အကြွင်းဖွားအလိုက် အချစ်ရေး၊ အိမ်ထောင်ရေးကံဇာတာ

မြန်မာ့ရိုးရာဗေဒင်ပညာနဲ့ လူတစ်ယောက်ရဲ့အချစ်ရေး၊အိမ်ထောင်ရေးကံဇာတာ အခြေအနေအကျိုးအကြောင်း အဆိုးအကောင်းတွေကို အောက်ပါအတိုင်း တွက်စစ်ဟောကိန်းထုတ်နိုင်ပါတယ်။ သတိပြုရမှာက ဒီဟောကိန်း အယူအဆတွေဟာ ယေဘုယျသဘော ဖြစ်လို့ တစ်ထစ်ချ အမှန် မယူကြဖို့ နဲ့ နှစ်ဦးသား ပေါင်းဖက်ကြရာမှာ စိတ်သဘောထားချင်း တိုက်ဆိုင်မှု၊ နားလည်သည်းခံမှုတွေကသာ အဓိကကျကြောင်း အသိပေးအပ်ပါတယ်။

ရိုးရာဗေဒင်နဲ့ တွက်စစ်တဲ့အခါမှာ တွက်ချက်လိုသူရဲ့ မြန်မာလို မွေးသက္ကရာဇ်ကို သိရပါမယ်။ ကိုယ့်ရဲ့မွေးနှစ်ကို (၇) နဲ့စားလို့ ရလာတဲ့ အကြွင်းအလိုက် အချစ်ရေး၊ အိမ်ထောင်ရေးကံဇာတာကို ဖတ်ရှုနိုင်ပါပြီ။

(၁) ကြွင်းဖွားများ

အချစ်ရေးမှာ လျှို့ဝှက်သိပ်သည်းတဲ့ အခြေအနေတွေ၊ ရွေးရခက်၊ စဉ်းစားရကျပ်တဲ့အခြေအနေမျိုး ဖြစ်တတ်ပြီး အိမ်ထောင်ပြုရာမှာလည်း တည်ငြိမ်မှု နည်းပါးတတ်တယ်။ မောင်တစ်ရွာမယ်တစ်မြို့လို ခွဲခွာနေထိုင်ရတတ်ပြီး အတူနေရင်လည်း တကျက်ကျက် ဖြစ်တတ်တယ်။ (၁) ကြွင်း အမျိုးသားတွေဟာ ကိုယ့်ထက် ရုပ်ရည်၊ ဥစ္စာ ၊ ပညာ သာလွန်သူနဲ့ အိမ်ထောင်ကျတတ်ပြီး အမျိုးသမီးတွေကလည်း ခင်ပွန်းကောင်းနဲ့ ဖူးစာဆုံရတတ်တယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

(၂) ကြွင်းဖွားများ

အချစ်ရေးမှာ ဘယ်လောက်ပဲ တည်မြဲဖို့ ကြိုးစားပါစေ၊ မျက်နှာများသူလို့ အထင်ခံရအောင် အပြောင်းအလဲတွေ သိပ်များတတ်တယ်။ အိမ်ထောင်ကျရင်တော့ ကိုယ့်ထက် အစစအရာရာမြင့်မားသူမျိုးနဲ့ ဖူးစာဖက်ရတတ်တယ်။ (၂) ကြွင်း အမျိုးသားတွေဟာ ကိုယ့်ထက်ကြီးသူနဲ့ အိမ်ထောင်ပြုရတတ်ပြီး ငယ်ရွယ်သူနဲ့ဆိုရင် အိမ်ထောင်မြဲဖို့ ခက်ခဲတတ်တယ်။ အမျိုးသမီးတွေကတော့ အိမ်ထောင်ပြုတဲ့အခါ မျှော်လင့်သလို မဖြစ်တတ်တာမျိုး ကြုံရမယ်။

(၃) ကြွင်းဖွားများ

မျက်နှာပွင့်၊ စန်းပွင့်သူ၊ ချစ်သူဝိုင်းဝိုင်းလည်နေတတ်သူတွေ ဖြစ်ပြီး နှလုံးသားရေးရာဘဝမှာ စိတ်ချမ်းသာမှုတွေ ရလွယ်တတ်ပါတယ်။ အိမ်ထောင်ပြုရင်တော့ ရည်ရွယ်တာနဲ့ ယူဖြစ်တာနဲ့ ကွာခြားတတ်ပြီး အစိုးရ၊ အာဏာပိုင်၊ အသိုင်းအဝိုင်းနဲ့ အကြောင်းပါတတ်ပါတယ်။ (၃) ကြွင်း အမျိုးသားတွေက အိမ်ထောင်ရေး အဆင်မပြေတာတွေ များတတ်ပြီး ပူပန်သောက ဖြစ်ရတတ်တယ်။ အမျိုးသမီးတွေကလည်း အိမ်ထောင်မှုအပူတွေ များတတ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

