နေ့နံအလိုက် ငွေကြေးကံ အားနည်းတတ်သော နှစ်ကာလများ

မြန်မာ့ရိုးရာဗေဒင်ပညာရပ်မှာ ငွေရေးကြေးရေးကိစ္စနဲ့ ပတ်သက်လို့ နေ့နံအလိုက် သတိထားဆင်ခြင်ရမယ့် နှစ် အပိုင်းအခြားတွေ ရှိပါတယ်။ အဲဒီနှစ်တွေမှာ ငွေချေးငှားလိုက်ရင်၊ ငွေရင်းနှီးမြှုပ်နှံမိရင်၊ ဝင်ငွေ တိုးပွားအောင်လို့ ရပေါက်ရလမ်းသစ်တွေ ရှာမိရင် အဆင်မပြေတတ်ဘဲ ငွေကြေးစိတ်သောကတွေသာ ပြန်ခံစားရတတ်ပါတယ်။

ဒါကြောင့် ငွေနံအားနည်းပြီး ငွေကြေး ကံခေတတ်တဲ့နှစ်ကာလအပိုင်းအခြားတွေကို (၇) ရက်သားသမီးအားလုံး အလွယ်သိရှိ မှတ်သားနိုင်အောင် တင်ပြလိုက်ပါတယ်။ ဒီလိုနှစ်တွေ ရောက်လာတိုင်း ငွေကြေးကံမကောင်းဘူး လို့ ယတိပြတ် မပြောနိုင်ပေမယ့် ငွေနဲ့ပတ်သက်လာရင် ကြိုတင်သတိပြုနိုင်ဖို့ ရည်ရွယ်ပါတယ်။

(၁) လာဘ်ပိတ်တတ်သောနှစ်ကာလများ

ရောက်ဆဲအသက်ကို တည်ပြီး (၈) နဲ့စားပါ။ တနင်္ဂနွေနေ့ဖွားက (၆) ကြွင်းရင်၊ တနင်္လာနေ့ဖွားက (၅) ကြွင်းရင် အင်္ဂါနေ့ဖွားက (၄) ကြွင်းရင် ၊ ဗုဒဟူးနေ့ဖွားက (၃) ကြွင်းရင် ၊ ကြာသပတေးနေ့ဖွားက (၁) ကြွင်းရင်၊ သောကြာနေ့ဖွားက (၇) ကြွင်းရင်၊ စနေနေ့ဖွားက (၂) ကြွင်းရင် လာဘ်ပိတ်တတ်တဲ့နှစ်ကို ကျရောက်ပါတယ်။

ဒီလိုနှစ်မျိုးတွေမှာ ဝင်လာသလောက် ငွေနဲ့သာ ကျေနပ်ရပါလိမ့်မယ်။ အဲလိုမဟုတ်ဘဲ ဝင်ငွေတိုးပွားအောင်လို့ အသည်းအသန် လုပ်လာရင် ကြိုးစားသမျှ အရာမထင်ဘဲ ဖြစ်တတ်ပါတယ်။ ငွေဝင်လာရင်လည်း စိတ်ညစ်စရာ ပေါ်လာတတ်ပါတယ်။ ဝင်လာသမျှ ငွေမမြဲဘဲ အကြောင်းအမျိုးမျိုးပြပြီး ပြန်ကုန်ဖို့အသင့် ဖြစ်နေတတ်ပါတယ်။

ငွေအထုပ်အထည်နဲ့များ ဝင်လာခဲ့မယ်ဆိုရင်လည်း ပြန်လှူပစ်တာ၊ ပေးကမ်းစွန့်ကြဲတာတွေ လုပ်ပေးရပါမယ်။ မြန်မာမွေးနှစ်ကို (၇) နဲ့စားလို့ ၂ – ကြွင်းတဲ့သူတွေနဲ့ အင်္ဂါသားသမီး၊ သောကြာသားသမီးတွေဆိုရင် ပိုပြီးတော့ ဂရုစိုက်သင့်ပါတယ်။

(၂) ငွေကြေးကျပ်တည်းတတ်သောနှစ်ကာလများ

ရောက်ဆဲအသက်ကို တည်ပြီး (၈) နဲ့စားပါ။ တနင်္ဂနွေနေ့ဖွားက (၄) ကြွင်းရင်၊ တနင်္လာနေ့ဖွားက (၃) ကြွင်းရင်၊ အင်္ဂါနေ့ဖွားက (၂) ကြွင်းရင် ၊ ဗုဒဟူးနေ့ဖွားက (၁) ကြွင်းရင် ၊ ကြာသပတေးနေ့ဖွားက (၇) ကြွင်းရင်၊ သောကြာနေ့ဖွားက (၅) ကြွင်းရင်၊ စနေနေ့ဖွားက (ဝ) ကြွင်းရင် ငွေကျပ်တည်းတဲ့နှစ်ကို ကျရောက်ပါလိမ့်မယ်။

ဒီလိုနှစ်မျိုးတွေမှာ လူရောစိတ်ပါ ပင်ပန်းစရာတွေ များတတ်ပြီး လက်ထဲ ငွေပြတ်တာ၊ ငွေကျပ်တည်းသွားတာနဲ့ ဘယ်လောက်ပဲကြိုးစားရှာဖွေပါစေ ငွေရှာခက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ပြီးတော့ အကြွေးတွေဘာတွေများ ပေးမိရင် ပြန်တောင်းရခက်ပြီး ပေးရမယ့်ကိစ္စဆိုရင်လည်း တစ်လုံးတစ်ခဲတည်း မပေးနိုင်ဘဲ ကြွေးပေါ်ကြွေးဆင့် ဖြစ်တတ်ပါတယ်။ ကျန်းမာရေးမှာ ရင်၊ ဝမ်းနဲ့ပတ်သက်တာတွေ ဖြစ်တတ်ပြီး လူလိမ်လူညာကို သတိပြုရပါမယ်။

ငွေသိပ်ကျပ်လာရင် ငါးလွှတ်တာ၊ ခွေးစာ ကျွေးတာ စတဲ့ ကုသိုလ်တစ်ခုခုကို မကြာဏ ပြုလုပ်ပေးသင့်ပါတယ်။ မြန်မာမွေးနှစ်ကို (၇) နဲ့စားလို့ ၁ – ကြွင်းသူတွေနဲ့ တနင်္ဂနွေသားသမီး၊ ကြာသပတေးသားသမီးတွေဆိုရင် ပိုပြီး ဂရုစိုက်ရမယ့်နှစ် ဖြစ်ပါတယ်။ အားလုံး ငွေကြေးကံကောင်းအဆင်ပြေနိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)