ ဆူးပါတဲ့အပင်လေးတွေကို အိမ်မျက်နှာစာ၊ ဝရံတာဘက် စိုက်မိတတ်ပါတယ်။ စိုက်မိရင် အတိုက်အခိုက် ပေါများစေတတ်သလို မိသားစု အိမ်သူအိမ်သားချင်း မသင့်မမြတ် ဖြစ်တတ်ပါတယ်။ အိမ်ရှေ့မှာ မီးဖိုထားမိတာမျိုးကိုလည်း ရှောင်ရပါမယ်။ တချို့အိမ်တွေမှာ အိမ်ရှေ့မီးဖိုတည်မိလို့ ကျန်းမာရေး ညံ့ပြီး ပူပန်သောက များတာတွေ ဖြစ်ပွားတတ်ပါတယ်။

(၄) ကိုယ့်အိမ်၊ တိုက်ခန်း တံခါးပေါက်ကနေ လှမ်းကြည့်ရုံနဲ့ အမှိုက်ပုံ၊ ဆေးရုံ၊ စက်ရုံခေါင်းတိုင် စတာတွေကို အလွယ်တကူ လှမ်းမြင်ရရင် အခိုက်အညံ့တွေ ကိုယ့်ဆီ ဝင်လာဖို့ လွယ်ပါတယ်။ အဲဒီမြင်သာတဲ့ ပြတင်းတံခါး၊ အပေါက်ဝကို လိုက်ကာလေးတစ်ခုနဲ့ ကာပါ။ အိမ်ထဲမှာလည်း မီးကို ထိန်ထိန်သာအောင် ထွန်းညှိပေးလိုက်ပါ။

(၅) အိမ်မှာသုံးနေကျ ရေပေါက်တွေ၊ ပိုက်ခေါင်းတွေ၊ ပုံးတွေ၊ အိုးတွေမှာ အပျက်အစီး မရှိအောင် သတိထားပါ။ တစ်ခုခု ချို့ယွင်းတာနဲ့ ချက်ချင်း ပြင်ဆင်သုံးပါ။ မဟုတ်ဘဲ ဒီတိုင်း ပစ်ထားမိလို့ ရေတွေ အလဟဿ ဖြစ်ခဲ့ရင် လာဘ်ပိတ်၊ လာဘ်တိတ်စေတတ်ပါတယ်။ ဝင်လာသမျှ ငွေ အဖတ်မတင်ဘဲ အကုန်အကျ များတတ်ပါတယ်။

(၆) အိမ်မှာ ဘယ်လိုမှ သုံးမရတောတဲ့ မီးချောင်း၊ မီးလုံး၊ မှန်ကွဲ၊ ပန်းကန်ကွဲတွေ လုံးဝ မထားသင့်ပါ။ ထားမိရင် အဆင်မပြေမှုတွေ မကြာခဏ ဖြစ်တတ်ပါတယ်။ အဲဒီလိုပဲ အိမ်ဝင်ပေါက်တံခါးမကြီးနဲ့ အိမ်နောက်ဖေးပေါက်က တန်းနေရင် ကြားမှာ လိုက်ကာနဲ့ကာပေးရပါမယ်။ မဟုတ်ရင် စုမိဆောင်းမိ မရှိဘဲ ရရစားစား ဖြစ်တတ်ပါတယ်။

တကယ်တော့ အိမ်ခြံမြေ၊ တိုက်တာ၊ အခန်းနဲ့ ပတ်သက်တဲ့ ဗေဒင်ဗဟုသုတတွေက မနည်းမနော ရှိနေပါတယ်။ ဒီနေရာမှာ လူအများ မေ့လျော့ သတိမထားမိတတ်တဲ့၊ သတိထားမိတဲ့အခါမှာလည်း ပြန်ပြင်ဖို့ လွယ်ကူစေမယ့် အကြောင်းအရာတွေကို ဦးစားပေး တင်ပြလိုက်တာ ဖြစ်ပါတယ်။ အိမ်ဂေဟာ၊ မိသားစုတိုင်း ကျန်းမာဘေးကင်းပြီး စီးပွားဥစ္စာ တိုးတက်နိုင်ကြပါစေ ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)