နေဝင်မီးလက်စီးပွားတက်ယတြာ

ရှေးမြန်မာ့လောကီပညာရှင်ကြီးများသည် နေဝင်မီးလက်စီးပွားတက် ဟူသော ဆိုရိုးစကားကို အများအကျိုးငှာ ဖန်တီးထားရစ်ခဲ့ပေသည်။ ၎င်းဆိုရိုးစကားကို လွယ်ကူစွာ ပြောဆိုနေကြသော်လည်း လက်တွေ့တွင်ကား အသုံးချသူ နည်းပါးလှပေသည်။

ရှေးပညာရှိကြီးများ ချမှတ်ခဲ့သော နေဝင်မီးလက်စီးပွားတက်ဟူသော စကားအရ နေဝင်ချိန်တွင် ဘုရားရှင် ကိုယ်တော်မြတ်ကြီးအား ပုံမှန် ဆီမီးပူဇော်ခြင်းဖြင့် ငွေကြေးဥစ္စာဓန တိုးပွားခြင်း ရှိလာပေမည်။

ဇွဲရှိရှိဖြင့် သဒ္ဒါတရားထက်သန်စွာ ပူဇော်ခြင်းဖြင့် စီးပွား တရိပ်ရိပ် တက်လာခြင်း၊ လုပ်ငန်းအောင်မြင်ခြင်းများ ဖြစ်ထွန်းလာပေလိမ့်မည်။ ဤနေဝင်မီးလက်စီးပွားတက်အစီအရင်ကို ဇွဲရှိစွာ ပုံမှန် လုပ်ဆောင်သွားရန် အထူး အရေးကြီးပါသည်။

လုပ်ဆောင်ပုံမှာ ညနေ နေဝင်ချိန်တိုင်း ဆီမီးခွက် (ဝါ) မြေခွက်အသေးထဲတွင် ပဲဆီသန့်သန့်ကို ဖြည့်ပြီး မီးစာ (သို့) ဂွမ်းစဖြင့် ဆီမီး ထွန်းညှိကာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား သက်တော်ထင်ရှား ရှိသကဲ့သို့ ရည်မှန်း၍ ဆီမီးကပ်လှူခြင်း ပြုရပေမည်။

မြန်မာလအလိုက် အနီးစပ်ဆုံး နေဝင်ချိန် နာရီ၊ မိနစ်ပိုင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

လအလိုက် ညနေ နေဝင်ချိန်များ

တန်ခူးလ – ၆ နာရီ

ကဆုန်လ – ၆ နာရီ ၁၀ မိနစ်

နယုန်လ – ၆ နာရီ ၂၀ မိနစ်

ဝါဆိုလ – ၆ နာရီ ၃၀ မိနစ်

ဝါခေါင်လ – ၆ နာရီ ၂၀ မိနစ်

တော်သလင်းလ – ၆ နာရီ ၁၀ မိနစ်

သီတင်းကျွတ်လ – ၆ နာရီ

တန်ဆောင်မုန်းလ – ၅ နာရီ ၅၀ မိနစ်

နတ်တော်လ – ၅ နာရီ ၄၀ မိနစ်

ပြာသိုလ – ၅ နာရီ ၃၀ မိနစ်

တပို့တွဲလ – ၅ နာရီ ၄၀ မိနစ်

တပေါင်းလ – ၅ နာရီ ၅၀ မိနစ်

ထိုကဲ့သို့ နေဝင်ချိန်တွင် ဆီမီး ထွန်းညှိပြီးနောက် သဗ္ဗဇယမင်္ဂလာဂါထာ ခေါ် ဒိဝါတပတိဂါထာတော်ကြီးကို ၉ ကြိမ် ရွတ်ဖတ်ပူဇော်ပေးပါ။  အခြား လာဘ်လာဘဆိုင်ရာဂါထာများလည်း ရွတ်ပွားပူဇော်ပေးနိုင်ပါသည်။

 

 

အခြားဆီများထက် ပဲဆီကို အသုံးပြုခြင်းက ပိုမို ကောင်းမွန်စေသောဓာတ် ဖြစ်ထွန်းသည်ကို တွေ့ရပါသည်။ မြန်မာ့လောကီပညာတွင် ပဲဆီဖြင့် ဆီမီးထွန်းခြင်းက စီးပွား ဥစ္စာဓနအတွက်ပိုမိုအကျိုးပြုသော သဘောကို ဆရာသခင်ကြီးများက သြဝါဒပေးခဲ့ဖူးသည်။

ဒိဝါတပတိဂါထာတော်ကြီး

ဒိဝါတပတိ အာဒိစ္စော

ရတ္တိမာဘာတိ စန္ဒိမာ

သန္ဒဒ္ဓေါ ခတ္တိယော တပတိ

ဈာယီတပတိ ဗြဟ္မဏော

အထသဗ္ဗ မဟောရတိံ

ဗုဒ္ဓေါတပတိ တေဇသာ

တာဒိသံ တေဇသမ္ပန္နံ ဗုဒ္ဓံဝန္ဒာမိအာဒရံ

နမက္ကာရာနုဘာဝေန သဗ္ဗေပူရန္တုသင်္ကပ္ပါ ။

နေဝင်မီးလက်စီးပွားတက် အစီအရင်ကို ညနေနေဝင်ချိန်တိုင်း ဇွဲရှိစွာ ကုသိုလ်ပြုခြင်းဖြင့် ၇-ရက်သားသမီး အပေါင်း လုပ်ငန်းစီးပွား ဒီရေအလားတိုးတက်ဖြစ်ထွန်းကြပါစေသတည်း..

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ

ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)