(၄) ကြွင်းဖွားများ

အချစ်ရေးမှာ မမျှော်လင့်တဲ့ အလှည့်အပြောင်းလေးတွေနဲ့ ကြုံရတတ်ပြီး ရည်ရွယ်တာနဲ့ ဖြစ်လာတာတွေလည်း တခြားစီ ဖြစ်နေတတ်တယ်။ အိမ်ထောင်ပြုတဲ့အခါမှာတော့ အရှိန်အဝါ၊ သြဇာ ကြီးမြင့်သူနဲ့ ဖူးစာဖက်ရတတ်ပြီး မကြာခဏလည်း တကျက်ကျက် ဖြစ်ရတတ်တယ်။ (၄) ကြွင်း အမျိုးသားတွေဟာ ကိုယ့်အပေါ် သိပ်ကောင်းတဲ့ အိမ်ထောင်ဖက်မျိုး ရတတ်သလို အမျိုးသမီးတွေကလည်း ခပ်အေးအေးသမားနဲ့ဆုံပြီး ကံကောင်းတတ်ပါတယ်။

(၅) ကြွင်းဖွားများ

ချစ်သူရည်းစားဘဝမှာ ရန်ဖြစ်လိုက်၊ ပြန်တည့်လိုက်နဲ့ ပျော်ပျော်ကြီး ဖြတ်သန်းရတတ်ပြီး ကိုယ့်ထက် ဘဝကံ၊ အခြေအနေ မြင့်မားသူနဲ့ ဆုံရတတ်တယ်။ အိမ်ထောင်ပြုရင်တော့ အသက်မဲ့သလို ဖြစ်နေတဲ့ အိမ်ထောင်သည် ဘဝမျိုး ရတတ်ပြီး အဆင်မပြေမှုမျိုးစုံ ကြုံရတတ်ပါတယ်။ (၅) ကြွင်း အမျိုးသားတွေရဲ့ အချစ်ရေးမှာ လွဲချော်မှု ဖြစ်တတ်ပြီး အိမ်ထောင်ဆက်လည်း များတတ်တယ်။ အမျိုးသမီးတွေကတော့ အားကိုးရတဲ့သူနဲ့ ရတတ်တယ်။

(၆) ကြွင်းဖွားများ

အချစ်ကံခေတတ်တဲ့ ဇာတာရှင်တွေ ဖြစ်ပြီး ချစ်သူရည်းစားဘဝမှာ စိတ်တိုင်းမကျမှုတွေ၊ ဝမ်းနည်းစရာကိစ္စတွေ မျိုးစုံနဲ့ ကြုံရတတ်ပါတယ်။ အိမ်ထောင်ကျတဲ့အခါမှာတော့ မမျှော်လင့်တဲ့အခြေအနေတွေ ဖြစ်ပွားတတ်ပြီး အိမ်ထောင်သက် ကြာလာရင်တော့ အဆင်ပြေသာယာနိုင်ပါတယ်။ (၆)ကြွင်းအမျိုးသားတွေဟာ အိမ်ထောင်ရေး ပြဿနာတွေ ဖြစ်လွယ်တတ်ပြီး အမျိုးသမီးတွေကတော့ ကိုယ့်ထက်ကြီးသူနဲ့ယူမှသာ ပျော်ရွှင်ရတတ်ပါတယ်။

(ဝ) ကြွင်းဖွားများ

အချစ်ရေးမှာ ကိုယ့်အပေါ် အလေးအနက်ထားတဲ့သူ၊ မေတ္တာကြီးမားတဲ့သူ၊ ပြီးတော့ စိတ်အမှတ်အသား ကြီးသူ နဲ့ ဆုံရတတ်ပြီး အိမ်ထောင်ပြုတဲ့အခါမှာတော့ အခက်အခဲတွေ၊ စိတ်ပင်ပန်းစရာတွေကို ဖြတ်သန်းပြီးမှ အဆင်ပြေသွားတတ်ပါတယ်။ (ဝ) ကြွင်း အမျိုးသားတွေဟာ အိမ်ထောင်ရေး ကံကောင်းတတ်ပြီး ကိုယ့်အပေါ် နားလည်ဖေးမသူနဲ့ ဆုံရတတ်ပါတယ်။ အမျိုးသမီးတွေကတော့ အိမ်ထောင်ရေးမှာ ဆူဆူပူပူ ဖြစ်တတ်ပါတယ်။

ဒီဟောကိန်းတွေဟာ ယေဘုယျသာ ဖြစ်ပြီး တစ်ဦးချင်းဇာတာ၊ နှစ်ဦးစလုံးရဲ့ ဇာတာတွေနဲ့ အသေးစိတ်ကျကျ တွက်စစ်တာမျိုး မဟုတ်လို့ အစွဲအလန်း ဥပါဒန်မထားဖို့ မှာချင်ပါတယ်။ ဝါလကင်းလွတ် သီတင်းကျွတ်အချိန်မှာ နှစ်ကိုယ်တူဘဝ တည်ထောင်ဖို့ ကြံရွယ်နေသူများအတွက် ဗေဒင်ကိန်းဗဟုသုတတစ်ခုအနေနဲ့ တင်ပြရခြင်းသာ ဖြစ်ပါတယ်။ ဧက (ဗေဒင်သုတေသီ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)