ငွေမမြဲဘူးတဲ့လား

“ဘယ်လောက်ပဲ ဝင်ငွေ ကောင်းကောင်း လက်ထဲ ငွေမမြဲဘူး ဆရာရယ်။ တချို့ကိစ္စတွေက မဖြစ်မနေမို့ သုံးလိုက်ရပေမယ့် တချို့နေရာမှာတော့ မလိုအပ်ဘဲ ဖြုန်းသလို ဖြစ်သွားတယ်။ ပြီးတော့ စုမိဆောင်းမိ ဖြစ်ထားတာတွေကလည်း အကြောင်းတစ်ခုခုနဲ့ ပြန်ထွက်သွားတယ်”

ဗဒင်မေးပရိတ်သတ်နှင့် နှစ်ပေါင်းများစွာ ထိတွေ့ဆက်ဆံလာသူ ဖြစ်သောကြောင့် ထိုသို့သော အဆင်မပြေမှုများမှာ ထူးမခြားနားသာ ဖြစ်သော်လည်း ထိုသူများကို ကူညီရန်အတွက် နည်းနာများ ရှိပါသည်။ ငွေကြေးနှင့် ပတ်သက်၍ ဗေဒင် ယတြာကိုသာ အားကိုး၍ မရဘဲ ကိုယ်တိုင်ကလည်း ငွေကို ချစ်တတ်မှ၊ စီမံခန့်ခွဲနိုင်ကာမှ ဝင်ငွေ မြဲကာ၊ စုမိဆောင်းမိ ဖြစ်ပါလိမ့်မည်။

ငွေဆိုသည်မှာ အမြဲစီးဆင်းလည်ပတ်နေသည့်အရာ ဖြစ်သော်လည်း မလိုအပ်ဘဲ မကြာခဏ ကုန်ကျသည်မျိုး၊ ရနေကျ ဝင်နေကျ လမ်းကြောင်းများ ပိတ်ဆို့သွားသည်မျိုးနှင့် မမျှော်လင့်ဘဲ ငွေကျပ်သွားသည့် အခြေအနေမျိုး လူတိုင်း ကြုံတွေ့နေကျ ဖြစ်သည်။ ထိုအခြေအနေများအတွက် ဗေဒင်ရှုထောင့်မှ ပြုလုပ်အပ်သော ယတြာပိုင်းကို ဗေဒင်သုတ စာဖတ်ပရိတ်သတ်များအတွက် မှတ်သားဖွယ်ရာအဖြစ် မျှဝေလိုက်ပါသည်။

ဝင်လာသမျှ ငွေများ တည်တံ့ ခိုင်မာ စုဆောင်းနိုင်ပြီး ပုံမှန်ဝင်နေကျ လာဘ်လာဘများ၊ ရစရာပေးစရာကိစ္စများ အဆင်ပြေချောမွေ့စေရန်အတွက် အောက်ပါအတိုင်း ပြုလုပ်ကြည့်ပါ။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

လခစားဝန်ထမ်းများအဖို့ လကုန်သည်နှင့် ဝင်လာသော လုပ်ခလစာငွေ ၊ ဈေးရောင်းဈေးဝယ် ဆိုင်ရှင်များအဖို့ လတစ်လ၏ ပထမဆုံးရက်တွင် ဝင်လာသော အမြတ်ငွေ၊ တနည်းအားဖြင့် ဈေးဦးပေါက်ငွေကြေးများကို မိမိတို့ တတ်နိုင်သလောက် သတ်မှတ်၍ လာဘ်ဦးလာဘ်ဖျားအဖြစ် ဘုရားကျောင်းဆောင်တွင် ငွေဖလားလေးတစ်လုံး သို့မဟုတ် စာအိတ်လေးတစ်အိတ် သီးသန့် သတ်မှတ်ကာ လှူဒါန်းရပါမည်။

ဘုရားရှင်အတွက် ရည်ရွယ်ကာ လှူဒါန်းသည့် ငွေကြေးများ တစ်စထက် တစ်စ တိုးပွားများပြားလာသည့်အခါ မိမိတို့ လုပ်ငန်းဌာ သို့မဟုတ် မိမိ ဆိုင်နှင့် အနီးစပ်ဆုံး ဘုရားစေတီ (သို့မဟုတ်) ဘုန်းတော်ကြီးကျောင်းတွင် ပြန်လည်လှူဒါန်းပေးနိုင်ပါသည်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဤသည်မှာ ဆောင်ရန်အချက်သက်သက်သာ ဖြစ်ပြီး ဆက်လက်၍ ရှောင်ရန်အချက်များကို ဖော်ပြပေးပါမည်။ ဝန်ထမ်းများ လစာ ရလာသည့်အခါ၊ ဆိုင်သမားများ ဝင်ငွေရလာသည့်အခါ ဦးဦးဖျားဖျား ဝင်လာသည့် ငွေကြေးကို အနိဌာရုံပစ္စည်းများ ဖြစ်သော မီးဖိုချောင်၊ အိမ်သာ စသည့် ကိစ္စများအတွက် အသုံးပြုခြင်း၊ ခါးအောက်ပိုင်း အဝတ်အထည်များ ဖြစ်သော ဘောင်းဘီ၊ ထဘီ၊ စကတ် စသည်တို့အတွက် သုံးစွဲခြင်း၊ အသောက်အစား အပျော်အပါးများအတွက် စတင် သုံးစွဲလိုက်ခြင်း စသည်တို့ကို ကျပ်ကျပ် ရှောင်ရပါမည်

လိုရင်းကို အနှစ်ချုပ်ရသော် လာဘ်ဦးလာဘ်ဖျား ဝင်ငွေ၊ လုပ်ခလစာကို ပေါက်ကရကိစ္စ၊ အနိဌာနေရာများ၌ မသုံးစွဲသင့်ဘဲ ရတနာမြတ်သုံးပါးနှင့် စပ်လျဉ်းသော အလှူအတန်းကို ဦးစွာ ပြုလုပ်ရန် ဖြစ်ပါသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ငွေကြေးကိစ္စများ အဆင်ပြေချောမွေ့လာခြင်း၊ ရစရာပေးစရာများ ပြေလည်ခြင်း၊ စုမိဆောင်းမိ ဖြစ်လာခြင်း၊ ဥစ္စဓန တဖြည်းဖြည်း ဒီရေအလား တိုးပွားလာခြင်း၊ ငွေဝင်ထီပေါက်ကိန်းမျိုး ကြုံရတတ်ခြင်း စသည့် ကောင်းကျိုးချမ်းသာမင်္ဂလာများ ရရှိမည် ဖြစ်ပါကြောင်း အသိပေးမျှဝေလိုက်ပါသည်။

အထက်ပါ ဆောင်ရန်၊ ရှောင်ရန် ၂ ချက်အပြင် ဗေဒင်သုတ – BaydinThyuta စာမျက်နှာတွင် မကြာခဏ ပြန် တင်ပေးလေ့ ရှိသော ကျက်သရေ ထွန်းတောက်၊ ကံကောင်းခြင်းတွေ ရောက်စေဖို့ ဆောင်းပါးပါ အချက်များကို ဆောင်နိုင်၊ ရှောင်နိုင်ပါက ပိုမို အကျိုးရှိ အောင်မြင်စေမည် ဖြစ်ပါသည်။ ဝင်လာသမျှ လာဘ်လာဘ ခိုင်မြဲ တည်တံ့ကြပါစေ – ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)