ဘေးကင်းရန်ကွာ ခရီးသွားလာနိုင်ဖို့

ဒီလိုကာလမှာ မဖြစ်မနေ ခရီးသွားရမယ့်သူတွေအတွက် ဘေးမသီရန်မခ အန္တရာယ်ကင်းကင်း သွားလာနိုင်မယ့် နည်းလမ်းတစ်ခုကို လောကီပညာရှုထောင့်ကနေ ဖော်ပြပေးချင်ပါတယ်။

ခရီးမထွက်ခင် နိမိတ်ဆင်ခြင်

အိမ်ကနေ ခရီး စမထွက်ခင် အိမ်အနီးအပါး၊ ဘေးပတ်ဝန်းကျင်ကို တချက် လေ့လာကြည့်ပါ။ မြင်သာကြားသာ သိသာတဲ့နေရာကနေ ခွေးအူသံ၊ ကျီးအာသံ၊ ခိုက်ရန်ဖြစ်သံ၊ ငိုသံ ကြားရရင် သွားမယ့်ခရီးစဉ်က မအောင်မမြင် ဖြစ်တတ်ပါတယ်။ လမ်းခရီးမှာလည်း အနှောင့်အယှက် များတတ်ပါတယ်။

ဒီထက် သတိပြုရမှာက ခရီးထွက်ခါနီးဆဲဆဲမှာ ကိုယ့်အဝတ်အထည်နဲ့ ချိတ်၊ သံချောင်း တစ်ခုခုနဲ့ ငြိမိနေရင်၊ အထူး အရေးပါတဲ့ ပစ္စည်းတစ်ခုခု မေ့ကျန်မိရင် ၊ ဒါမှမဟုတ် ကိုယ်ပိုင်ပစ္စည်းတစ်ခုခု ကွဲကြေပျက်စီးတာမျိုး ဖြစ်လာရင် ဒီခရီးစဉ်ကို သေချာ ဂရုပြု သွားလာရပါမယ်။ လမ်းခရီးမှာ ဘေးတွေ့တတ်ပါတယ်။ ဖြစ်နိုင်မယ်ဆို ခရီးကို အချိန်ပြောင်းတာ၊ ရွှေ့ဆိုင်းလိုက်တာက ပိုကောင်းပါတယ်။

မေတ္တာသည်သာ အခရာ

ဘယ်လို နိမိတ်တွေပဲ မြင်ရမြင်ရ ဒီခရီးစဉ်ကို မဖြစ်မနေ သွားကိုသွားမှဆိုရင် အောက်ပါအတိုင်း ပြုလုပ်ပေးပါ။

သွားမယ့်နေရာဒေသက ဆိုင်ရာပိုင်ရာတွေကို သေချာစွာ အာရုံပြု မေတ္တာပို့ပေးပါ။ သွားရာလမ်း တလျှောက်မှာ ရှိနေမယ့် အစောင့်အရှောက်တွေကိုလည်း အမျှဝေ၊ မေတ္တာပို့တာမျိုး လုပ်ပေးပါ။ ခရီးသွားလာနေတုန်းမှာလည်း မကြာခဏ သတိရရင် ရသလို မေတ္တာ ပို့ပေးပါ။ ဒေသအလိုက် ဆောင်ရန်၊ ရှောင်ရန်တွေကို လိုက်နာဖို့လည်း လိုအပ်ပါတယ်။ ဥပမာ- အသက်လွတ်စားရမယ်ဆို စားပါ။ စကားကြမ်း၊ မဆဲရဘူးဆိုရင် နူတ်ကို ဆင်ခြင်ပါ။

ခရီး မထွက်ခင် ပြင်ဆင်ဖို့

ခရီးသွားလာခါနီးမှာ အနန္တောအနန္တငါးပါးကို ဦးထိပ်ပန်ဆင် ကန်တော့ပါ။ သွားမယ့်နေရာဟာ သာမန်ထက်ကို အန္တရာယ် ပိုများနိုင်တယ် ဆိုရင် ကိုယ်နဲ့ အနီးစပ်ဆုံး စေတီဘုရားတစ်ဆူကို အရင် ဝင်ရောက်ဖူးမျှော်ပြီးတော့ ဖယောင်းတိုင် အကြီး (၁) တိုင်စီကို ဂြိုဟ်ခွင့်ထောင့်တိုင်းမှာ ပူဇော်ပါ။ ပြီးတော့ ခန္ဓသုတ်တော်လာ အောက်ပါ ဂါထာတော်အပိုဒ်ကို သက်စေ့ရွတ်ဖတ်ပူဇော်ပြီး ဘေးအန္တရာယ်တွေကနေ ကင်းဝေးချမ်းသာရဖို့ ဆုတောင်းပါ။

“ကတာ မေ ရက္ခာ ကတံ မေ ပရိတ္တံ  ပဋိက္ကမန္တု ဘူတာနိ။

 သောဟံ နမော ဘဂဝတော။ နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။”     

ဂါထာရဲ့ အနက်အဓိပ္ပါယ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

“ကျွန်ုပ်သည် အစောင့်အရှောက်ကို ပြုအပ်ပြီ။ အရံအတားကို ပြုအပ်ပြီ။ သတ္တဝါတို့သည် ဖယ်ရှောင်ကြကုန်လော့၊ ကျွန်ုပ်သည် ဘုန်းတော်ကြီးသော မြတ်စွာဘုရားအား ရှိခိုးပါ၏။ ဝိပဿီ စသော ဘုရားခုနှစ်ဆူတို့အားလည်း ဦးညွှတ်ရှိခိုးပါ၏”

အခု ရှင်းပြထားတဲ့အတိုင်း ပြန်ခြုံငုံကြည့်မယ်ဆိုရင် ခရီး မစခင် အိမ်က အထွက်မှာ နိမိတ်တွေ အရင်ကြည့်ဖို့၊ မဖြစ်မနေ သွားရမယ်ဆို မေတ္တာပို့ အမျှဝေတာတွေ လုပ်ဖို့ ၊ ပြီးတော့ အနီးဆုံး စေတီမှာ အလင်းတိုင်တွေကို ပူဇော်ဖို့နဲ့ ခန္ဓသုတ်ပါ ဂါထာတစ်ပိုဒ်ကို သက်စေ့ ရွတ်ဖတ်ပူဇော်ဖို့ ဆိုတဲ့ (၃) ချက်ကို တွေ့ရပါလိမ့်မယ်။

ဒီအတိုင်းသာ တိတိကျကျ လေးလေးနက်နက် လုပ်သွားမယ်ဆိုရင် သွားမယ့်ခရီးမှာ ဘေးအန္တရာယ် ကင်းပြီး လိုရာခရီးပန်းတိုင်ကို ချောချောမွေ့မွေ့နဲ့ ရောက်ရှိနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ – ဧက (ဗေဒင်သုတေသီ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)