ဗေဒင်ယတြာအလုပ်ဟာ မိစ္ဆာအာဇီဝ ဟုတ်သလား

ဗေဒင်ဟော၊ ယတြာချေပေး၊ အဆောက်လက်ဖွဲ့ အင်းတွေ ရောင်းတဲ့အလုပ်ဟာ မိစ္ဆာအာဇီဝ ဟုတ်သလား ဆိုတာနဲ့ ပတ်သက်ပြီး အရှင်ခေမာနန္ဒ (မိုးသု) ရဲ့ အမြင်ကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်။

မေး ။    ။ ဗေဒင်ဟောစားတာ၊ ယတြာဖိုးယူတာ၊ အဆောင်လက်ဖွဲ့ အင်းချပ် ရောင်းတာ မိစ္ဆာအာဇီဝ ဖြစ်ပါသလားဘုရား။

ဖြေ ။    ။ မိစ္ဆာအာဇီဝဆိုတာက ကျယ်ပြန့်တယ်။ နိဗ္ဗာန်ကုန်ရောင်းတာတောင် ဝယ်ချင်အောင် လိမ်ပြောမိတာနဲ့ မိစ္ဆာအာဇီဝဖြစ်တယ်။ ဗေဒင်ပညာရပ်အတိုင်း မှန်မှန်ကန်ကန် ဟောရင် မိစ္ဆာအာဇီဝမဖြစ်ဘူး။ ပညာရပ်က ပြဆိုထားတာပိုပြီး ခြောက်ဟော  လိမ်ဟောရင် မိစ္ဆာအာဇီဝဖြစ်တယ်။ ယတြာ မချေချေအောင် လိမ်ညာပြောဆိုရင် မိစ္ဆာအာဇီဝဖြစ်တယ်။

ဇာတာက ဒီလိုဖြစ်နေတယ်။ ဒီလို ယတြာတော့ ရှိတယ်။ ချေမယ်ဆိုရင် ဟောခ ဒီလောက်တော့ ပေးရမယ်လို့ ပညာရပ်အတိုင်း မှန်မှန်ကန်ကန် ပြောရင် မိစ္ဆာအာဇီဝမဖြစ်ဘူး။ အဆောင်လက်ဖွဲ့ကိုလည်း ပညာရပ်အတိုင်း မှန်မှန်ကန်ကန် စီရင်လုပ်ကိုင်ထားပြီး မှန်မှန်ကန်ကန်ပြောရောင်းရင် မိစ္ဆာအာဇီဝမဖြစ်ဘူး။

ငါ့အသိ ဘုန်းကြီးတစ်ပါးရှိတယ်။ သူက အင်းဖယောင်းတိုင်းရောင်းစားတယ်။  တကယ်က စဓဗဝပဲ ဖယောင်းတိုင်ပေါ်မှာ ရေးပြီး ဂါထာမန္တန်တွေ ရွတ်ထားတာ။  စဓဗဝပဲဆို လူအထင်မကြီးမှာမို့ ကြည့်လှအောင် လျှောက်ရေးခြစ်တယ်။

ပြီးရင်”အင်းတွေကို စေ့ညပ်နေအောင် ချပေးထားတယ်” လို့ ပြောတယ်။  အဲဒီလို မမှန်မကန်ပြောရင် မိစ္ဆာအာဇီဝဖြစ်တယ်။ အဲဒီဘုန်းကြီးဆို ဗေဒင်ဟောခရတာရဲ့ ထက်ဝက်ကို ခွေးတွေ ကျီးတွေကို အစာအဖြစ် ချက်ကျွေးတယ်။ ခွေးကို ငါးဟင်းကျွေးတယ်။ ကျီးကို ဝက်သားဟင်းကျွေးတယ်။

နေ့ရောညပါ သူ့အချိန်အလိုက် ရွတ်ဖတ်နေတယ်။  အဲဒီလိုကြောင့်လား မသိဘူး။ သူ့ဖယောင်တိုင်းက အတော် ရောင်းရတယ်။ လွန်ခဲ့တဲ့ (၄)နှစ်လောက်က ပျံတော်မူသွားပြီ။ ဂုဏ်တော်ပုတီးသာ နေ့တိုင်းစိပ်နေရင် ဘာယတြာမှ ချေစရာမှ မလိုပါဘူး။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)